Internet နှင့် Web Standards အကြောင်း သိကောင်းစရာ

The Internet’s Origins

1957 ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ကနေ့ခေတ် နည်းပညာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက ကမ္ဘာ့ပထမဦးဆုံးဂြိုဟ်တုဖြစ်တဲ့ စပွတ်နစ် (၁) ကို လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေပါတယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကိုပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကမ္ဘာပတ် လမ်းကြောင်း ပေါ်ကို ဂြိုဟ်တု လွှတ်တင်နိုင်ဖို့ ပြင်ဆင်နေဆဲ အချိန်မှာပဲ သူတို့ရဲ့ အဓိကပြိုင်ဘက်က အရင် လွှတ်တင်နိုင်ခဲ့တဲ့ အတွက် အကြီးအကျယ် တုန်လှုပ် သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ARPA (the Advanced Research Project Agency) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို နည်းပညာသစ်၊ စိတ်ကူး သစ်တွေကို သုတေသနလုပ်နိုင်ရန် ရည်ရွယ်ပြီး အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနက စတင် ဖွဲ့စည်း ခဲ့ပါတော့တယ်။ အဲ့ဒီအဖွဲ့ရဲ့ အကျော်ကြားဆုံး ဖန်းတီးမှု့ကတော့ ကနေ့နည်းပညာ ကမ္ဘာကြီးကို ဖြစ်ပေါ်လာစေတဲ့ အင်တာနက်ပဲ ဖြစ်ပါတယ်။

၁၉၆၀ ပြည့်နှစ်မှာတော့ Joseph Licklider လို့ခေါ်တဲ့ ကွန်ပျူတာသိပ္ပံပညာရှင်က Man-Computer Symbiosis လို့အမည်ပေးထားတဲ့ စာတမ်း တစ်စောင်ကို တင်ပြလာပါတယ်။ အဲ့ဒီစာတမ်းဟာ နက်ဝပ်ကွန်ပျူတာတွေ တည်ဆောက်ဖို့အတွက် စိတ်ကူးအခြေခံတစ်ခု ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ Joseph Licklider ဟာ ARPA ရဲ့ Information Process Office ဥက္ကဌအဖြစ်နဲ့ သုတေသနအဖွဲ့တစ်ခုကို ဖွဲ့စည်း ပေးခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့စိတ်ကူးကို အကောင်အထည်မဖော်ဖြစ်ခင်မှာပဲ အဖွဲ့ကနေ ထွက်သွားခဲ့ပါတယ်။

၁၉၆၇ ခုနှစ် အောက်တိုဘာလမှာ ARPANET လို့အမည်ပေးထားတဲ့ ဒီ ကွန်ပျူတာနက်ဝပ်အစီအစဉ်ကို စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် ဒီဇင်ဘာလမှာတော့ ပထမဦးဆုံး ကွန်ပျူတာနက်ဝပ် လေးခုကို စတင်အသုံးပြုနိုင်ခဲ့ပါတယ်။ အဲ့ဒီ ပထမဆုံး နက်၀ပ်တွေမှာသုံးခဲ့တဲ့ packets switching နည်းစနစ်ဟာ ကနေ့ထိ အသုံးပြုနေဆဲဖြစ်ပါတယ်။

ARPANET ရဲ့ packets switching နည်းစနစ်ကို ဗြိတိန်တက္ကသိုလ်တွေစုပေါင်းထားတဲ့ နက်ဝပ်တစ်ခုဖြစ်တဲ့ JANET နဲ့ အမေရိကန် ပြည်ထောင်စုက အများသုံးနက်ဝပ်လုပ်ငန်းကုမ္ပဏီ CompuServe အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း အသုံးပြု လာကြပါတယ်။ အဲ့ဒီနက်ဝပ်တွေဟာ ကနေ့ခေတ်နဲ့ နှိုင်းယှဉ်ရင် Private Network သာသာမျှသာဖြစ်ပါတယ်။

