ငါဟာမိုးတိမ်တွေထဲ ဝဲ …(Browser ထဲရောက်သွားတဲ့ Desktop)
ဒီဆောင်းပါး ခေါင်းစဉ်လေးကို ကိုလေးဖြူရဲ့ သီးချင်းစာသားတွေထဲက မိုးတိမ်တွေထဲ ဝဲဆိုတဲ့ စာသားလေးကို ယူသုံးပြီး စချင်ပါတယ်။ ကိုလေးဖြူရေ တောင်းပန်ပါတယ်ခင်ဗျ။
Google က Chrome OS သုံး CR-48 Netbook ကို Chrome Web Store နဲ့အတူ စမ်းသပ်အဆင့် အနေနဲ့ ထုတ်လုပ် ခဲ့ပါတယ်။ ပုံမှန် သမာရိုးကျ ဆိုရင်တော့ Google လို ကြီးကြီးမာစတာ တစ်ယောက်က သူရဲ့ကြီးမားလှတဲ့ Lab ကနေ နောက်ထပ် ထူးမခြားနား Product တစ်ခု ထပ်ထုတ်လိုက်တယ်လို့ ထင်စရာရှိပါတယ်။ Google Wave လို ကြာတော့သည်လည်း မောင့်စကား ဖြစ်သွားနိုင်စရာ ရှိတယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် Chrome OS နဲ့ Chrome Store ကတော့ အဲဒီထက် အသေအချာကို ပိုပါတယ်။ ကျွန်တော်တို့ရဲ့ Desktop တွေကို Browser ထဲ ဆွဲသွင်းခံလိုက်ရတာ အဲဒီနေ့ပါပဲ။ Chrome Web Store ဆိုတဲ့ အသေအချာ အသေးစိတ် အကွက်ကျကျစီစဉ်ထားတဲ့ ဒရမ်မာ ဇာတ်ရုံကြီးတစ်ခုထဲကို Chrome Browser နဲ့အတူ ကျွန်တော်တို့ရဲ့ Desktop တစ်ခုလုံးကို ဆွဲသွင်း ခံလိုက်ရတာပါပဲ။
ကျွန်တော့်မှာ CR-48 Netbook ကို စမ်းသပ်ကြည့်ဖို့ အခွင့်အလမ်းမရှိပါဘူး။ အဲဒီလို စမ်းသပ်ခွင့်ရမယ်ဆိုရင်တော့ ကျွန်တော် ဒီထက်အများကြီး ပြောနိုင်ပါလိမ့်မယ်။ ကျွန်တော် စမ်းသပ်ခွင့်ရတာကတော့ Chrome Browser ပါ။ မိတ်ဆွေ အနေနဲ့ Chrome Brower ကို သာမာန် Web Browsing လုပ်လို့ရတဲ့ Program တစ်ခုအဖြစ် မြင်ရင်တော့ ဒီနေရာမှာ စပြီး အလွဲကြီး လွဲပါတော့မယ်။ တကယ့်ကို တိတ်ဆိပ်တဲ့ ခြေလှမ်းတွေနဲ့အတူ Browser အယောင်ဆောင်ထားတဲ့ Desktop ဒီထက် သေသေချာချာ ပြောရရင် Browser အယောင်ဆောင်ထားတဲ့ Cloud Desktop တစ်ခုကို Google က Holiday Crowed Market နဲ့အတူ လှစ်ဟာပြသခဲ့ပြီ ဖြစ်ပါတယ်။
Browser ထဲကို ကျွန်တော့် Desktop ကြီး ဆွဲသွင်းခံရတဲ့နေ့
