Doing Business in a Simple Way
ကျွန်တော် ဒီနေ့ ကိုဇော်ဇော်မျိုးလွင်တို့ စီစဉ်တဲ့ Techno Biz & Solo hit ဆိုတဲ့ ပွဲကို တက်ဖြစ်ပါတယ်။ အဲဒီလို တက်ဖြစ်တဲ့ နေရာမှာ ချိန်းထားတဲ့ အချိန်ထက် အတော်လေးကို နောက်ကျသွားတဲ့အတွက် အရင်ဆုံး ကိုဇော်ဇော်မျိုးလွင်ကို တောင်းပန်ပါတယ်။
ကျွန်တော် ရောက်တဲ့အချိန်မှာ ကိုအိမောင်က Is this the right time to start-up a software business? ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ကိုအိမောင်အဓိက ပြောသွားတဲ့ အကြောင်းအရာက တကယ့် SME တွေမှာ ဝယ်လိုအားတွေရှိနေပြီ ဆိုတဲ့အကြောင်း အဲဒါတွေကို ရောင်းနိုင်တဲ့ Product တွေ မရှိသေးဘူးဆိုတဲ့ အကြောင်းကို အဓိက ပြောသွားပါတယ်။ ကျွန်တော်ကတော့ Doing Business in a simple way ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး ဖြစ်ပါတယ်။
ကျွန်တော် ငယ်ငယ်က အဖေသင်ပေးခဲ့တဲ့ သားတို့ ဆောင်ပုဒ်ဆိုတဲ့ စာတိုလေး ရှိပါတယ်။ အချက် (၅)ချက်ပါပါတယ်။ အဲဒီအချက်တွေထဲမှာ
ရိုးသားသူ၊ ကြိုးစားသူ၊ ပျော်ပျော်နေတတ်သူ ဖြစ်သည် ဆိုတဲ့ စာတစ်ကြောင်း ပါပါတယ်။ အဲဒီစာမှာ ပါတဲ့ ရိုးသားသူဆိုတဲ့ ကိစ္စကို ကျွန်တော် သံသယဖြစ်မိတဲ့ အကြောင်းနဲ့ စပြောဖြစ်ပါတယ်။ ကျွန်တော်ဆိုတဲ့ ကောင် ဘယ်လိုဘဝပေး ကုသိုလ်လဲမသိ သူများအလုပ်ကို လုံးဝ မလုပ်ချင်ပါဘူး။ အဲဒီတော့ ကျွန်တော့မှ ရွေးစရာက တစ်လမ်းပဲ ရှိပါတယ်။ ကိုယ်ပိုင် လုပ်ငန်းလုပ်ဖို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ Generation မှာ မေးလေ့ရှိတဲ့ မေးခွန်းတွေရှိပါတယ်။ အဲဒါကို နားလည်အောင် ရိုးရိုးရှင်းရှင်း ပြောရရင် ဆရာ မြေမှုန်လွင် ရေးတဲ့ နှစ်ပိုင်း တစ်ပိုင်းကိုပဲ ပြန်ညွှန်းရပါမယ်။
- လူကြီးသားနဲ့ပေါင်းမလား။
- နိုင်ငံခြားကို ညောင်းမလား။
ဆိုတဲ့ မေးခွန်းနှစ်ခုပဲရှိပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်မလားလို့ ဘယ်သူမှ မမေးပါဘူး။ ကျွန်တော့ အဖေ၊ အမေတွေက ဝန်ထမ်းတွေဆိုတော့ ကိုယ်ပိုင် လုပ်ငန်းနဲ့ အလှမ်းဝေးတဲ့အတွက် ဘယ်တော့မှ အားမပေးတဲ့ လုပ်ငန်းက ကိုယ်ပိုင် လုပ်ငန်းပါ။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီ မေးခွန်းနှစ်ခုကို လစ်လျူရှုပြီး ကိုယ်ပိုင်လုပ်ငန်းကို ရိုးရိုးရှင်းရှင်း နည်းလမ်းနဲ့ လုပ်လို့ မရဘူးလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့ပါတယ်။ ဒါက ကျွန်တော့ Topic ရဲ့ အဓိက Main Theme ပါပဲ။
