ပညာတတ်လုပ်ငန်းရှင်

ဟိုတစ်နေ့က မြန်မာဗီဒီယိုကား တစ်ကားကြည့်ဖြစ်သည်။ ယောကျင်္ားဖြစ်သူ ပညာတတ်နှင့် မိန်းမဖြစ်သူတို့ စကားပြောကြသည်။ ယောကျင်္ား ဖြစ်သူက မိန်းမဖြစ်သူကို ပြောသည်။ ပညာဆိုတာ အမှားအမှန်ကို ခွဲခြားနိုင်တဲ့အရာ ဖြစ်ကြောင်း ပညာဖြစ်သာ အရေးအကြီးဆုံး ဖြစ်ကြောင်း ပြောသည်။ မိန်းမဖြစ်သူက ပညာက ပြုတ်သောက်၍ မရကြောင်း ပိုက်ဆံသာ အရေးကြီးကြောင်း၊ ပိုက်ဆံဖြင့်သာ အရာရာကို စီမံခန့်ခွဲနိုင်ကြောင်း၊ ပိုက်ဆံရှိရင် ရှင့်လို ပညာတတ်တွေ လက်ညိုးထိုး ခေါ်ခိုင်းလို့ ရကြောင်း၊ ပိုက်ဆံသာ အရေးအကြီးဆုံး ဖြစ်ကြောင်း ပြောသည်။ ဒီတော့ ကျွန်တော် အတွေးဆန့်မိ သည်။ ပညာတတ်နှင့် ပိုက်ဆံ ရန်ဖက်တွေလား။ ပညာတတ်တွေက ပိုက်ဆံချမ်းသာတဲ့ လုပ်ငန်းရှင်တွေ မဖြစ်နိုင်တော့ဘူးလား။ ပညာတတ်ဆိုတာ ပိုက်ဆံ ရှိတဲ့သူတွေရဲ့ အခိုင်းခံလား။ ပညာတတ်လုပ်ငန်းရှင်ဆိုတာ မဖြစ်နိုင်တော့ဘူးလား စသည်ဖြင့် အတွေးဆန့်မိသည်။

ပထမဦးဆုံး သတိရမိသည်က မိုက်ကရိုဆော့ကို တည်ထောင်သူ၊ မယ်လင်ဒါအင် ဂိတ် ဖောင်ဒေးရှင်းကို တည်ထောင်သူ၊ နိုင်ငံတကာမှာ ကလေးတိုင်း သူ့ကျေးဇူးမကင်းဟု ဆိုရလောက်အောင် အလှူဒါန ရက်ရောသူ ဘီဂိတ် ဖြစ်သည်။ ကမ႓ာအချမ်းသာဆုံးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သူ ဘီဂိတ်သည် တကယ့်ကို စံပြ ပညာတတ်လုပ်ငန်းရှင် ဖြစ်သည်။ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာတတ်ကို ခွဲခြားထားခဲ့သည့် တံတိုင်းကို ဖြိုဖျက်နိုင်ခဲ့သူ ဖြစ်သည်။

Entrepreneur (စွန့်စားရဲ လုပ်ကိုင်ရဲ လမ်းသစ်ဖောက်ရဲသူ)

အဲဒီလို အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ အထုပ္ပတ္တိတိုင်းတွင် Entrepreneur ဆိုသော စကားလုံးသည် မပါမဖြစ် ပါဝင်နေမည် ဖြစ်သည်။ အောင်မြင်နေသော လုပ်ငန်းရှင်တိုင်း လမ်းသစ်ဖောက်ခဲ့ကြသည်။ အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြသည်။ ရိုးသား နိုးကြားကြသည်။ ပန်းတိုင်ရှိကြသည်။ အခွင့်အရေးကို မလွတ်စတမ်းယူတတ်ကြသည်။ ကိုယ့်ရဲ့ ဦးတည်ချက်၊ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ချထားတတ်ကြသည်။ လောကဓံကို ရဲရဲရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားတတ်ကြသည်။ ကံကောင်းကြသည်။ ကံကောင်းအောင်လည်း နေကြသည်ဟု အရှေ့တောင်အာရှမှာ အောင်မြင်ချမ်းသာနေသူ ဇောတိကများကို အင်တာဗျူးပြီး Added Value ဆိုတော့ စာအုပ်ကို ရေးသားသူ Peter Church က ဆိုသည်။ အဆိုပါ အချက်ဆယ်ချက်သည် Entrepreneur တို့၏ ဂုဏ်များဟု ဆိုလျှင် မှားအံ့မထင်။ ဒါက အခြားနယ်ပယ် အသီးသီးမှာ ဖြစ်သည်။ နည်းပညာဆိုတော့ နယ်ပယ်တွင်မတော့ Creative Entrepreneur အရင် ဖြစ်ဖို့ လိုမည်ဟု ဆဝါးမိသည်။