ကျွန်တော် အဲဒီနေ့က တစ်နေကုန် Chrome Browser နဲ့ အချိန်ကုန်နေခဲ့ပါတယ်။ ပိုက်ဆံပေးပြီး ဝယ်ဖို့ မတတ်နိုင်ပေမယ့် အခမဲ့ဆိုသမျှ အားရပါးရစမ်းသပ် ဖြစ်ခဲ့ပါတယ်။ ဒီတော့ ဘာတွေ ထူးခြားလာလဲ၊ ဘယ်လို အပြောင်းအလဲတွေ ယူဆောင်လာလဲ ဆိုတာထက် ကျွန်တော် ဘာတွေ စမ်းသပ်ဖြစ်ခဲ့တယ်ဆိုတာ အရင်ဖောက်သည်ချချင်ပါတယ်။ ပထမဦးဆုံး စမ်းဖြစ်တာက Springpad ဆိုတဲ့ App ဖြစ်ပါတယ်။ Note Taking (မှတ်စုတို) ထုတ်လို့ရတဲ့ App ဖြစ်ပါတယ်။
ကျွန်တော် ရည်ရွယ်တာက အွန်လိုင်းမှာ မှတ်စုတိုလေးတွေ ရေးချင်လို့ပါ။ အထူးသဖြင့် အင်္ဂလိပ်စာ လေ့ကျင့်ပြီးသားလည်း ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မှတ်စုတိုတွေကို အင်္ဂလိပ်လို ရေးလေ့ရှိတဲ့ ကျွန်တော့် အလေ့အကျင့်အရ အရင်ဆုံး ရှာမိတာကလည်း မှတ်စုတိုရေးလို့ရမယ့် App ဖြစ်နေခဲ့ပါတယ်။
အဲဒီလို Sprintpad ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ Desktop တွေကို Browser ထဲ ဆွဲသွင်းခံရတော့မှာလားဆိုတဲ့ သံသယ စပြီး အမြစ်တွယ်လာတာ ဖြစ်ပါတယ်။ မိတ်ဆွေလည်း ကျွန်တော်နဲ့ အတူ ခဏလောက် လေ့လာကြည့်ပါလို့ ဖိတ်ခေါ်ပါတယ်။
ဒါက ကျွန်တော်ပထမဦးဆုံး စမ်းသပ်ဖြစ်ခဲ့တဲ့ My First Note ပါ။ ကျွန်တော့ရဲ့ Screen Shot ကို ရုတ်တရက် ကြည့်လိုက်ရင် ဒါက Desktop Application တစ်ခုပဲလို့ ပုံမှန်အတိုင်းဆို တွက်မိပါလိမ့်မယ်။ တကယ်တော့ ဒီ Screen Shot က Springpad ရဲ့ Browser Interface တစ်ခုသာ ဖြစ်ပါတယ်။ ကျွန်တော့်အတွေးတွေက ပုံမှန် သမာရိုးကျ Web Page ဒီဇိုင်းတွေ အပေါ်မှာ အာရုံကျနေခဲ့တာ ဆိုတော့၊ ပြောရရင်ဗျာ Brower Interface ဆိုတာ သပ်သပ်၊ Desktop Application Interface ဆိုတာ သပ်သပ်ဆိုပြီး မြင်ထားတဲ့ အမြင်တွေအတွက် စိတ်ထဲမှာ ဘဝင်မကျစရာတွေ စမြင်ရတဲ့ နေ့ပါပဲ။ အရင်တုန်းကလည်း အဲဒီလိုမြင်ဖူးပါတယ်။ ဒါပေမယ့် အဲအချိန်ကတော့ ဒီလို Interface မျိုးကို Web ပေါ် တက်သုံးရင် ဘယ်လိုသုံးလို့ရမှာလဲ၊ ဒီလောက်လေးတဲ့ဟာကို စသည်ဖြင့် လွယ်လွယ်ပဲ ပယ်ချပစ်ခဲ့ပါတယ်။