အ   ခြေခံနည်းစနစ် တူပေမယ့် ကွဲပြားခြားနားတဲ့ ဖွဲ့စည်းပုံတွေကြောင့် အဲ့ဒီနက်ဝပ်တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ကြိုးစားတဲ့အခါမှာတော့ အခက်အခဲတွေ ကြုံလာရပါတော့တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ARPA ရဲ့ satellite network packets project မှာလုပ်နေတဲ့ Robert Kahn နဲ့ စတန်းဖို့တက္ကသိုလ်က Vinton Cerf တို့ပူးပေါင်းပြီး မတူညီတဲ့ နက်ဝပ်စနစ်တွေအတွက် ကြားခံ Mask တစ်ခုအနေနဲ့ ဆောင်ရွက်ပေးနိုင်တဲ့ Protocol စံ တစ်ခုကို ဖန်းတီးပေးခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလမှာ ဖော်ထုပ်ခဲ့တဲ့ အဲ့ဒီနည်းပညာကို “Internet Transmission Control Program” လို့ ခေါ်ခဲ့ပါတယ်။

အဲ့ဒီ Protocol က နက်ဝပ်ရဲ့လုပ်ဆောင်ချက်တွေကို လျှော့ချပြီး ကွန်ပျူတာကို အဓိက အလုပ်လုပ်ခိုင်းလိုက်တဲ့ နည်းစနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်ကတော့ နက်ဝပ်တွေအားလုံးကို ချိတ်ဆက်မယ်ဆိုရင်တောင် ချိတ်ဆက်နိုင်တဲ့ နည်ပညာတစ်ခု ဖြစ်လာတာပါပဲ။ ARPA က လိုအပ်တဲ့ Software တွေကိုပါ တည်ဆောက်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာတော့ မတူကွဲပြားတဲ့ နက်ဝပ်သုံးခုကို အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ Protocol ကို လက်စသတ်နိုင်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှာတော့ အဲ့ဒီ Protocol “TCP/IP” ကို အခြား အဖွဲ့အစည်း တွေကပါ စတင်အသုံးပြု လာကြပါတယ်။ အင်တာနက်ဆိုတာ အဲ့ဒီအချိန်မှာ အစပြုခဲ့ပြီပဲဖြစ်ပါတယ်။

World Wide Web

၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှာ Gopher လို့ခေါ်တဲ့ စနစ်တစ်ခုကို အသုံးပြုလာကြပါတယ်။ အဲ့ဒီစနစ်ဟာ အချက်အလက်တွေကို ရှာဖွေ၊ ဖြန့်ဝေပေးနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုလုံးရဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာပဲ စုထားနိုင်ပြီး Gopher စနစ်နဲ့ အခြားကွန်ပျူတာတွေက ဆက်သွယ် ရယူနိုင်ပါတယ်။

Gopher ကို မင်နီဆိုးတာတက္ကသိုလ်က ဖန်တီးခဲ့တာဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီက အ ခြေအနေတွေကို ပြောင်းလဲသွားစေနိုင်တဲ့ ဆုံးဖြတ်ချက် တစ်ရပ်ကို မင်နီဆိုးတာ တက္ကသိုလ်က ချမှတ်ခဲ့ပါတယ်။ Gopher နည်းပညာ အသုံးပြုသူတွေက အသုံးပြုခ ပေးရမယ်လို့ ကြေငြာခဲ့ခြင်းပြ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Gopher အသုံးပြုနေသူတွေက အခြားနည်းပညာ တစ်ခုခုကို ပြောင်းသုံးဖို့ စဉ်းစားလာ ကြပါတော့တယ်။