တစ်ခါက MCC ကို တည်ထောင်သူ ဆရာဦးတင်ဝင်းအောင် ပြောခဲ့သော စကားတစ်ခွန်းကို သွားသတိရသည်။ အသစ်လုပ်ပါ။ ဒါမှမဟုတ် အကြီးကြီး လုပ်ပါ။ ဒါမှမဟုတ်ရင်တော့ လစ်တော့ ဟုဆိုသည်။ ဆရာဆိုလိုသည်က အောင်မြင်သော လုပ်ငန်းတစ်ခု တည်ထောင်နိုင်ဖို့ ပထမ သူများမလုပ်သေးသော လုပ်ငန်းကို စလုပ်ပါ။ အဲဒီလိုမှမဟုတ် သူများလုပ်ပြီးသား လုပ်ငန်းကို လိုက်လုပ်မည် ဆိုလျှင်တော့ အကြီးကြီးက စလုပ်ပါ။ ဒါမှမဟုတ်ရင်တော့ လစ်တော့၊ ထွက်တော့ဟု ဆိုလိုရင်း ဖြစ်သည်။ ဒီနေရာမှာ ကျွန်တော် တစ်ခု ဖြည့်တွေးမိသည်က ဆရာဆိုလိုသည့် ထွက်တော့ မလုပ်နဲ့တော့ဟု ဆိုသော စကားသည် ပြင်ပနိုင်ငံများကို ထွက်ပြီး အလုပ်လုပ်ဖို့ ဆိုလိုသည်လား ဒါမှမဟုတ် ဘာမှမလုပ်နဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဟု ဆိုလိုသည်လား မသိ။ တကယ်တော့ ယခုအချိန်အထိ ဆရာ့အဆို မှန်နေတာ တွေ့ရသည်။ အသစ်မလုပ်နိုင်၊ အကြီးကြီး မလုပ်နိုင်သူတွေ နိုင်ငံခြားပဲ လစ်ကုန်ကြသည်။ ထွက်ကုန်ကြသည်။ နိုင်ငံခြား မလစ်လိုသူတွေအတွက်တော့ ဆရာပြောသည့် လမ်းနှစ်လမ်းကို ရွေးရတော့မည်၊ အသစ်လုပ်မည်လား၊ အကြီးကြီးလုပ်မည်လား။ အကြီးကြီးလုပ်ဖို့ဆိုတာကတော့ အရင်းအနှီးလည်း အကြီးကြီးလိုနေသည်။ အရာရာ အကြီးကြီးတွေ လိုနေမှာ ဖြစ်သည်။ ဒီတော့ ဒီလမ်းကလည်း မဖြစ်နိုင်ပြန်တော့။ မချစ်သော်လည်း အောင့်ခါနမ်းဆိုသလို အသစ်လုပ်ပြီး လမ်းသစ်ဖောက်ရသော လမ်းကိုသာ ရွေးရတော့မည် ဖြစ်သည်။

Creative Entrepreneur (တီထွင်ဖန်တီး စွန့်ဦးလုပ်ငန်းရှင်)

ကျွန်တော်၏ Business အပိုင်းတွင် ဆရာဖြစ်သော ဆရာဦးရဲမြင့်က Entrepreneur ကို စွန့်ဦးတီထွင် လုပ်ငန်းရှင်ဟု ဘာသာပြန်သည်။ ဆရာကျော်ဝင်းကတော့ စွန့်စားရဲ့ လုပ်ရဲကိုင်ရဲသူဟု ဘာသာပြန်သည်။ Creative Entrepreneur ကို ဘယ်လို ဘာသာပြန်လျှင် သင့်တော်မည်နည်း။ တီထွင်ဖန်တီးမှု အရင်းပြုသော စွန့်စားရဲ၊ လမ်းသစ်ဖောက်ရဲ၊ လုပ်ရဲကိုင်ရဲသူဟု ဘာသာပြန်ရမည် ထင်သည်။ ဆရာဦးရဲမြင့် ဘာသာပြန်သော စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတော့ ဘာသာပြန်ချက်နှင့် နီးစပ်မည်ထင်သည်။