တကယ်တန်း ကိုယ်ပိုင်လုပ်ငန်းကို လုပ်တဲ့အခါမှာ အဖေငယ်စဉ်က သင်ပေးခဲ့တဲ့ ကျွန်တော် ကိုယ်တိုင် လက်ကိုင်ထား ကျင့်သုံးတဲ့ ရိုးသားသူ ဆိုတဲ့ စကားလုံးအပေါ်မှာ ကျွန်တော် အကြိမ်ကြိမ် သံသယဖြစ်တာ အဲဒီလို ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ရိုးရိုးရှင်းရှင်း နည်းလမ်းနဲ့ စလုပ်ကတည်းက အကြိမ်ကြိမ်ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပေါင်းလုပ်လို့ မရဘူး။ နှစ်ယောက်ပေါင်းရင် သုံးဖွဲ့ကွဲပါတယ်။ ဘီလူးစည်း လူ့စည်းမထားပဲ လျှင်သူ စားစတမ်းတွေလဲ ခံခဲ့ရပါတယ်။ သမာရိုးကျ နည်းလမ်းတွေနဲ့ မဟုတ်ပဲအောင်မြင် ကြီးပွားနေသူတွေကို တွေ့တဲ့အခါမှာလဲ ရိုးသားသူဆိုတာကို သံသယဖြစ်ပါတယ်။ နောက် အဖေတို့ အမေတို့က မင်းဘာမှ မဖြစ်သေးဘူးလားဆိုရင်လဲ ရိုးသားသူ ဆိုတာကို သံသယဖြစ်ပြန်ပါတယ်။ နိုင်ငံခြားကို ညောင်းမလားဆိုတော့ ဘယ်လို ဘဝပေးကုသိုလ်ရယ်မသိ မရောက်ပါဘူး။ ဒီတော့ ရိုးသားသူဆိုတဲ့ အပေါ်မှာ အြမဲတမ်း သံသယတွေနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ပါချီပါချက်လေးကို စခဲ့ပါတယ်။
ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေးလို့ ဆိုလိုက်တာနဲ့ Entrepreneur လို့ ပြောလို့ရမယ်ထင်ပါတယ်။ အဲဒီလို စွန့်ဦးသမားတွေ အနေနဲ့ ကျွန်တော်တို့တွေပဲ ခက်နေတာလား။ စင်္ကာပူ မခက်ဘူးလား။ အမေရိကန် မခက်ဘူးလား။ အဲဒီလို လေ့လာကြည့်တော့ သူတို့နဲ့ ကျွန်တော်တို့ ကွာခြားချက်တစ်ခု သွားတွေ့ပါတယ်။ ဒါပေမယ့် ခက်တာခြင်းတော့ အတူတူပါပဲ။ သူတို့ဆီမှာ Start-up လုပ်ဖို့ လွယ်တယ်။ ကျွန်တော်တို့ဆီ Start-up လုပ်ဖို့ခက်ပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ Start-up တွေ အမှန်တကယ် အသက်ရှင်သန်ဖို့ အရမ်းခက်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ သူတို့လောက် မခက်တော့တာ တွေ့ရပါတယ်။ သူတို့ဆီမှာက Highly Competitive Field (ယှဉ်ပြိုင်မှုပြင်းထန်တဲ့ အသိုင်းအဝိုင်း) ထဲမှာ စရတာ ဖြစ်တဲ့အတွက် Idea က Exceptional (ထူးခြားနေဖို့၊ သူများနဲ့ မတူဖို့) လိုနေပါတယ်။ အဲဒီအပြင် ပွဲတက်လာတဲ့ ဆွေးနွေးသူ တစ်ယောက် ပြောတဲ့ Executional Skill တွေလဲ အများကြီးလိုပါတယ်။ ပြောရရင်တော့ သူတို့ အိုင်တီ ထုတ်ကုန်တွေကို ဘယ်လိုလူသုံးအောင်လုပ်မလဲပေါ့။ ကျွန်တော်တို့ ဆီမှာတော့ ကိုထူးမြင့်နောင်ရဲ့ စကားကိုပဲ ပြန်သုံးရမယ်ဆိုရင် Product တစ်ခုထုတ်လို့ ခြောက်လကြတာတောင် ပြိုင်ဖက် ပေါ်မလာဘူးလို့ သိရပါတယ်။ ဒီလို Start-up တွေ လုပ်ရတာ ကျွန်တော်တို့ဆီမှာ အစိုးရ Grant တွေ မရှိပါဘူး။ နောက် Angle Investor တွေ၊ Venture Capitalist တွေလဲ မရှိပါဘူး။ နောက် ဘယ်လို ဆွေးနွေးတိုင်ပင်စရာ Firm တစ်ခုမှ မရှိပါဘူး။
မှန်ပါတယ်။ အဲဒီအြပင် ကျွန်တော်တို့ ကိုယ်ပိုင်လုပ်ငန်းစဖို့ အရင်းအနှီးအတွက်ကလဲ ထူးအိမ်သင်ရဲ့ အမေ့အိမ်ကလွဲလို့ ဘယ်နေရာမှ တကယ့်ကို အစစ်အမှန် Investor ရှာဖို့ မလွယ်ပါဘူး။ ရှာလို့ရရင်တောင်မှ ကိုထူးမြင့်နောင် ပြောသလို Money Trader တွေ ငွေရင်းငွေပေါ်တာကို လိုချင်တဲ့သူတွေပဲ များပါတယ်။ တကယ့် အစစ်အမှန် ပလုံလဲခံမယ်ဆိုတဲ့ Investor က အမေ့အိမ်ပဲ ရှိနေပါတယ်။ ဒါပေမယ့် စလိုက်ပြီး လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် Survive ဖြစ်ဖို့ ပိုလွယ်နေတာ တွေ့ရပါလိမ့်မယ်။ အဲဒီနေရာမှာ ကိုထူးမြင့်နောင် ကျွန်တော်တို့ဆီမှာ ကျောင်းသားတွေနဲ့ လာဆွေးနွေးတုန်းက ကိုမင်းယွန်းသစ်က မေးပါတယ်။ မြန်မာပြည်မှာ အိုင်ပီတွေ မရှိသေးတဲ့အတွက် Product ထွက်ဖို့ ထိခိုက်နိုင်သလားလို့ မေးပါတယ်။ အဲဒီတော့ ကိုထူးမြင့်နောင်က ကျွန်တော်က အဲဒီလို IP မရှိတာကိုက ကျွန်တော့အတွက် အခွင့်အရေးလို့ မြင်ပါတယ်တဲ့။ အဲဒီလို အခွင့်အရေးလို့ မြင်တတ်ရင် မြန်မာပြည်မှာ လုပ်စရာအကွက်တွေ အများကြီး ရှိနေပါတယ်။
ခုချိန်မှာတော့ ကျွန်တော့အနေနဲ့ Doing Business in a Simple Way ဆိုတာကို လုံးဝယုံကြည်ပါတယ်။ ကျွန်တော်တို့ဆီမှာ လုံးဝလုပ်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ အခက်အခဲ တစ်ချို့တစ်လေကို ကျော်လိုက်ရင်ပေါ့။ ဘယ်လို အခက်အခဲတွေလဲ ဆိုရင်
ကျွန်တော်တို့ အချိန် မပေးနိုင်ပါဘူး
Start-up တစ်ခု ရပ်တည်နိုင်ဖို့၊ နောက်အောင်မြင်ဖို့၊ နောက် ရေရှည်တည်မြဲတဲ့ အနေအထားရောက်ဖို့ အချိန်အလုံအလောက်ပေးဖို့ လိုပါတယ်။ အဲဒီလို အချိန်ကို ကျွန်တော်တို့ မပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ ပေးနိုင်တယ်ဆိုဦးတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်က မပေးနိုင်ပါဘူး။ အဖေ၊ အမေ ညီအကို မောင်နှမတွေက အချိန်မပေးနိုင်ပါဘူး။ ဘယ်သူတော့ဖြင့် နိုင်ငံခြားမှာ ဘယ်လောက်ရနေပြီ။ မင်းကတော့ ခုချိန်ထိ ဒုံရင်းက ဒုံရင်းပဲ။ ဘယ်သူကတော့ဖြင့် ဘယ်သူနဲ့ ပေါင်းပြီး ဘယ်လို ပါမစ်တွေ ရကုန်ပြီ။ မင်းက ဘာမှ မဖြစ်သေးဘူးလား စသည်ဖြင့် မျိုးစုံ ဖိအားတွေ ပေးကြပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ ပထမ အခက်အခဲပါ။