ဆွစ်ဇာလန်နိုင်ငံမှာ အ  ခြေစိုက်ထားတဲ့ CERN (The European Council of Nuclear Research Center) ဆိုတဲ့အဖွဲ့အစည်းမှာလည်း Gopher ကို အစားထိုးနိုင်တဲ့ နည်းပညာတစ်ခု ရှိနေပါတယ်။ အဲ့ဒီအဖွဲ့ကTim Berners-Lee ဆိုတဲ့ပညာရှင်က Document တွေအတွင်းမှာ အခြား Document တွေကို Reference လုပ်တဲ့ Link တွေ ထည့်သွင်းနိုင်တဲ့ နည်းပညာတစ်ရပ်ကို ဖန်တီးနေပါတယ်။ အဲ့ဒီ Document တွေကို သူက Hypertext Document လို့ ခေါ်ပါတယ်။ လက်တွေ့အနေနဲ့ Document တွေကို စုစည်းထားပြီး ဖြန့်ဝေပေးနိုင်တဲ့ Server Software တစ်ခုနဲ့ အဲ့ဒီ Document တွေကိုဖတ်နိုင်တဲ့ Program တစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ ဖန်တီးမှုအားလုံးကိုစုပေါင်းပြီး “WorldWideWeb” လို့ အမည်ပေးခဲ့ပါတယ်။ WorldWideWeb စနစ်ကို ၁၉၉၁ ခုနှစ်မှာ ဖန်းတီးခဲ့တာဖြစ်ပေမယ့် လူသုံးများတဲ့ စနစ်တစ်ခုရယ်လို့ ဖြစ်လာဖို့ အချိန်အတိုင်းအတာတစ်ခု စောင့်ခဲ့ရပါတယ်။

၁၉၉၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ WorldWideWeb နည်းပညာရဲ့ Source Code ကို အများကို ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီနည်းပညာကို မည်သူမဆို (အခမဲ့) အသုံးပြုခွင့်ရလာပါတယ်။ ဒါဟာ ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုကို ဖြစ်ပေါ်စေတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနှစ်ထဲမှာပဲ NCSA (National Center of Supercomputing Applications) က Web Browser နဲ့ Gopher Client ကိုပေါင်းစပ်ထားတဲ့ Program တစ်ခုကို ဖန်တီးဖော်ထုပ်ခဲ့ပါတယ်။ Mosaic လို့ ခေါ်ပါတယ်။ အစပိုင်းမှာတော့ Unix Operating System တွေအတွက် ဖန်းတီးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၃ ခုနှစ် ဒီဇင်ဘာလမှာ Mac နဲ့ Windows အတွက်ပါ သီးခြား Version တွေ ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Mosaic နဲ့ WorldWideWeb ဟာ အလျှင်အမြန် ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။

Web Browser တွေလည်း တစ်ခုပြီးတစ်ခု မယုံနိုင်လောက်အောင်များပြားစွာ ပေါ်ပေါက်လာပါတယ်။ အများစုကတော့ တက္ကသိုလ်တွေ၊ ကော်ပိုရိတ်တွေရဲ့ သုတေသနပရောဂျက်တွေ အနေနဲ့  ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

Browser War

Web အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာမှုက ဒီနည်းပညာအပေါ် စီးပွားရေးဆိုင်ရာစိတ်ဝင်စားမှုကို တိုးလာစေခဲ့ပါတယ်။ Marc Andreessen နဲ့ Jim Clark တို့နှစ်ယောက်က NCSA က ထွက်ပြီး Mosaic Communications လုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Nestcape Communications Corporation လို့ အမည်ပြောင်းပြီး Netscape Navigator ဆိုတဲ့ Web Browser ကို ဖန်တီးခဲ့ကြပါတယ်။ Netscape Navigator ရဲ့ Version 1.0 ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ ကြေငြာခဲ့ပါတယ်။

NCSA ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ Sypglass Inc. က သူတို့ရဲ့ Mosaic Browser ကို Microsoft ကို အသုံးပြုခွင့်ပေးလိုက်ပါတယ်။ ၁၉၉၅ ခုနှစ် ဩဂုတ်လမှာ Microsoft Internet Explorer ရဲ့ Version 1 စတင်ပေါ်ပေါက်လာပါတယ်။

နော်ဝေး ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Telenor ကလည်း Opera Web Browser ရဲ့ ပထမဆုံး Version ကို ၁၉၉၄ ခုနှစ်မှာပဲ စမ်းသပ် ထုပ်လုပ်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး အသုံးပြုသူတွေနဲ့ Web Developer တွေကို ဆွဲဆောင်ဖို့ Web Browser တွေက သူ့ထက်ငါကောင်းဖို့ အပြိုင်အဆိုင် ကြိုးစားကြရင်း Browser War ဆိုတာ စတင်ပေါ်ပေါက်လာပါတယ်။