ဘီဂိတ်က ဒေးဗို့စ်တွင် ကျင်းပလေ့ရှိသော အီကိုနောမစ် ဖိုရမ်တွင် Creative Capitalism ဆိုသော စကားလုံးတစ်လုံကို ပြောသွားသည်။ ဘီဂိတ် ဆိုလိုသည်က အမြတ်လည်းရအောင် လုပ်၊ ကမ႓ာကြီးရဲ့ မညီမျှမှုတွေကိုလည်း ဖြေရှင်းဟု ဆိုလိုသည်။ နတ်လူသာဓုခေါ်စရာ အတွေးအမြင်ဖြစ်သည်။ အမြတ်လည်းရှာ ဆင်းရဲချမ်းသာ ကွဟမှုတွေကိုလည်း ဖြေရှင်းဆိုတော့ ဆင်းရဲသားတွေကို ကူညီဖို့ ပြောခြင်းဟု အဓိပ္ပါယ်ရသည်။ အဆိုပါ အိုင်ဒီယာအတိုင်းပင် မိုက်ကရိုဆော့မှ ထွက်သည်။ မယ်လင်ဒါအင် ဂိတ် ဖောင်ဒေးရှင်းမှာ အချိန်ပြည့်တာဝန်ယူပြီး နတ်လူသာဓုခေါ် စရာတွေပဲ လုပ်နေတော့သည်။ မိုက်ကရိုဆော့က ရလာသည် ဒေါ်လာကုဋေချီနေသော အမြတ်ငွေများကို ပရဟိတ လုပ်ငန်းများတွင် ပြန်လည်အသုံးချသည်။ ဒါက ဘီဂိတ်ပြောသည့် Creative Capitalism။

ကျွန်တော်ပြောချင်သည်က Creative Entrepreneur။ တီထွင်ဖန်တီးနိုင်စွမ်းကိုအဓိကထားသော စွန့်ဦးလုပ်ငန်းရှင် ဖြစ်သည်။ Entrepreneur ဟု စကားလုံးတစ်လုံးတည်းနဲ့ မရဘူးလားဟု ဆိုနိုင်ပါသည်။ ကျွန်တော်ကတော့ နည်းပညာသမားတွေအတွက် မလုံလောက်၊ မပြည့်စုံဟု ထင်သည်။ ဒါကြောင့် ဘီဂိတ်ပြောသာ Creative Capitalism ဆိုသော စကားမှာ Creative ကို ဖြုတ်ပြီးCreative Entrepreneur ဟု ယူလိုက်ခြင်း ဖြစ်သည်။ Creative Entrepreneur တစ်ယောက်သည် “တီထွင်ဖန်တီးနိုင်ရမည်၊ အသစ်ဖန်တီးနိုင်ရမည်” ဟူသော ဂုဏ်သတ္တိတစ်ခု ပိုလာသည်။ ကျန်တာတွေကတော့ အခြား Entrepreneur များ နှင့်အတူတူဟု ဆိုရမည်။ အခြား Entrepreneur များလည်း အသစ်လုပ်တာပဲ၊ တီထွင်ဖန်တီးတာပဲဟု ဆိုလာလျှင် မတူဟု ဆိုရမည် ဖြစ်သည်။ အခြား Entrepreneur တွေက အသစ်တစ်ခု ဖန်တီး အဲဒါ အောင်မြင်သွားရင် အဲဒီအပေါ်မှာ ပုံမှန် ပံ့ပိုးဖန်တီးမှုများသာ လုပ်စရာလိုတော့သည်။ Creative Entrepreneur တွေကတော့ ထိုမျှနှင့် မလုံလောက် အမြဲတမ်းတီထွင်ဖန်တီးနေရမည် ဖြစ်သည်။ ကောက်ရိုးပုံတွင် အပ်ပျောက်ရှာသည်။ အပ်တွေ့သွားလျှင် ရိုရိုး Entrepreneur အတွက် လုပ်ငန်းဆုံးပေလိမ့်မည်။ Creative Entrepreneur အတွက်တော့ ကောက်ရိုးပုံကို ဆက်မွှေနေရမည်။ ဆက်ရှာနေရမည်။