နည်းပညာကိုပဲသိတယ် စီးပွားရေးကို မသိဘူး
ဒါလဲ နည်းပညာသမားတွေရဲ့ ပြဿနာ တစ်ခုပါပဲ။ နည်းပညာနောက်ကို လိုက်နေတာ အရမ်းများပြီး စီးပွားရေး ဘယ်လိုလုပ်ရမယ်ဆိုတာကို မလေ့လာဖြစ်တော့ပါဘူး။ တကယ်တန်း ပိုခက်တာကလဲ အဲဒီလို စီးပွားရေး ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အချက်ပါ။ နိုင်ငံတကာမှာ အိုင်တီနဲ့ စီးပွားရေး လုပ်ပြီး အောင်မြင်ကြတယ် ဆိုတဲ့နေရာမှာ ကျွန်တော် ဖတ်ဖူးတာ တစ်ခုပြန်ညွှန်းရမယ် ဆိုရင် သူတို့ နည်းပညာပေးနေတဲ့ နေရာတွေက စီးပွားရေးလုပ်ငန်းတွေပါ။ အဲဒီတော့သူတို့တွေက Business Analysis တွေ အများကြီး လုပ်ရပါတယ်။ အဲဒီအခါ သူတို့ဆီမှာ စီးပွားရေးလုပ်နည်း လုပ်ဟန်တွေကို လေ့လာပြီးသား ဖြစ်သွားစေပါတယ်။ အဲဒီတော့ နည်းပညာသမားလဲ ဖြစ်၊ စီးပွားရေးကိုလဲ နားလည်တော့ ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တာ မဆန်းဘူးလို့ ဆိုပါတယ်။ ကျွန်တော်တို့တွေ နည်းပညာအပြင် စီးပွားရေးပါ တွဲလေ့လာမှသာ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်မယ်လို့ ကောက်ချက်ဆွဲရမယ် ထင်ပါတယ်။
ကျွန်တော်တို့ မပေါင်းနိုင်ကြဘူး
ဒါကလဲ ပြောမဆုံးနိုင်တဲ့ တော့ပစ်တစ်ခု အဖြစ်ရှိနေတုန်းပါပဲ။ ကျွန်တော် ဒီမှာတော့ တစ်ကိုယ်တည်း ကြိတ်ကြတဲ့ အကြောင်းမှာရေးပြီးတဲ့အတွက် မရေးတော့ပါဘူး။ ကျွန်တော်တို့ ရေစုန်မှာ အတူပျော်ပျော်ကြီး မျောခဲ့ကြပေမယ့် ရေဆန်ကိုတော့ အတူတူမတက်ခဲ့ဘူးကြပါဘူး။ အဲဒီအတွက် ပေါင်းလုပ်ဖို့ အလေ့အထတွေ အင်မတန်နည်းခဲ့တဲ့အတွက် ပေါင်းနိုင်ကြဖို့ အရေးက ဝေးနေကြဦးမှာပါပဲ။
ကျွန်တော်တို့မှာ အကြိမ်ကြိမ် ရှုံးပိုင်ခွင့်မရှိဘူး
အဲဒါနဲ့ ပတ်သက်ပြီး ပွဲမှာ ဆွေးနွေးသူတစ်ယောက် ပြောသွားတာကိုပဲ ပြန်ညွန်းချင်ပါတယ်။ သူတို့ဆီမှာ အစိုးရ Grant တွေနဲ့ အခြားအထောက်အပံ့ ကောင်းကောင်းတွေနဲ့ Start-up တွေ ကျွန်တော်တို့ဆီမှာထက် လွယ်လွယ်စလို့ရပါတယ်။ ဒါပေမယ့် အဲဒီလို Start-up တိုင်း မအောင်မြင်တာ ရာခိုင်နှုန်း အင်မတန်များတယ်လို့ သိရပါတယ်။ အဲဒီလို မအောင်မြင်တာများတာကို အစိုးရက ဘာဖြစ်လို့ အထောက်အပံ့ပေးထားပါသလဲ။ သူပြောတဲ့ သဘောက Eco-system တစ်ခု ဖြစ်လာအောင် ရည်ရွယ်တယ်လို့ သိရပါတယ်။ Failed Stage တွေကနေ သင်ယူပြီး အောင်မြင်တဲ့ Start-up တွေ ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ အကြိမ်ကြိမ် ရှုံးနိမ့်ခွင့်ရှိတယ်ပေါ့။ ကျွန်တော်တို့ဆီမှာတော့ အဲဒီလို အကြိမ် ကြိမ် ရှုံးနိမ့်ခွင့် မရှိပါဘူး။
ကျွန်တော် အတွေ့အကြုံအရတော့ တစ်ကြိမ်ရှုံးတာနဲ့ မိဘတွေကို အနိုင်ပေးလိုက်ရတတ်ပါတယ်။ ကျွန်တော်ကတော့ မိဘတွေကို အနိုင်မပေးပဲ ဆက်ကြိတ်ဖြစ်ခဲ့တဲ့ သဘောရှိပါတယ်။ မိဘတွေ အပြောတော့ ခေါင်းမာတယ်လို့ ဆိုပါတယ်။
ကျွန်တော် ပြောခွင့်ရတဲ့ အချိန်က နာရီဝက်ဆိုတော့ ဒီမှာတော့ ပြည့်ပြည့်စုံစုံ ရေးထားပါတယ်။ ပြောတုန်းကတော့ အဲဒီလောက် မပြောလိုက်ရပါဘူး။ ကျွန်တော်ကတော့ အိုင်တီနယ်ပယ်မှာ နည်းပညာ လူမိုက်၊ လူစွန့်စားတွေ ထွက်ပေါ်လာပါစေလို့ ဆုတောင်းပါတယ်။ နောက်ပိုင်း ကျွန်တော် ရဲရဲပြောနိုင်တာက ကျွန်တော်တို့တွေ ရိုးသားသော နည်းလမ်းဖြစ် အိုင်တီ စီးပွားရေးကို လုပ်လို့ မြန်မာပြည်မှာ သေချာပေါက်ရတယ်လို့ ပြောကြားလိုပါတယ်။
နောက်ပြီး ကျွန်တော် ဟိုတစ်နေ့က Eleven Media Group က စီအီးအို ပြောသွားသလို နိုင်ငံခြားက မြန်မာပညာရှင်တွေ ပြည်တွင်းကို ပြန်လာရင် ကျွန်တော်တို့ ကောင်းလာနိုင်တယ်ဆိုတဲ့ အမြင်ကို ကျွန်တော် အပြည့်အဝ လက်မခံပါဘူး။ သူတို့တွေ ပြန်လာဖို့ဆိုတာ သူတို့မှာ စီးပွားရေး အမြင်တွေ ပါလာဖို့ လိုပါတယ်။ အဲဒီအပြင် သူတို့နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်က အထောက်အပံ့မျိုးတွေ ဒီမှာ ရှိနေဖို့လိုပါတယ်။ ဒီမှာ ဘာမှမရှိသေးတာကို ထမင်းရည်ပူ အတူလာလျှက်ပါဆိုရင် ဘယ်သူမှ လာမှာမဟုတ်ပါဘူး။ ဒါမှမဟုတ် အိမ်ကြီး မကောင်းသေးဘူး၊ မကောင်းသေးဘူးလို့ ပြောနေတာထက် အိမ်ကြီးကို အနစ်နာခံ ပြင်ဆင်မယ်ဆိုတဲ့ အနေအထားကလဲ ပြောတာ လွယ်သလောက် တကယ်လုပ်ဖို့ အင်မတန် ခက်နေပါသေးတယ်။ ကျွန်တော့ အမြင်အရတော့ ကျွန်တော်တို့ ပြည်တွင်းက အိုင်တီ Resources တွေကို အရင် မြှင့်တင်ပြီး ရေခံမြေခံကောင်းအောင် အရင်တည်ဆောက်ဖို့ လိုဦးမယ် ထင်ပါတယ်။