The coming of Web Standards

အဲ့ဒီကာလတွေမှာ Microsoft ရော Netscape ရဲ့ အဓိကဦးတည်ချက်ဖြစ်နေတာက သူတို့ရဲ့ Web Browser မှာ လုပ်ဆောင်ချက်အသစ်တွေ အခြားသူထက်သာအောင် ထပ်ထည့်ဖို့ပဲဖြစ်ပါတယ်။ တစ်ဦးထက် တစ်ဦးကသာဖို့ကိုသာ ဦးတည်နေတဲ့အတွက် တူညီတဲ့ စံ တစ်ခုရ အောင် ညှိနှိုင်းဖို့ဆိုတာမျိုးကို လုံး၀ မစဉ်းစားကြပါဘူး။

အဲ့ဒီအချိန်တွက Web Developer တွေအတွက် စိတ်အညစ်ရဆုံးအချိန်တွေဖြစ်ပါတယ်။ Web Document တစ်ခု တည်ဆောက်ချင်ရင် Document တစ်ခုတည်းကိုပဲ နှစ်မျိုးခွဲပြီး တည်ဆောက်ပေးရလေ့ရှိပါတယ်။ ဒါမှ အဓိက Web Browser နှစ်ခုစလုံးမှာ ကြည့်လို့ရမှာပါ။ တစ်ခါတစ်ရံ တော့လည်း Web Browser တစ်ခုတည်းအတွက်ကိုပဲ ရည်ရွယ်တည်ဆောက်ရတာတွေ ရှိလာပါတယ်။ အခြား Browser နဲ့မကြည့်ရလို့ သတ်မှတ်ရတာတွေ ဖြစ်လာပါတယ်။

The Formation of W3C

၁၉၉၄ ခုနှစ်မှာ Tim Berners-Lee က World Wide Web Consortium (W3C) ကို တည်ထောင်ခဲ့ပါတယ်။ CERN နဲ့ DARPA လိုအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုနဲ့ MIT (မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်) အတွင်းမှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ (မှတ်ချက် – ARPA က အဖွဲ့အစည်းရဲ့အမည်ကို DARPA လို့ ပြောင်းလဲမှည့်ခေါ်နေပြီဖြစ်ပါတယ်)

W3C ရဲ့ အဓိကရည်ရွယ်ချက်ကတော့ Web နဲ့ပက်သက်တဲ့ Protocol တွေ နည်းပညာတွေအားလုံးအတွက် စံနှုန်းတွေ သတ်မှတ်ပေးဖို့ပဲ ဖြစ်ပါတယ်။ သတ်မှတ်စံနှုန်းတွေကို တစ်ညီတစ်ညွတ်တည်း လိုက်နာကြပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခါ Web နည်းပညာက ကမ္ဘာအနှံ့ ပိုမိုပြန့်နှံ့တွင်ကျယ်လာစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

နောက်နှစ်အချို့အတွင်းမှာ HTML, PNG, CSS အစရှိတဲ့ စံ အချို့ကို သတ်မှတ်ပေးနိုင်ခဲ့ပါတယ်။

W3C ဟာ စံသတ်မှတ်ချက်ကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်ပါတယ်။ အဲ့ဒီ စံတွေကို လက်တွေ့လိုက်နာရမှာက Browser ထုပ်လုပ်သူတွေနဲ့ Web Developer တွေနဲ့ အခြား Web နည်းပညာကို အသုံးပြုနေသူတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် Web နည်းပညာကသာ ကျယ်ပြန့်လာပါတယ်၊ W3C နဲ့ သူ့ရဲ့ သတ်မှတ်ချက်တွေကို သိရှိလိုက်နာနိုင်သူ နည်းနေသေးတဲ့အတွက် အစောပိုင်းမှာ Browser War က ဆက်လက်တည်ရှိနေခဲ့ပါတယ်။ အမှန်တော့ ကနေ့ထိလည်း ရှိနေဆဲဖြစ်ပါတယ်။