ပညာတတ်နှင့် စီမံခန့်ခွဲမှု

စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာတတ်များကို ခြားထားသော အကြီးမားဆုံး တံတိုင်းတစ်ခုမှာ စီမံခန့်ခွဲမှုပညာနှင့် ပညာတတ်မတွဲမိခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များနှင့်သာ စီမံခန့်ခွဲမှုနှင့်ဆိုင်သည်။ ပိုက်ဆံရှိဖို့သာလိုသည်။ စီမံခန့်ခွဲမှုကို ဝယ်ယူလို့ရသည်။ ပညာတတ်ကို ဝယ်လို့ရသည်ဟု မြင်ကြသည်။ ဒီတော့ ပညာတတ်ဆိုတာ အခိုင်းခံဘဝ လုံးလုံးရောက်ရတော့သည်။ ဘီဂိတ်ကတော့ ထိုသို့မဟုတ်၊ ပညာလည်း တတ်သည်။ စီမံခန့်ခွဲမှုကိုလည်း ကောင်းကောင်းလုပ်နိုင်တာ တွေ့ရသည်။ DOS ကို တီထွင်သည်။ စီးပွားရေးအမြတ်အစွန်းအတွက်လည်း ရောင်းသည်။ လုပ်ငန်းပုံစံကိုလည်း ရအောင် အကောင်အထည်ဖော်လာသည်။ ပညာတတ် စီမံခန့်ခွဲရေးသမား၊ နောက်တော့ ပညာဖြင့် စီမံခန့်ခွဲရေးဆိုတာ ဖြစ်လာသည်။ ဒါပေမယ့် တီထွင်ဖန်တီးမှုကို DOS မှာတင် ရပ်မနေပဲ။ Windows ကို ဆက်သွားသည်။ Windows ကိုလည်း ဗားရှင်းအဆင့်ဆင့် ထုတ်သည်။ တီထွင်ဖန်တီးမှုလည်းရှိသည်။ ပညာနှင့်လည်း စီမံခန့်ခွဲသည်။ ကမ႓ာ့အချမ်းသာဆုံးဖြစ်လာသည်။

ဘီဂိတ်၏ ပုံပြင်သည် Entrepreneur များအတွက် အကောင်းဆုံး ရေခံမြေခံရှိသော၊ Entrepreneur များအတွက် သီးသန့်အခွင်အလမ်းများ ဖန်တီးပေးထားသော အမေရိကန်နိုင်ငံမှ ပုံပြင်ဖြစ်သည်။ ဒီမှာက Entrepreneur တွေအတွက် ရေခံမြေခံမကောင်း၊ အခွင့်အလမ်းမရှိဟု ဆိုကြသည်။ တကယ်တော့ နိုင်ငံခြားထွက်သွားသူ တစ်ယောက်သည် မြန်မာနိုင်ငံတွင် လုပ်စရာ အများကြီးရှိသေးကြောင်း မြင်ကြသည်။ နိုင်ငံတကာတွင် လုပ်ငန်းသစ်ထောင်ဖို့ မလွယ်၊ အကြီးကြီးတွေလုပ်ရဖို့သာ များသည်။ မြန်မာနိုင်ငံတွင်မတော့ အသစ်လုပ်စရာတွေ အများကြီးရှိသေးကြောင်း မြင်ကြသည်။ အင်တာနက်တွင် အတိုင်းအတာတစ်ခုအထိ ကျင်လည်ကြသူများပင် မြန်မာနိုင်ငံတွင် သစ်စရာများ တစ်ပုံတစ်ပင် ရှိသေးကြောင်း တွေ့နိုင်ကြသည်။ သို့သော် အသစ်တွေကို ချပြဖို့ အသစ်တွေကို စီးပွားဖြစ်အောင် လုပ်ဖို့တော့ အင်မတန်ခက်ကြောင်း တွေ့ရသည်။ ဘာပဲဖြစ်ဖြစ် ပညာတတ်နှင့် စီမံခန့်ခွဲမှုကတော့ အစောကတည်းက တွဲထားဖို့ လိုကြောင်း သိထားရမည် ဖြစ်သည်။