ခုတော့ Chrome App နဲ့မှ ကျွန်တော် နှုတ်တွေဆွံ့အနေပြီး ဘယ်လိုမှ လွယ်လွယ်နဲ့ မပယ်ချရဲတော့ပါဘူး။ ကျွန်တော်တို့ မြန်မာပြည် ကော်နက်ရှင်နဲ့တောင် Light Speed လို့ ပြောလို့ရမယ့် အမြန်နှုန်းနဲ့ သုံးနေရတော့ စိတ်ထဲမှာ မချင့်မရဲတွေ ပိုဖြစ်လာပါတယ်။ ငါတို့တွေ နှစ်ပေါင်းမြောက်များစွာ ကြည့်လာတဲ့ မြင်လာတဲ့ ခင်လာတဲ့ Desktop ကို တကယ်ပဲ Browser ထဲ ဆွဲသွင်းခံရတော့မှာလား။
စိတ်ဝင်စားမှုတွေကို တားဆီးမထားနိုင်တော့ပါဘူး။ ဒီလိုနဲ့ CR-48 ကို မသုံးနိုင်ပေမယ့် သုံးနိုင်သူကြီးများ ရေးသားထားတဲ့ ဆောင်းပါးတွေကို အငမ်းမရ (ပြောရရရင် သွားရည်တွေ ကျပြီးတော့ပေါ့ဗျာ) ဖတ်ဖြစ်ပါတော့တယ်။ အဲဒီလို ဖတ်ကြည့် တော့မှာ ကျွန်တော့် စိုးရိမ်စိတ်တွေကို ပိုပြီး ပီပြင်သွားစေပါတော့တယ်။ ဘာတဲ့ CR-48 မှာ Chrome Browser တစ်ခုပဲ ပါလာခဲ့တယ် ဆိုပါလား။ အရင်ကတည်းက Chrome OS ကို Cloud Based ပဲ ထုတ်မယ်ဆိုတာ သိထားပေမယ့် ခုလိုမျိုး ငါးစိမ်းမြင်၊ ငါးကင်ပစ် Desktop ဆိုတဲ့ မိဘရင်ခွင်ကြီးကို ခြေစုံကန်ပြီး ထွက်လာလိမ့်မယ်ဆိုတာ ဘယ်လိုမှ မတွေးမိခဲ့ပါဘူး။ ကျွန်တော်တို့ သတိမထားမိခဲ့တဲ့ အချိန်အတွင်းမှာပဲ Chrome OS ဆိုတဲ့ မြီးကောင်ပေါက်ဟာ အရွယ်ရောက် လူလားမြောက်လို့ ခပ်မိုက်မိုက် ပုံစံနဲ့ လူအများရှေ့ကို ခုန်ထွက်လာခဲ့ပါပြီ။ ခင်ဗျားတို့ လာမပြောနဲ့ ကျွန်တော့်မှာ အဖေမရှိဘူး၊ အမေမရှိဘူး၊ ကျွန်တော်က သီးသန့် မွေးဖွားလာတဲ့ကောင်လို့ ကျွန်တော့်ကို ပြောနေ သယောင်။
နောက်ဆိုရင် ကျွန်တော်တို့ ကွန်ပျူတာ ဖန်သားပြင်တွေမှာ Desktop ဆိုတာ မမြင်ရတော့ပဲ Browser ဆိုတာပဲ မြင်ရတော့မှာလား၊ ဒီလိုဆို ပြန်တော့လည်း မင်းအစိုးရိမ်ကြီးနေပါပြီကွာ၊ ငါတို့တွေက ဘယ်တော့မှာ Desktop ဆိုတဲ့ အမေ့အေးရိပ်ကနေ ဘယ်တော့မှ ခွဲမထွက်ပါဘူးလို့ Photoshop နဲ့ IDE တွေက ကျွန်တော့်ကို နှစ်သိမ့်ပါတယ်။ ကျွန်တော်လည်း မင်းတို့ကို ဘယ်လို ယုံရမှာလဲကွာလို့ပဲ စိတ်ထဲမှာ တိတ်တိတ်လေး ပြောနေမိပါတယ်။
Browser Interface တွေအပေါ်မှာ အာရုံထွေပြား အမြင်မှောက်မှားပြီး ခြောက်ခြားမိတဲ့နေ့
