အရောင်များနှင့် ကခုန်ခြင်း အပိုင်း(၂)

အေးချမ်းတဲ့အရောင်

အေးချမ်းတဲ့ အရောင်တွေမှာ အစိမ်းရောင်၊ အပြာရောင်နဲ့ ခရမ်းရောင်တို့ ပါဝင်ပါတယ်။ သူတို့ဟာ နွေးထွေးတဲ့ အရောင်တွေထက် သိပ်သည်းဆ ပိုများပါတယ်။ စိမ်း၊ ပြာနဲ့ ခရမ်ရောင်တို့ဟာ ည၊ ရေနဲ့ သဘာဝတရားတို့ကို ကိုယ်စားပြု ပါတယ်။ တည်ငြိမ်တယ်။ စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။ အနည်းငယ် သီးသန့်ဆန်တယ်။

အေးချမ်းတဲ့ အရောင်တွေထဲမှာ အပြာရောင် တစ်ရောင်တည်းသာ ပင်မအရောင် အနေနဲ့ပါဝင်ပါတယ်။ ကျန်တဲ့ အရောင်တွေကတော့ အပြာရောင်နဲ့ နွေးထွေးတဲ့ အရောင်တွေကို ပေါင်းစပ်ပြီးမှ ရရှိလာတာပါ (အဝါရောင်နဲ့ ပေါင်းရင် အစိမ်းရောင်၊ အနီရောင်နဲ့ပေါင်းရင် ခရမ်းရောင်ပေါ့)။ အစိမ်းရောင်အနေနဲ့ အဝါရောင်ရဲ့ သတ္တိအနည်းငယ်ကို ယူထားသလို ခရမ်းအနေနဲ့ အနီရောင်ရဲ့ သတ္တိ အနည်းငယ်ကို ယူထားပါတယ်။ အေးချမ်းတဲ့ အရောင်တွေကို ဒီဇိုင်းမှာ ရွေးချယ်မယ်ဆိုရင် တည်ငြိမ်အေးချမ်းမှု၊ ကျွမ်းကျင်မှု စတာတွေကို ဖော်ဆောင်နိုင်ပါတယ်။

အစိမ်းရောင် (ဒုတိယအဆင့်အရောင်)

အစိမ်းရောင်ဆိုကတည်းက အစိမ်းရောင် ကမ႓ာမြေကြီးရဲ့ အရောင်ပဲဆိုတာ တန်းပြီး မြင်နိုင်ပါလိမ့်မယ်။ အစိမ်းရောင် ဆိုတာ စတင်ခြင်း၊ ရှင်သန် ကြီးထွားခြင်း စတာတွေကို ကိုယ်စားပြုပါတယ်။ ထို့ပြင် ပြန်လည် ဆန်းသစ်ခြင်း၊ ပေါများကြွယ်ဝခြင်း စတာတွေကိုလည်း ကိုယ်စားပြုပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း အစိမ်းရောင်ဆိုတာ ဝန်တိုခြင်း၊ လိုချင်တပ်မက်မှု၊ အတွေ့အကြုံနည်းခြင်း စတာတွေကိုလည်း ဖော်ညွှန်းတယ်လို့ ယူဆကြပါတယ်။ မြန်မာမှာဆိုရင် အစိမ်းသက်သက်၊ စိမ်းကားလိုက်တာ စတာတွေနဲ့ ဆိုင်မယ်ထင်ပါတယ်။

ဒါပေမယ့် အစိမ်းရောင်မှာ အပြာရောင်လိုပဲ တည်ငြိမ်တဲ့ အသွင်တွေ ရှိနေပါတယ်။ ဒါပေမယ့် အစိမ်းရောင်ဆိုတာ အပြာရောင်နဲ့ အဝါရောင်ကို ပေါင်းစပ်ပြီး ဖြစ်လာတာဆိုတော့ အဝါရောင်ရဲ့ အစွမ်းသတ္တိတွေလည်း သူ့မှာပိုင်ဆိုင် ပါသေးတယ်။ ဒီဇိုင်းမှာ အစိမ်းရောင်ကို သုံးမယ်ဆိုရင် အရောင်တွေ ညီမျှသွားအောင်၊ တစ်ခုနဲ့ တစ်ခု လိုက်ဖက်ညီ သွားအောင် ပြုလုပ်တဲ့ နေရာတွေမှာ သုံးနိုင်ပါတယ်။ အဲဒီအပြင် ချမ်းသာကြွယ်ဝခြင်း၊ တည်ငြိမ်အေးခြမ်းခြင်း၊ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း၊ တောတောင်ရေမြေ သဘာဝ စတာတွေကို ဖော်ညွှန်းချင်တဲ့အခါမှာလည်း အစိမ်းရောင်ကို သုံးနိုင်ပါတယ်။ တောက်ပတဲ့ အစိမ်းရောင်တွေက အင်အားရှိခြင်း၊ သွက်လက်ခြင်း စတာတွေကို ဖော်ညွှန်းနိုင်ပြီး သံလွင်စိမ်းကတော့ သဘာဝအစိမ်းရောင် ကမ႓ာကြီးကို ဖော်ညွှန်းနိုင်ပါတယ်။ အစိမ်းရင့်ရင့် အရောင်ကတော့ အတည်ငြိမ်ဆုံးဖြစ်ပြီး ပေါများ ကြွယ်ဝခြင်းဆိုတဲ့ သဘောကို ဆောင်ပါတယ်။

အပြာရောင် (ပင်မအရောင်)