အခွင့်အလမ်းကို မျက်ခြေမပြတ်ခြင်း

မြန်မာနိုင်ငံတွင် တံခါးပိတ်စီးပွားရေးမှ တံခါးဖွင့် စီးပွားရေးဖြစ်သော စျေးကွက်စီးပွားရေး ဆိုသည့် အသံတွေကျယ်လာသည်။ အဆိုပါ အသံနှင့်အတူ အများဆုံး လုပ်ကြသည်က Export & Import လုပ်ငန်းများ ဖြစ်ကြသည်။ ထိုအချိန်က အခွင့်အလမ်းများစွာ ဖြစ်ပေါ်ခဲ့သည် ဆိုသည့်အချက်ကို မည်သူမျှ ငြင်နိုင်မည် မထင်။ မြန်မာနိုင်ငံကို Pesi ၏ စီးပွားရေးနည်းပညာနှင့် မိတ်ဆက်ပေးခဲ့သော ဆရာဦးသိန်းထွန်းသည် အဆိုပါ စျေးကွက် စီးပွားရေးအဖွင့်တွင် ဖြစ်ပေါ်လာသော အခွင့်အလမ်းကို အမိအရ အသုံးချနိုင်ခဲ့သူဟု ဆိုရမည် ဖြစ်သည်။ အဆိုပါ စျေးကွက်စီးပွားရေးနှင့်အတူ ငါးပွက်ရာ ငါးစာချကြသော စီးပွားရေးလည်း ကျွဲကူးရေပါဆိုသလို ပါလာတာတွေ့ရသည်။ သူများတွေ ဒီဟာလုပ်လို့ အောင်မြင်တယ် ငါတို့လည်း လိုက်လုပ်ကြမယ်ဆိုသော စီးပွားရေးဖြစ်သည်။ သူများတွေ အင်တာနက်ကဖေးဖွင့်တယ်။ ငါတို့မှာလည်း ပိုက်ဆံရှိတယ် ဖွင့်ကြမယ် ဆိုပြီး လိုက်ဖွင့်ကြသည်။ ဒီတော့ တစ်လမ်းတည်းမှာ ဆယ်ဆိုင်၊ ဆယ့်ငါးဆိုင်ဖြစ် အားလုံးစီးပွားမဖြစ်တော့ ဆိုတာမျိုးတွေ ဖြစ်သည်။ ဒါကအခွင့်အလမ်းကို ကောင်းကောင်း အသုံးချခြင်းမဟုတ်၊ အခွင့်အလမ်း ရေစီးကြောင်းထဲ အတင်းခုန်ချ စီးမျောကြခြင်း ဖြစ်သည်။

Creative Entrepreneur များအတွက် အဆိုပါ အသစ်ဖန်တီးနိုင်ခွင့်၊ အသစ်ကိုချပြခွင့်အတွက် အခွင့်အလမ်းကို မျက်ခြေမပြတ်အောင် စောင့်ကြည့်ဖို့ လိုသည်။ အခွင့်အလမ်းရသည်နှင့် ကိုယ့်တီထွင်ဖန်တီးမှုကို ကို ချပြနိုင်ဖို့ အသင့်ဖန်တီးထားရမည် ဖြစ်သည်။ အခွင့်အလမ်းတစ်ခု ပေါ်လာလျှင် ချက်ချင်းချပြ စီးပွားဖြစ်အောင်လုပ်၊ နောက်ထပ်အခွင့်အလမ်းအတွက် ပြင်ဆင်ဆိုသလို ဖြစ်သည်။ အဆိုပါအခွင့်အလမ်းများသည် နိုင်ငံတစ်ခုလုံးနှင့်ဆိုင်သော ပေါ်လစီအပြောင်းအလဲများမှလည်း ထွက်ပေါ်လာတတ်သလို၊ အခြားရှုထောင့်ပေါင်းစုံမှလည်း ထွက်ပေါ်လာတတ် ကြောင်း သိထားဖို့လိုမည်။ အဓိကအကျဆုံး အခွင့်အလမ်းပေါ်ထွက်လာရာ လမ်းကြောင်းကတော့ နိုင်ငံတစ်ခုလုံးနှင့်ဆိုင်သော ပေါ်လစီ အပြောင်းအလဲများက ဖြစ်သည်။ ပေါ်လစီ ဖိုးကပ်(စ်)ကို မျက်ခြေမပြတ်သင့်။ နိုင်ငံတကားအစိုးရတိုင်း မပြောမဖြစ်ပြောကြရသော “အီး” နှင့်စသော စကားလုံးများသည် နည်းပညာသမားအတွက် အခွင့်အလမ်းတွေ ဖြစ်ပေါ် လာနိုင်ကြောင်း သတိထားကြရမည်။ ဒီတော့ အခွင့်အလမ်း ပေါ်တာနဲ့ ချက်ချင်း အသုံးချ၊ မြန်မြန် အကောင်အထည်ဖော်၊ အခွင့်အလမ်းကို မျက်ခြေမပြတ်နှင့်ဟု ဆိုချင်ပါသည်။