The Web Standards Project

1998 ခုနှစ်အထိ အဓိက Web Browser တွေအနေနဲ့ Microsoft Internet Explorer 4 နဲ့ Netscape Navigator 4 ဆိုပြီး နှစ်ခု ရှိနေပါတယ်။ Internet Explorer 5 Beta ထွက်လာချိန်မှာတော့ သူ့မှာ DHTML ဆိုတဲ့ သီးခြားနည်းပညာတစ်ခု ပါလာပါတယ်။ အဓိပ္ပါယ်က Professional Web Developer တွေအနေနဲ့ JavaScript တွေရေးဖို့ မတူကွဲပြားခြားနားတဲ့ နည်းလမ်း (၅) မျိုးလောက် သိထားဖို့ လိုအပ်လာတယ်ဆိုတဲ့သဘော ဖြစ်နေပါတယ်။

Web Standards Project” (WaSP) လို့ခေါ်တဲ့ Professional Web Developer တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ အဲ့ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်ကMicrosoft နဲ့ Netscape တို့ကို W3C သတ်မှတ်ချက်တွေအတိုင်း လိုက်နာဖို့ တွန်းအားပေးနိုင်ရန် ဖြစ်ပါတယ်။

အဲ့ဒီအဖွဲ့ရဲ့ပထမဆုံးလုပ်ဆောင်ချက်ကတော့ Web Standard နဲ့ပက်သက်တဲ့ ကြော်ငြာတွေကို Web Site တွေမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ထည့်သွင်းကြခြင်းပဲ ဖြစ်ပါတယ်။ ဘယ် Site ကိုပဲ ကြည့်ကြည့် Web Standards အကြောင်းကို တွေ့နေရမှာဖြစ်ပါတယ်။ သူတို့ရေးသားတဲ့ Web Standards နဲ့ပက်သက်တဲ့ စာတွေဟာ builder.com တို့ Wired Online တို့လို Site တွေကနေ နေရာအနှံ့ကို အလျှင်အမြန် ပျံ့နှံ့သွားပါတယ်။

ဒုတိယနည်းလမ်းက သိပ်မကောင်းပေမယ့်လည်း အောင်မြင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ စံနှုန်းကို မလိုက်နာတဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ Browser တွေကို ရှုတ်ချခြင်းပဲ ဖြစ်ပါတယ်။ W3C မှာ အမြဲတမ်းဝန်ထမ်းက နည်းနည်းပဲ ရှိပါတယ်။ စံနှုန်းတွေသတ်မှတ်ဖို့ကို Microsoft, Opera, Apple, Google, IBM, Mozilla, Adobe စတဲ့ အဖွဲ့ဝင်ကုမ္ပဏီတွေက  စေတနာ့ဝန်ထမ်း ကူညီပေးနေတာဖြစ်ပါတယ်။ WaSP က (အထူးသဖြင့်) W3C မှာ ပါဝင်နေပြီး W3C သတ်မှတ်ချက်တွေကို မလိုက်နာတဲ့ ကုမ္ပဏီတွေကို ရှုတ်ချလှောင်ပြောင်တာဖြစ်ပါတယ်။

ဒါမကောင်းဘူးလို့ ပြောရင်ရပေမယ့် သူတို့က ပြောယုံပြောနေတာမဟုတ်ပါဘူး။ လက်တွေ့အကောင်းအထည်ဖော်ပြီးတော့လည်း Web Standards ကို ကူညီပေးပါတယ်။

The Rise of Web Standards

၂၀၀၀ ပြည့်နှစ်မှာ Microsoft က Mac အတွက် Internet Explorer 5 ကို စတင်ဖြန့်ချီခဲ့ပါတယ်။ ဒါဟာ အရေးပါတဲ့ကာလတစ်ခုဖြစ်ပြီး Internet Explorer က Web Standards ကို သင့်တင့်တဲ့ အတိုင်းအတာတစ်ခုထိ လိုက်နာလာခဲ့ပြီဖြစ်ပါတယ်။

WaSP က Netscape ရဲ့ Navigator 5 ကို မဖြန့်သေးပဲ Web Standards ကို အတိုင်းအတာတစ်ခုထိ လိုက်နာနိုင်ပြီဆိုမှဖြန့်ဖို့ ဖိအား ပေးခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်က လက်ရှိ Popular Browser တစ်ခုဖြစ်တဲ့ Firefox ရဲ့အစပဲဖြစ်ပါတယ်။