ဒီလိုနဲ့ ကျွန်တော်လည်း သတင်းလေးတော့ ဖတ်ဦးမှပဲ။ ငါဖတ်နေကြ NYTimes နဲ့ Huffington Post ကို ရှာကြည့်ဦးမှပဲ ဆိုပြီး ရှာကြည့်မိပါတယ်။ အား …. ခြောက်တစ်ခုထဲ ကျသွားသလို ရင်ထဲမှာ ခံစားမိသွားပါတယ်။
အဲဒီလောက်အထိ ပြောနေရတာ မိတ်ဆွေက ကျွန်တော့်ကို ပိုလွန်းတယ်လို့ ထင်စရာရှိပါတယ်။ Web Interface တွေအကြောင်းတွေ လေ့လာနေတဲ့ သင်ယူနေတဲ့ အသုံးချရေးဆွဲနေရတဲ့ သူတွေတိုင်း အဲဒီလို ထအော်မိကြပါလိမ့်မယ်။ New Perspective, New Perspective (အမြင်အသစ်တွေ၊ အမြင်အသစ်တွေ) တစ်ခုပြီး တစ်ခု အသစ်တွေထွက်တိုင်း သင်ယူနေရတာ စိတ်ကုန်တတ်သူဆိုရင် တော်ပြီကွာ မင်းတို့ဟာ မလေ့လာတော့ဘူးဆိုပြီး စိတ်ကုန်သွားပါလိမ့်မယ်။
Desktop Application Interface တွေကို အသည်းအသန် သင်ယူ၊ နောက်တော့ Desktop Application တွေအလုပ်မဖြစ်တော့ Web Application Interface တွေကို လေ့လာ၊ အမြင်တွေပြောင်းလဲ အသည်းအသန် ဟတ်ထိုးဆွဲ လေ့လာခဲ့ရတဲ့ ကျွန်တော်တို့အတွက် နောက်တစ်ခါ လာပြန်ချေပြီ၊ Web App Interface။ Web App Interface ကို ကျွန်တော် ကြားဖူးနေတာ ကြာပါပြီ။ ဒါပေမယ့် Mobile တွေနဲ့သာ ဆိုင်တယ်ဆိုပြီး စိတ်ထဲမှာ ခဏမေ့ထားခဲ့သမျှ ခုမှ တည့်တည့်ကြီးကို တိုးပါတော့တယ်။ ကဲ … မှတ်ပြီလား .. ခုတင် အဲဒီ Interface ဆိုတဲ့ အကောင်က မင်းမျက်စိရှေ့ ရောက်နေပြီလေ၊ ခုမင်းရဲ့ Notebook၊ မင်းရဲ့ Browser ထဲမှာ ခန့်ခန့်ကြီး ရောက်နေပြီလေ၊ လူလေး မင်းငယ်ပါသေးတယ် ကွာလို့များ ကျွန်တော့်ကို ပြောနေသလားမသိ။
ဒါပေမယ့်ကွယ် Gtalk လိုပုံစံမျိုးတော့ မင်းစွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူးကွာလို့ စိတ်ထဲမှာ တိတ်တိတ်လေးကြိတ်ပြီး ပြောမိပါတယ်။ တကယ့်ကို တိတ်တိတ်လေးပါ … ကျွန်တော် အသံကျယ်ကျယ် မပြောရဲပါ။ အသံကြားသွားရင် ကျွန်တော့်ရဲ့ Desktop ကို တစ်စစီချေမွသွားမှာ စိုးလို့ပါ။ ဒီလိုနဲ့ Chrome App Store ထဲကို တုန်ရီနေတဲ့ လက်ချောင်း တွေနဲ့ ရှာဖွေကြည့်မိပါတယ်။ လာပါပြီဗျာ ….