ကော်ပိုရိတ်လောင်းရိပ်အောက်မှ ရုန်းထွက်ခြင်း

Start-ups လို့ခေါ်တဲ့ ခုမှ စရမယ့် Creative Entrepreneur တွေအနေနဲ့ အကြီးမားဆုံးနှင့် အရင်ဆုံး ရုန်းထွက်ရမည့် လောင်းရိပ်သည် ကော်ပိုရိတ် လောင်းရိတ် ဖြစ်သည်။ ကော်ပိုရိတ်ကြီးများသည် Client မျိုးစုံ၊ အလွှာမျိုးစုံနှင့် Trust ကြီးကြီးတည်ဆောက်ထားပြီး ခိုင်မာနေပြီးသား ဖြစ်သည်။ ကော်ပိုရိတ်များအနေနှင့်လည်း အဆိုပါ Trust မျိုးကို လွယ်လွယ်နှင့် တည်ဆောက် ထားခြင်းမဟုတ် အနှစ်နှစ်အလလ ရင်းနှီးမြှတ်နှံမှုများစွာဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုကဲ့သို့သော Trust များသည် ကော်ပိုရိတ်ကွန်ယက်များရင် များသလို နေရာတကာ ရှက်နွယ်နေတတ်သည်။ ထိုကဲ့သို့သော ကွန်ယက်အတွင်းသို့ ဝင်ရောက်နေရာယူဖို့ ဆိုသည်မှာ ဆရာဦးတင်ဝင်းအောင် ပြောသော အကြီးကြီးလုပ်ဆိုသော နည်းဖြင့်သာ အလုပ်ဖြစ်နိုင်သည်။ သို့မဟုတ်ပါက ကိုယ့်အတွက် တစ်နေရာစာ ဆိုတာမျိုး ဖြစ်မလာပဲ၊ ဆင်တို့ပြေးရာ လမ်းတစ်လျှောက် ရောယောင် ဝင်ပြေးရင်း ဆင်အနင်းခံရသည်သာ အဖတ်တင်သလို ဖြစ်နေတတ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် မြန်မာနိုင်ငံအနေအထားအရ အင်မတန် ဝင်ရခက်ကြောင်းတွေ့ရသည်။ လွပ်လပ်စွာယှဉ်ပြိုင်ခွင့် အားနည်း နေသော အချိန်၊ Client များဖက်မှ နည်းပညာလိုအပ်ချက် နည်းပါးနေသေးသော အချိန်များတွင် ဆိုးရွားစွာ ခက်ခဲလွန်းနေတတ်သည်။ ဝင်မည့်သူများ အနေဖြင့်လည်း ပိုင်သူစားစတမ်း၊ ကြီးသူစားစတမ်း အခြေအနေကို ဘယ်လိုမှ မလွန်ဆန် နိုင်တော့ပေ။ ကိုယ့်က Client အတွက် အိုင်ဒီယာအသစ်၊ အတွေးအမြင်အသစ်၊ နည်းပညာအသစ်ဖြင့် အင်မတန် အသုံးဝင်လှစွာသော နည်းစနစ်များကို မိတ်ဆက်ပေးပါစေဦး။ Client ဖက်က နည်းပညာ ယဉ်ပါးမှု နည်းခြင်း၊ နည်းပညာလိုအပ်ချက်ကို အကဲ မဖြတ်နိုင်ခြင်း စသည်တို့ ကြုံလာသည့်အခါ ဘယ်လိုမှ Deal မလုပ်နိုင်သော အခြေအနေအထိ ရောက်သွားနိုင်သည်။ အလုပ်ဖြစ်ဖို့ အဓိကထားနေသော လုပ်ငန်းများအတွက် လက်သင့်ရာ စားတော်ခေါ်သွားသည့် အခြေအနေမျိုးသာ ရင်ဆိုင်ရမည် ဖြစ်သည်။ ဒီနေရာတွက် ပေါ်လစီမိတ်ကာများ၏ Entrepreneur များအပေါ် စောင့်ရှောက်သော ဥပဒေများ ထုတ်ပြန်ပေးမှသာ အဆင်ပြေနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ကော်ပိုရိတ်လှိုင်းလုံးကြီးများထဲတွင် Entrepreneur များ နစ်မြှတ်ပျောက်ကွယ် သွားသော ဇာတ်ကွက်များသာ မြင်တွေ့နေရမည် ဖြစ်သည်။

Creative Entrepreneur များအနေဖြင့် အဆိုပါလောင်းရိပ်အောက်က ထွက်လိုသော် အဆိုပါလောင်းရိပ်များ လွတ်နေသော နေရာများကို ရှာဖို့ကလွဲ၍ အခြားမရှိနိုင်တော့ပေ။ အဆိုပါနေရာများကို မည်ကဲ့သို့ရှာမည်နည်း။ ထိုအခါ နိုင်ငံခြားတွင် အလုပ်လုပ်နေသော သူငယ်ချင်း တစ်ယောက်ကို မေးကြည့်ပါ။ သူတို့ကတော့ မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်ဟု ပြောမှာ သေချာသည်။ သူတို့ နေထိုင်လုပ်ကိုင် နေသော နိုင်ငံသည် ဆူပါနိုင်ငံဖြစ်နေပါက ပိုဆိုးသည်။ ထိုကဲ့သို့သော နေရာလွတ်များကို မြန်မာနိုင်ငံတွင် ပြန်အကောင်အထည် ဖော်မည်ဆိုပါက လွယ်ကူနိုင်မည်လား၊ အဓိကအားဖြင့် စီးပွားဖြစ်နိုင်မည်လားဆိုသော အချက်သည် အခက်ဆုံးအချက်ဖြစ်သည်။ နိုင်ငံခြားမှာ အလုပ်သွားလုပ် အဆက်အသွယ်များရှာလာ ဒီမှာ ပြန်ပြီး ရင်းနှီးမြုတ်နှံဆိုသော ကိစ္စသည် လူတိုင်းအိပ်မက် ဖြစ်နေတတ်သော်လည်း တကယ်တန်း အကောင်အထည် ဖော်ရာတွင် ရေမှာ အရုပ်ရေးသလို ဖြစ်နေတတ်သည်။