၂၀၀၁ ခုနစ်မှာတော့ ကျော်ကြားတဲ့ Web Development Site တစ်ခုဖြစ်တဲ့ “A List Apart” က ဒီလိုပြောလာခဲ့ပါတယ်။

ခြောက်လကနေ အလွန်ဆုံး (၂) နှစ်အတွင်းမှာ Web Site တွေအားလုံးဟာ Web Standards နဲ့အညီ ပြောင်းလဲ တည်ဆောက်လာကြလိမ့်မယ် […] ဒါကြောင့် ကျွန်တော်တို့က စံနှုန်းတွေကို အသေအချာ စတင်လေ့လာရတော့မယ်။

ဒါ နည်းနည်းတော့ အကောင်းမြင်လွန်းရာကျပါတယ်။ ၂၀၀၈ ခုနှစ်လောက်ရောက်တဲ့အထိ Web Site အားလုံးက စံနှုန်းတွေကို တိတိကျကျ လိုက်နာနိုင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူအများစုက လက်ခံကြပါတယ်။ စံနှုန်းတွေကို မလိုက်နာတဲ့ Browser အဟောင်းတွေကို အသုံးမပြုကြတော့ပါဘူး။ အရေးအကြီးဆုံး Web Site နှစ်ခုကလည်း စံနှုန်းတွေနဲ့အညီ ပြောင်းလဲ တည်ဆောက်လာခဲ့ပါတယ်။ Wired မဂ္ဂဇင်း နဲ့ ESPN တို့ပဲ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ Web Site တစ်ခု ပေါ်ပေါက်လာပါတယ်။ CSS Zen Garden ဖြစ်ပါတယ်။ အဲ့ဒီ Site က CSS Style ကိုပြောင်းလိုက်ယုံနဲ့ (Content ကို ထိစရာမလိုပဲ) Site တစ်ခုလုံးရဲ့ Design ကို အမျိုးမျိုးပြောင်းနိုင်တယ်ဆိုတာကို လုပ်ပြခဲ့ပါတယ်။ Professional Web Developer တွေအားလုံး ဒီရလဒ်ကိုကြည့်ပြီး စိတ်လှုပ်ရှားကုန်ပါတယ်။

အဲ့ဒီနောက်ပိုင်းကစပြီး Web Standards သည်သာလျှင် Web Site တွေတည်ဆောက်ဖို့အတွက် အထိရောက်ဆုံးနဲ့ တစ်ခုတည်း သော နည်းလမ်း ဖြစ်လာခဲ့တာပဲ ဖြစ်ပါတော့တယ်။

HTML5

W3C က Web Document တွေတည်ဆောက်ရန် စံနှုန်းအနေနဲ့ HTML ဆိုတဲ့ Markup Language ကို သတ်မှတ်ပေးထားပါတယ်။ လက်ရှိ Web ပေါ်မှာ အတွင်ကျယ်ဆုံး အသုံးပြုနေတဲ့ HTML 4.01 ကို ၁၉၉၉ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ မပြီးစီးခင် ၁၉၉၈ ခုနှစ်မှာ W3C က Workshop တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ Workshop က “အနာဂါတ် Web အတွက် Markup Language ဟာ ပိုမိုစနစ်ကျတဲ့ XHTML ပဲဖြစ်တယ်” လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါနဲ့ပဲ W3C က HTML 4 နဲ့အပြိုင် XHTML ဆိုတဲ့ Markup Language တစ်ခုကို ဖန်တီးခဲ့ပါ  တော့တယ်။

၂၀၀၀ ပြည့်နှစ်မှာတော့ XHTML ရဲ့ Version 1 ကို လက်စသတ်နိုင်ခဲ့ပါတယ်။ XHTML 1.0 အမှန်တော့ HTML 4.01 နဲ့ သိပ်မကွာလှပါဘူး။ ထူးခြားတာက XHTML က XML ရဲ့ တိကျတဲ့ ရေးဟန်နဲ့ ရေးသားအသုံးပြုရခြင်းပဲ ဖြစ်ပါတယ်။