IMO Chat တဲ့ Gmail Login ဝင်ရမှာကို စိတ်ထဲမှာ တုန်လှုပ်နေမိပါတယ်။ စိတ်ထဲမှာ ကြိတ်ပြီး ဆုတောင်းမိနေတာက ငါ့ရဲ့ Desktop ကို ဒီတစ်ခုမှ မယူနိုင်ပါစေနဲ့။ Login ဝင်လို့ရတာက MSN, Skype, Yahoo, GTalk, Facebook စသည်ဖြင့် ကျွန်တော် သုံးသမျှ အကုန်ပဲ … မထူးပါဘူး Gmail ထဲ ဝင်ကြည့်မယ်။ ဥုံဖွ …
လားလား ကျွန်တော်အထင်တွေ လွဲပါပေါ့။ ဒီနေရာမှာလည်း ကျွန်တော်ရဲ့ Desktop ကို ခိုးသွားပြန်ပြီ။ ဒါပေမယ့် Desktop လောက်တော့ သုံးရတာ အဆင်မပြေပါဘူးကွာလို့ ရသေ့စိတ်ဖြေ တွေးလိုက်မိပါတယ်။
ကျွန်တော့် စိတ်ထဲမှာ ဘယ်လိုပဲ ဖြည့်ပြီး တွေးနေနေ စိတ်ထဲမှာတော့ Browser IM ကို အမှတ်တွေ ပေးနေမိပါတယ်။ မြန်မာစာပေါ်ဖို့ အရင်လို Gtalk ကို Hack စရာမလို Zawgyi လား Unicode လား Default Browser မှာ ပြောင်းထားရုံနဲ့ အဆင်ပြေနေတဲ့ အပြင် Desktop Chat ပုံစံမျိုး အသုံးပြုနိုင်တဲ့အတွက် စိတ်ထဲမှာ အမှတ်တွေ ပေးနေမိပါသေးတယ်။ ဒါတောင် Chrome Netbook အတွက် သီးသန့် Gtalk ကို စမ်းသပ်ခွင့်မရလို့၊ ရရင် ဒီထက် အံ့သြကုန်နိုင်ဖွယ်တွေ တွေ့ရဦးမည် ထင်သည်။
ဒီလောက်နဲ့တော့ မကျေနပ်နိုင်ပါဘူး။ တီးလုံးလေးတွေ ဖန်တီးကြည့်ဦးမှပဲ .. Acid တို့ဘာတို့လောက်တော့ ဒုံချပ်ချပ်၊ ဒုံဒုံချပ် ကြည့်ဦးမှဆိုပြီး ထပ်ရှာကြည့်မိပါတယ်။ တွေ့ပါပြီဗျာ … သူလည်း အလကားရတာပါလား … Interface ကိုမြင်တော့ ပိုပြီး လန့်သွားမိပါတယ်။ Avriary ဆိုတဲ့ နာမည်အောက်မှာ Loading ဆိုတာ ပြနေတော့ ဒီလိုပုံစံက Adobe Flash ပဲဆိုတာ သတိထားမိပြီး Right Click ခေါက်ကြည့်တော့၊ အားပါး အသေအချာ Flash ပါလား၊ About Adobe Flash Player 10 ဆိုပါလား၊ အသံတွေ ထည့်ကြည့်ဦးမှာ Hip Hop လောက်တော့ ဒုံချပ်ချပ်၊ ဒုံဒုံချပ် နိုင်ပါသေးတယ်။ ဟဲဟဲ ..
အရင်ဆုံး သတိရမိတာက စတိဂျော့။ Adobe Flash ကို iOS မှာ မသုံးဟု အတိအကျ ငြင်းပယ်ခဲ့ပါတယ်။ ခုတော့ Flash က လန်းလှချေလား။ Hip Hop Loop တစ်ခုကို စမ်းသပ်ကြည့်၊ ဒီဂျေပွတ်တာတွေ ထည့်ကြည့်ပြီး ထကချင်စိတ်ပါ ပေါက်လာပါတယ်။ မဟုတ်သေးပါဘူး။ နင်က နည်းပညာကို စမ်းသပ်နေတာလို့ သတိပေးပြီး ဘရိတ်အုပ်လိုက်ရပါတယ်။
ငါဟာ မိုးတိမ်တွေထဲ ဝဲ …
ကိုလေးဖြူရဲ့ သီချင်းထဲက စာသားတွေကို ဒီနေရာမှာ ယူသုံးလိုက်ရပါတယ်။ အမေရေ … သားတော့ တကယ့်ကို မိုးတိမ်တွေထဲ ဝဲနေတာ။ သားစက်ထဲမှာ ဘာမှမရှိဘူး အမေရေ .. အားလုံးက ဟိုးအဝေးတစ်နေရာကနေ လာကြတာ ပြီးတော့ သားကို မိုးတိမ်တွေထဲ ဆွဲခေါ်သွားကြတယ်။ သားလည်း မိုးတိမ်တွေထဲမှာ ပျော်နေပြီ အမေရေ …