နောက်တစ်ခု လူကြီးသားနဲ့ ပေါင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကိုငွေထွန်း ပြောသွားတဲ့ စကားတစ်ခွန်းကို အမှတ်တရ ရှိမိပါတယ်။ သူပြောတာက ရိုးရိုးသားသား ချဉ်းကပ်နည်းပါ။ ဂျင်ပေါ်မှာ ထုံးကို အောက်ခြေမှာ သုတ်ထားပြီး ဂျင်က လည်နေမယ်ဆို ထုံးက ဗဟိုနဲ့ ဝေးတဲ့ အောက်ခြေနေရာမှာပဲ လည်နေလိမ့်မယ်။ ထုံးက ဗဟိုနားကို ရောက်အောင်သွားပြီး လည်မှ အလုပ်ဖြစ်နိုမယ်ဆိုတဲ့ အမြင်ပါ။ အဲဒီနောက်ပိုင်းမှာ ခုလို အစည်းအဝေးတွေ၊ Workshop တွေကို ကျွန်တော် တက်ဖြစ်ပါတယ်။ အဲဒီအတွက် ကိုငွေထွန်းကို ကျေးဇူးတင်ပါတယ်။ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ် ခင်ဗျ။
သီဟ ( MyanmarLinks )
Facebook comments:




ဆရာ အဲဒီအြပင် ဖြစ်နေတယ်
ဟာသတောင် ရှိသေးတယ်။
“နောက်ဘ၀ ကျရင် အင်္ဂလန်မှာ ဘောလုံးသမား…
ကိုးရီးယားမှာ မင်းသား…
မြန်မာနိုင်ငံမှာ လူကြီးသားဖြစ်ရပါလို၏ ” ဆိုပြီးတော့တောင်ရှိသေးတယ်။
I want to be a Power Ranger. It’s better than “လူကှီးသား” . ^^
(I cannot write myanmar font as I have only zawgyi on my latptop.)
Can you please post your father’s five mottos.
regards
knwin
ကျွန်တော်သည် မိဘကျေးဇူးကို ဘယ်တော့မှ မမေ့ပါ
ဘုရား၊ တရား၊ သဃာကို ကြည်ညိုပါသည်
ရိုးသားသူ၊ ကြိုးစားသူ၊ ပျော်ပျော်နေတတ်သူ ဖြစ်သည်
ကစားရာတွင် အစဉ်သတိနှင့် ကစားမည်
ပညာကို အချိန်ရှိခိုက် အထူးကြိုးစား ကျက်မှတ်ရန်မှာ အရေးအကြီးဆုံး ဖြစ်သည်
သားတို့ ဆောင်ပုဒ်လို့ အမည်ရပါတယ် ….
Yeah,
We also need to do our business in honest way, too.
Money comeing by honest ways are really worth to do all the good things, donations and for the whole kama.
Thanks a lot for this article, Ko Thiha.
when u have honesty, you never lose anything however the situation is. Honesty takes the first place whenever u compare yourself in quality of life.
That’s why BE HONEST.
Thanks ko thiha
I have a different idea about start-up now. Don’t encourage Start-ups anymore! Well not encourage in a way. I am going to write something that will blow everyone away… hee hee
I love to read it bro. Please write asap.
Send it already. Take it with a grain of salt. It’s the most controversial article from me
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အခုစာကိုဖတ်ရတာ တိုးတက်ပါတယ်။
သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်