XHTML 1.0 ထွက်ပြီးမကြာခင်မှာပဲ ပိုမိုပြည့်စုံထူးခြားတဲ့ ဖြည့်စွက်ချက်တွေနဲ့ XHTML 2.0 ကို ဆက်လက်အကောင်အထည် ဖော်ခဲ့ကြပါတယ်။ ဒါပေမယ့် W3C က အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ XHTML 2.0 ဟာ လက်ရှိအများစုအသုံးပြုနေတဲ့ Markup တွေအတွက် Backward Compatible မဖြစ်နိုင်ဘူး ဖြစ်နေပါတယ်။ အဲ့ဒီအချိန်က လူသုံးအများဆုံး Browser ဖြစ်နေတဲ့ Internet Explorer ကဆိုရင် XHTML ရဲ့ Mime Type ဖြစ်တဲ့ application/xhtml+xml ဆိုတာကို လုံးလုံးကို နားမလည်ပါဘူး။ Web Developer တွေကလည်း ပိုမိုပြည့်စုံကောင်းမွန်တဲ့ HTML Version အသစ်ကို မျှော်လင့်နေပေမယ့် XHTML 2.0 ကတော့ Web Developer အများစုမျှော်လင့်နေတဲ့ နည်းပညာစံအသစ်ရဲ့ပုံစံနဲ့ ကွဲပြားနေပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ WHATWG (Web Hypertext Application Technology Working Group) ဆိုတဲ့ အဖွဲ့အစည်းတစ်ရပ်ကို Web Developer တွေ စုပေါင်း ဖွဲ့စည်းလိုက်ကြပါတယ်။ အဲ့ဒီအဖွဲ့မှာ Mozilla နဲ့ Opera က Representative တွေ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ Apple ကလည်း ပါဝင်လာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Web Application တွေတည်ဆောက်ဖို့အတွက် ပိုမိုပြည့်စုံကောင်းမွန်ပြီး Backward Compatible ဖြစ်တဲ့ HTML version အသစ်တစ်ခုကို ဖန်တီးအဆိုပြုနိုင်စေဖို့ပဲဖြစ်ပါတယ်။

ရလဒ်အနေနဲ့ Web Application 1.0 Spec ဆိုတဲ့ စံနှုန်းတစ်ခုကို သတ်မှတ်နိုင်ခဲ့ပါတယ်။ စံသတ်မှတ်ချက်ထဲမှာ မ ပါဝင်ပေမယ့် Web Browser တွေက သဘောတရားတူညီစွာ ထောက်ပံ့ပေးထားတဲ့ Feature တစ်ချို့ရှိပါတယ်။ ပြီးတော့ Web Developer တွေကြားထဲမှာလည်း တစ်ဦးနဲ့တစ်ဦး (မရည်ရွယ်သော်လည်း) တူညီစွာအသုံးပြုနေတဲ့ နည်းစနစ်လေးတွေ ရှိနေပါတယ်။ Web Application 1.0 Spec အဲ့ဒီအချက်တွေကို ပိုမိုစနစ်ကျအောင် စုစည်းပြီး စံနှုန်းတစ်ခုရယ်လို့ ဖြစ်လာအောင် ဖော်ဆောင်သတ်မှတ်ပေးထားတာပဲဖြစ်ပါတယ်။

အကြိမ်ကြိမ်ဆွေးနွေးတိုင်ပင်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ W3C က မည်သူမဆို ပါဝင်နိုင်တဲ့ HTML Working Group ကို ၂၀၀၇ ခုနှစ် မတ်လမှာ ပြန်လည်အစ်ပြုခဲ့ပါတော့တယ်။ ပါဝင်ဆောင်ရွက်သူ တစ်ရာကျော်ရှိလာပါတယ်။ အဲ့ဒီ W3C HTML Working Group ရဲ့ ပထမဦးဆုံးဆုံးဖြတ်ချက်ကတော့ Web Application 1.0 Spec ကို အသိအမှတ်ပြုပြီး HTML5 လို့ ခေါ်ကြဖို့ပဲဖြစ်ပါတယ်။

HTML5 ဟာ Web Developer တွေ Web Designer တွေအတွက် အလွန်ကောင်းမွန်တဲ့ Markup Language တစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ –

  • HTML5 ဟာ ယခင်ကတည်းကအသုံးပြုနေတဲ့ HTML 4.01 တို့ XHTML 1.0 တို့နဲ့ လုံး၀ Backward Compatible ဖြစ်ပါတယ်။ ယခင် Version အဟောင်းကို အသုံးပြုနေသူတွေအနေနဲ့ အသစ်ပြန်လေ့လာနေစရာ မလိုအပ်ပါဘူး။ ဖြည့်စွက်ပါဝင်လာတဲ့ API တွေဟာဆိုရင်လည်း Web Developer တွေ ယခင်ကတည်းက အသုံးပြုနေတဲ့ နည်းစနစ်တွေကို အ ခြေခံထားခြင်းသာဖြစ်ပါတယ်။
  • ယခင်က Plugins တွေ အသုံးပြုပြီး (သို့မဟုတ်) ရှုပ်ထွေးတဲ့ Javascript တွေရေးပြီး ဖြေရှင်းမှ ရနိုင်တဲ့ ကိစ္စတွေဟာ HTML5 မှာတော့ Features အနေနဲ့တစ်ခါတည်း ပါဝင်လာပါတယ်။ ဥပမာ Form Validation နှင့် Video။
  • မူလ HTML ဟာ Static Web Document တွေအတွက် စဉ်းစားဖန်တီးထားတာဖြစ်ပါတယ်။ HTML5 ကတော့ Web Application တွေတည်ဆောက်နိုင်ဖို့အတွက် စဉ်းစားဖန်တီးထားတာပါ။
  • ပိုမိုရှင်းလင်းစွာသတ်မှတ်ထားတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေကြောင့် Web Browser တွေက Parse လုပ်ရတာ ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။ ဒါကြောင့် အရင်ကရှိနေတဲ့ Browser တစ်ခုနဲ့တစ်ခုမတူညီမှု ပြဿနာဟာ HTML5 နဲ့ဆိုရင် ပြေလည်သွားမှာဖြစ်ပါတယ်။

HTML5 ကို W3C က ၂၀၀၈ ခုနှစ်မှာ စတင်ကြေငြာခဲ့ပါတယ်။

What does HTML5 mean to me?

လိုရင်းတိုရှင်းပြောရရင်တော့ HTML5 မှာ အနာဂတ် Web ရဲ့ အဓိကနည်းပညာဖြစ်ပါတယ်။ သင်က Web Developer ဒါမှမဟုတ် Web Designer ဒါမှမဟုတ် Web နည်းပညာကိုလေ့လာနေသူတွေအနေနဲ့ HTML5 ကို အမြန်ဆုံးစတင်လေ့လာသင့်ပါတယ်။ HTML5 မှာပါဝင်တဲ့ Features တွေက သင်လက်ရှိလုပ်နေတဲ့ Web Develop လုပ်ငန်းတွေကို လွယ်ကူမြန် ဆန်အောင် အများကြီးကူညီပေးနိုင်ပါတယ်။ ပြီးတော့ HTML5 ကို လေ့လာထားခြင်းဟာ အနာဂါတ်ရဲ့ အဓိကနည်းပညာကို လေ့လာခြင်းဖြစ်လို့ Future Proof ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အကယ်၍ သင်ဟာ Web နည်းပညာကိုလေ့လာနေပြီး သင့်ရဲ့ ဆရာကသင့်ကို HTML5 နဲ့ Web Standards တွေကို သင်မပေးဘူးဆိုရင် ဒီ Article ကို ပြလိုက်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

ကျေးဇူးတင်ပါတယ်…

[ Ei Maung ]

ref 1: http://dev.opera.com/articles/view/2-the-history-of-the-internet-an…

ref 2: http://dev.opera.com/articles/view/get-familiar-with-html5/

Facebook comments:

6 Responses

  1. ahkeno says:

    great post ! Ko Ei Maung all of your post are brilliant and useful for us..
    Cheer..

  2. IT world says:

    Need to upgrade your knowledge. Stop fighting with other pro. Don’t be a big mouth.

  3. wai lin says:

    thanks a lot ko ei maung and and also ZMS for your link.
    thus the real technician who share the knowledge.
    keep rolling.

  4. kyawminlwin says:

    Many thanks for sharing knowledge

Leave a comment


*