အင်္ဂလိပ်ဘာသာ စကားမှာတော့ အပြာရောင်ဆိုရင် ဝမ်းနည်းပူဆွေးခြင်းနဲ့ တွဲစပ်နေပါတယ်။ ဒါပေမယ့် အပြာရောင်ကို ငြိမ်းချမ်းရေး အရောင်အဖြစ် အများဆုံး အသုံးပြုကြ ပြန်ပါတယ်။ တာဝန်ယူမှုကို ဖော်ညွှန်းတဲ့ နေရာမှာလည်း အပြာကို သုံးပါတယ်။ အပြာရောင် ဖျော့ဖျော့က ပြန်လည် လန်းဆန်းခြင်း၊ ပြန်လည်း သစ်လွင်လာခြင်း၊ ချစ်ခင်ရင်းနှီးမှု စတာတွေကို ကိုယ်စား ပြုနိုင်ပါတယ်။ အပြာရင့်ရင်ကတော့ အင်အားပိုရှိပြီး ယုံကြည်ချက် ပိုမိုပြင်းထန်တဲ့ သဘောဆောင်ပါတယ်။ အပြာရောင်ကို ငြိမ်းချမ်းရေး သဘောဆန်တဲ့ အရောင်အဖြစ် အသုံးပြုတဲ့ အပြင် ကိုးကွယ်မှုဆိုင်ရာများနဲ့ နတ်ဘုရား ရိုးရာ ယဉ်ကျေးမှု စသည်တို့နဲ့လည်း ဆက်နွယ်ပြီး မြင်တတ်ကြပါတယ်။ ဥပမာ – အပျိုစင် မယ်တော် မာရီက အပြာရောင် ဝတ်ရုံကို ဝတ်ဆင်တယ် ဆိုတာမျိုးတွေပေါ့။

အပြာရောင်ရဲ့ အဓိကကျတဲ့ အပြောင်းအလဲတွေက သူရဲ့ အလင်းအမှောင်နဲ့ အရောင်မူကွဲများ ပြောင်းလဲခြင်းတွေ အပေါ်မှာ မူတည်နေပါတယ်။ အပြာရောင်ရဲ့ အလင်း၊ အမှောင်ကို ပြောင်းလဲခြင်း အားဖြင့် ဒီဇိုင်းပိုင်းမှာ သက်ရောက်မှု အများကြီး ရှိစေနိုင်ပါတယ်။ အပြာနုက သက်သောင့်သက်သာ ရှိခြင်း၊ တည်ငြိမ်ခြင်း စတာတွေကို ဖော်ညွှန်းနိုင်ပါတယ်။ အပြာရောင်တောက်တောက်ကတော့ အားအင်ရှိခြင်း၊ လန်းဆန်းတက်ကြွခြင်း စတဲ့ သဘောတွေ ဆောင်ပါတယ်။ အပြာရင့်ရင့် အရောင်ကတော့ ကော်ပိုရိတ် Wesite တွေအတွက် သင့်တော်ပြီး အင်အားနဲ့ ယုံကြည် စိတ်ချရမှုတို့ကို ပုံဖော်ဖွဲ့စည်းနိုင်ပါတယ်။

ခရမ်းရောင် (ဒုတိယအဆင့်အရောင်)

ခရမ်းရောင်ကတော့ နန်းဆန်မှုနဲ့ တွဲနေခဲ့တာ ကြာပါပြီ။ နိုင်ငံခြား တိုင်းပြည်တွေမှာပေါ့။ မြန်မာပြည်မှာ ဆိုရင်တော့ ရွှေရောင်လို့ ဆိုရင်မယ်ထင်ပါတယ်။ ခရမ်းရောင်ကို အနီနဲ့ အပြာပေါင်းမှ ရပါတယ်။ အဲဒီလိုတော့ အနီရဲ့ သဘော၊ အပြာရဲ့ သဘောတွေ ပေါင်းစပ် ပါဝင်နေပါတယ်။ ခရမ်းရောင်က တီထွင်ဖန်တီးမှု၊ စိတ်ကူးစိတ်သန်း စတာတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင် ခရမ်းရောင်က မုဆိုးမရဲ့ ဝမ်းနည်းပူဆွေးခြင်းကို ဖော်ညွှန်းတဲ့ အရောင်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အနောက်တိုင်းနိုင်ငံတွေမှာတော့ ခရမ်းရောင်ရင့်ရင့်ကို ချမ်းသာကြွယ်ဝခြင်း၊ နန်းဆန်ခြင်း စတာတွေနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ကြပါတယ်။ ခရမ်းရောင် ဖျော့ဖျော့ကတော့ ရိုမန်တစ်(၁၅၀၀ ချစ်ခြင်း)ဆန်တယ်လို့ ဆိုပါတယ်။

ဒီဇိုင်းမှာ ခရမ်းကို သုံးမယ်ဆိုရင်တော့ ခရမ်းရောင် ရင့်ရင့်က ချမ်းသာခြင်း၊ ဇိမ်ရှိခြင်း စတာတွေကို ပုံဖော်နိုင်ပါတယ်။ ခရမ်းရောင် ဖျောဖျော့ကတော့ ဆောင်းဦးပေါက် ရာသီဥတုကို ဖော်ညွှန်းနိုင်တဲ့အပြင် သမုဒယချစ်ခြင်းကို ကိုယ်စား ပြုနိုင်ပါတယ်။

ဆက်ပါဦးမယ် …

Facebook comments:

One Response

  1. ZARNI says:

    ကောင်းတယ်အကိုရေ ဆက်ရေးပါဦး

Leave a comment


*