နေရာလွတ်များဖန်တီးရာတွင် အဓိကအကျဆုံးမှာ အိုင်ဒီယာဟု ဆိုရမည် ဖြစ်သည်။ အဆိုပါ အိုင်ဒီယာသည် သစ်ဖို့လိုမည်။ Creative Idea များ ဖြစ်ဖို့ လိုမည်ဆိုသော အချက်သည် တရားသေမဟုတ်တော့ပြန်။ တစ်ခါတစ်လေ အိုင်ဒီယာအဟောင်းများသည်လည်း တစ်ကျော့ပြန် အလုပ်ဖြစ်လာတတ်သည်။ အဓိကကတော့ အိုင်ဒီယာ အစပ်အဟပ်တည့်ဖို့ ဖြစ်သည်။ အစပ်အဟပ်တည့်သော အိုင်ဒီယာကိုလည်း ဖန်တီးနိုင်မည်။ နေရာလွတ်လည်း ဖြစ်မည် ဆိုပါက တစ်ခါတည်း အလုပ်ဖြစ်သွားနိုင်သည်။ အကြံကောင်းတော့ တစ်ချက်ဟု ဆိုသလိုမျိုး ဖြစ်သည်။ သို့သော် မလွယ်ဟု ဆိုရမည်။ အမေရိကန်နိုင်ငံတွင် အိုင်ဒီယာများ၏ အရင်းအမြစ်သည် တက္ကသိုလ်များ ဖြစ်သည်။ တက္ကသီလာများ၏ Research and Development များသည် အားကောင်းမောင်းသန် ဖွံ့ဖြိုးနေပြီး အိုင်ဒီယာအသစ်များကိုလည်း တစ်ခုပြီး တစ်ခု မွေးဖွားပေးနိုင်စွမ်း ရှိကြသည်။ နည်းပညာကဲ အိုင်ဒီယာများအတွက် တက္ကသီလာများ၏ Lab ခန်းများသည်း အကောင်းဆုံး မွေးဖွားရာ နေရာဖြစ်သည်။

နေရာလွတ်များ ဖြစ်ပေါ်လာနိုင်မည့် နေရာများကို သုံးသပ်ခြင်း

နည်းပညာမှာကတော့ နေရာလွတ်တွေ ဖြစ်လာစရာ ဒုနှင့် ဒေးရှိနေပါသည်။ စီးပွားရေးတိုးတက်မှုပမာဏ အတိုင်းအတာတစ်ခု ရှိသည် ဆိုရုံမျှနှင့်ပင် နေရာလွတ်တွေ၊ ပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်စရာရှိသည်ဟု ခန့်မှန်းရပါသည်။ အင်တာနက် နည်းပညာအခန်းကဏ္ဍတစ်ခုတည်းမှာပင် လုပ်စရာ အပုံအပင်ရှိနေသေးသည်။ ထုံးစံအတိုင်း နေရာလွတ်တစ်ခုပေါ် တစ်ယောက်က စလုပ်၊ ကျန်တဲ့သူတွေလည်း လိုက်လုပ်ဆိုပြီး ငါးပွက်ရာ ငါးစာချတွေလည်း ရှိနေဦးမည် မလွဲပေ။ မှန်ကန်သော ယှဉ်ပြိုင်နိုင်မှု၊ တရားမျှတသော အခွင့်အရေး၊ သင့်တော်သော ဥပဒေများ ရှိဖို့ လိုဦးမည် ဖြစ်သည်။ စီးပွားရေးတို့ ထုံးစံအတိုင်း Boom -> Bubble -> Bust တွေနှင့် ကြံုရဦးမည်။ အခွင့်အလမ်းအားလုံး၏ Trigger စီးပွားရေးဟု ဆိုချင်ပါသည်။ ကိုယ်က အသင့်ပြင်ဆင်ထားမည်လား။ အသင့်ပြင်ဆင်ထားပြီး ဘာမှဖြစ်မလာခဲ့လျှင်။ အချိန်တန်လို့ သူများတွေ စပြီး ကိုယ်မစနိုင်ခဲ့လျှင်၊ စသည်ဖြင့် စဉ်းစားစရာတွေ အပုံအပင်ရှိနေဦးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ယခုဆောင်းပါးအား ကျွန်တော် နားလည်သလို ကျွန်တော်သိသလောက်ရေးထားခြင်း ဖြစ်ပါသည်။ ပညာရှင်များအနေနှင့် ထောက်ပြဝေဖန် ဆွေးနွေး ပေးစေလိုပါသည်။ အလွန်တရာအရေးကြီးသော နောက်ထပ် နိုင်ငံတည်ဆောက်ရေး မျိုးဆက်ဖြစ်သော ပညာတတ်လုပ်ငန်းရှင်များ ပေါ်ထွက်လာရေး အတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါသည်။ အမှားအယွင်းများပါရှိပါက စာရေးသူ၏ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်း ဝန်ခံပါသည်။