Cloud Computing ဆိုတာကို ခုမှ နဖူးတွေ့ ဒူူးတွေ့တွေ့နေရပါပြီ။ ငါတို့ဟာ မိုးတိမ်နိုင်ငံသား၊ ငါတို့နိုင်ငံမှာ လက်မှတ် တစ်စောင်ပဲလိုတယ် အဲဒါကတော့ Gmail Account ဆိုတဲ့ လက်မှတ်ပဲ၊ အဲဒီလက်မှတ်သာ ပြလိုက်၊ ဘယ်မိုးတိမ် အဖွဲ့အစည်းကိုမဆို ဝင်လို့ရတယ်။ တစ်ချို့နေရာတွေတော့ ဝင်ကြေးအနည်းငယ်ရှိလိမ့်မယ်။ အားလုံးကတော့ မုန်းဖိုး လောက်ပါ။ လေးငါးကျပ်ပေါ့။ မင်းပေးနိုင်မှာပါ။
အော်ဒါနဲ့ မေ့လို့ မင်းကိုယ်တိုင်ရော မိုးတိမ်အဖွဲ့ထဲ ဝင်ချင်သလား၊ ဝင်ကြေး ဘယ်လောက်မှမရှိဘူးနော်။ ဒီနေ့ ဝင်တာနဲ့ ဒီနေ့ပဲ မိုတိမ်တွေထဲမှာ ဆိုင်ခန်းဖွင့် စျေးကွက်တင်၊ မင်းရဲ့ အိုင်ဒီယာတွေ ချရောင်းလို့ရတယ်နော်၊ ဟေ့ နောက်တော့ မကျနဲ့နော်၊ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်။ ဒါက Chrome Browser က ကျွန်တော့်ကို ပြောနေတာတွေပါ။
အိပ်မက်ဆိုးနဲ့ နိုးတဲ့ည
အဲဒီနေ့က အိပ်မက်မက်တယ်၊ ကျွန်တော်က နတ်မြင်းပျံကြီးစီးလို့ မိုးတိမ်တွေထဲမှာ ဝဲလို့၊ ဟိုးအောက်က အသံတစ်ခု မသဲမကွဲ ကြားလိုက်ရတယ်၊ အသေအချာ နားစွင့်ကြည့်တော့ ပူးဆွေးသောကတွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ငိုသံ၊ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ နတ်မြင်းပျံကြီးကို အောက်ကိုဆင်းခိုင်းပြီး အသံလာတဲ့ဆီကို သွားကြည့်မိတယ်။ အမေအိုကြီးတစ်ယောက် ထိုင်ငိုနေတာပဲ။ နှုတ််ကလည်း တတွတ်တွတ် ရွတ်လို့။
“မင်းတို့တွေ အတောင်အလက်တွေ စုံပြီးဆိုတော့ ငါ့ကို ထားခဲ့ကြပြီပေါ့။ ငါမှတော့ တစ်ယောက်တည်း အောက်မှာ ဘယ်သူမှလည်း အရေးမလုပ်ကြတော့ဘူး၊ Desktop ဆိုတဲ့ ရင်ခွင်မှာ မင်းတို့တွေ ပေါက်ပွား ရှင်သန်ခဲ့ကြတာတွေကို မင်းတို့တွေ မေ့လိုက်ကြပြီပေါ့”
ကျွန်တော်လည်း အမေအိုကြီးနဲ့ အတူ ဝမ်းနည်းပူဆွေးလာပါတယ်။ အမေရယ် … အမေ့ကို သားခေါ်သွားချင်ပါတယ်။ အမေ့ကို ခေါ်လာရင် နတ်မြင်းပျံကြီးက မိုးပေါ် ပို့မပေးနိုင်ဘူး ဆိုလို့ပါလို့ တိုးတိုးလေး ရေရွတ်နေမိပါတယ်။ ဒီလိုနဲ့ နတ်မြင်းပျံကြီးက မိုးပေါ် ဆောင့်အတက် ကွန်နက်ရှင်ဆိုတဲ့ အသူရာနတ်မင်း ဇွတ်အတင်း ပစ်လိုက်တဲ့မျှားက နတ်မြင်းပျံကြီးကို တည့်တည့်မှန် ကျွန်တော်လည်း ဇောက်ထိုးမိုးမျှော် ပြုတ်ကျ အဲဒီမှာ အိပ်မက်က လန့်နိုးလာတာပါပဲဗျာ။
ရေးသားနည်း ပုံစံအသစ်တစ်ခုကို စမ်းသပ်ရေးသားထားပါတယ်၊ အဆင်မပြေတာများရှိပါက ဝေဖန်ဆွေးနွေးပေးကြပါခင်ဗျ ….
သီဟ (Myanmar Tutorials)
Facebook comments:








ဟားဟား… ကိုသီဟ ဟစ်ဟော့နဲ့ ထကမယ် ဆိုရင် ကြိုပြောနော်။ video ရိုက်ပြီး ဒီဆိုက်မှာ တင်ပေးမလို့။ မြန်မာကျူတိုရီရယ် ကို လူကြိုက်အရမ်းများမှာ သေချာတယ်။
ဟားဟား ကင်မရာကြီးနဲ့ဆို သားသားကြောက်ကြောက် … အညာဆီကုန်သည်ရုပ်နဲ့ မကပါရစေနဲ့ဗျာ … မတာ်ကြာ ဟစ်ဟော့ဆရာတွေ ထမင်းငတ်ကုန်ပါဦးမယ် … ဟားဟား
ကိုသီဟ ရုပ်တရက်ကြီး အိုသွားပါရော့လား… အော် ..အနိစ္စအနိစ္စ..
PS. ကျွန်တော် အကို့ကို မေးခွန်းတွေနဲ့နှိပ်စက်နေတဲ့ tun.thetnaing ပါ..နီပွန်ကပါ
မအိုပေါင်ဗျာ … မျက်မှတ်တပ်ပြီး အယောင်ဆောင်ထားတာကို …
သားသားရေးဖို့ စဉ်းစားနေတဲ့အကြောင်း ကိုသီဟကြီး ဦးသွားပြီ :S
ဒီလိုမှန်းသိရင် မရေးသေးပဲ ခဏထားပါတယ်ဗျာ ….
အစ်ကိုသီဟရေ…ဒီပိုစ့်လေးကိုကြိုက်လွန်းလို့ နည်းပညာပြန့်ပွားရေးအတွက်ကျွန်တော့်ရဲ့ဆိုဒ်မှာ ဖော်ပြခွင့်လေးပေးပါလားဗျာ……:)
ဟုတ်ကဲ့ဗျ ရေးသားသူနဲ့ Site ကို Link Back ပြန်ချိတ်ပြီး တင်နိုင်ပါတယ်ခင်ဗျ
အစ်ကို့ ဆောင်းပါး အရေးအသားကို ကြိုက်ပါတယ်။ သုတနည်းပညာ အကြောင်းကို ဆန်းသစ်
တဲ့ ပုံစံနဲ့ ရေးသားထားတော့ ကျွန်တော်တို့ ပိုသိမြင်တွေးတော လွယ်သွားတယ်။ Las Vegas မှာကျင်းပမဲ့ CES Show 2011 ပြီးရင် မိုးတိမ်တွေ အကြောင်းပို ကျယ်ကျယ်
လောင်လောင် ကြားရဦးမယ်။ လူတွေကို googler နဲ့ non-googler ဆိုပြီး ၂ မျိုးပဲ
ခွဲရတော့မယ် ထင်တယ်။ အစ်ကို့ဆိုဒ်က နည်းပညာ တိုးတက်မှု အကြောင်းတွေ အမြဲတင်ပေးတဲ့အတွက် ကျွန်တော်တို့အတွက် တော်တော် ဗဟုသုတ ရပါတယ်။
ကျေးဇူးတင်ပါတယ် အစ်ကို
CES ပြီးသွားရင် မိုးတိမ်တွေအကြောင်း ဒီထက်ကြားရမှာ သေချာတယ်ဗျ၊ ကျွန်တော်ကလည်း လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