Facebook comments:

11 Responses

  1. khunmoe says:

    Very great article……it gives me something to think…..
    thanks

  2. moemyint says:

    သိပ်ကောင်းတဲ့ ဆောင်းပါးလေးပါ။ မျိုးဆက်သစ် ဗမာလူငယ်များအတွက်အားတက်စရာ အတုယူစရာ အကြံပေးချက်လဲဖြစ်တယ်။ သိပ်ပြီးကျေးဇူးတင်တယ်ဗျာ….

  3. ခုလို စိတ်ဝင်တစားဖတ်ရှုပြီး မှတ်ချက်ပေးတဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ

  4. phptweety says:

    ကျွန်တော် လည်းတွေးမိပါတယ် Google ကိုကျောင်းသားနှစ်ယောက်ကထွင်တယ် ဒါပေမယ့် စီးပွားရေးဘက်မှာ မကျွမ်းကျင်တော့ သူများကဝင်လုပ်ပေးရတယ်
    Facebook ကိုကျောင်းသားတစ်ယောက်ကထွင်တယ်
    စီးပွားရေးဘက်မှာ မရတော့ သူများက Management ဝင်လုပ်ပေးရတယ်
    ဒီတော့ ပညာတတ်လုပ်ငန်းရှင်ဖြစ်နိုင်ရင် ပိုကောင်းမှာပေါ့
    အခုလို လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်

  5. Ko Ko Win says:

    ကျေးဇူးပါအကို အရမ်း ရသမြောက်တဲ့ စာလေးပါ. ဒါ့အပြင် မျိုးဆက်သစ် မြန်မာလူငယ်တွေအတွက် စေတနာရှေ့ထားတဲ့ အကို့စေတနာကိုပါ လေးစားမိပါတယ်။ ဒီစာလေးတွေကို ကြိုက်တဲ့အတွက် ကျွန်တော့်ဘလော့ခ်မှာ ကူးပြခွင့်ပြုပါနော်. :P

  6. Myanmar Tutorials ကို Credit ပေးပြီး ကူးနိုင်ပါတယ်ခင်ဗျာ …

  7. AkmSunday says:

    အရမ်းကောင်းတဲ့အတွေးခေါ်တွေနဲ ့ရေးသားချက်တွေပါပဲဗျာ…
    ကျွန်တော်တို ့လိုတက်သစ်စ မြန်မာလူငယ်များအတွက်တော့ မှတ်သားလောက်ပါပေတယ်ဗျာ…
    ဆက်ပြီးလဲတင်ပြပေးပါအုန်း…
    အားပေးနေမယ်…

  8. Tomorrow says:

    A nice article and I am really appreciated.

    I wanted to do BIG thing, but I can’t as I don’t have Big Big Big. So I become someone who is looking for the new.

    Yes there’s a lot of new business opportunities in Myanmar. That’s true.

    Most people don’t want to take risk.
    Every business must face Profit & Loss. But its depend on the situation and owner ability how long profit will last and how long loss will take place.

    At present, I am facing the problem that the people around me are seeing I am fool for trying to do the new thing. If I can overcome this process, I will reach one step. If not, I will dilute in the flow without notice.

  9. Thiha says:

    ခုလို မှတ်ချက်ရေးသား ချီးမြှင့်သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မှတ်ချက်ပေးတယ်ဆိုတာ ရေးသားသူအတွက် အားဆေးပါခင်ဗျ …

  10. Zombie says:

    Dear bro thiha,

    I’m writing to you cause you are the one who begins to write like entrepreneur author.
    Keeping your writing simple is the essence of thinking of tone. I’m so eager to be creative entrepreneur. I really appreciate all the things u gave us from your post bro.

    Warmest Regards,
    zombie

Leave a comment


*