ကော်ပိုရိတ် Website များ၏ ခပ်ရှရှ အမှန်တရားများ အကြောင်း (၂)
(၆) သင့်ရဲ့ Website ဆိုတာ သင့်အကြောင်းကို ပြောပြတဲ့ နေရာမဟုတ်ပါဘူး
တစ်ချို့သော Website မန်နေဂျာများ အနေနဲ့ တစ်လောကလုံးမှာ ရှိတဲ့ လူတိုုင်းကို ဆွဲဆောင်ဖို့ ကြိုးစားနေတယ်လို့ အပေါ်မှာ ဆိုခဲ့ပါတယ်။ တစ်ချို့တွေကတော့ အဲဒီလို မဟုတ်ပါဘူး။ သူတို့ Website တွေကို သူတို့ ကိုယ်တိုင်အတွက်၊ သူတို့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဆွဲဆောင်မှု ရှိဖို့ တည်ဆောက် လိုနေကြပါတယ်။ သူတို့ တစိမ့်စိမ့်ကြည့်ပြီး ပီတိတွေ ဖြာနိုင်အောင်၊ လုပ်ဖော်ကိုင်ဖက်တွေ ချီးမွန်းခန်းတွေ ဖွင့်မဆုံးအောင် ဖြစ်လိုကြပါတယ်။ အံ့သြစရာ ကောင်းလောက်အောင်ပါပဲ၊ အဖွဲ့အစည်းတော်တော် များများဟာ သူတို့ Website တွေကို အမှန်တကယ် အသုံးပြုမယ့် Users တွေကို လုံးဝ မေ့ထားတတ်ကြပါတယ်။ အဖွဲ့အစည်းရဲ့ အမြင်အပေါ်မှာသာ အဓိကထား တည်ဆောက်ထား တတ်ကြပါတယ်။ Website ဆောက်တာ အမ်ဒီ အကြိုက်အရောင်၊ မဒမ် အမ်ဒီအကြိုက် အဆင်အပြင်၊ မန်နေဂျာအကြိုက် စကားလုံး စသည်ဖြင့် အဖွဲ့အစည်းကလူတွေ ပါစေချင်တာတွေ စုထည့်ထားတဲ့ နေရာကြီး ဖြစ်လာပါတယ်။
တကယ်တန်း Website တစ်ခုကို သုံးတဲ့အခါ အဲဒီ အမ်ဒီတွေ၊ မဒမ် အမ်ဒီတွေ၊ မန်နေဂျာတွေ မဟုတ်ပဲ အပြင်လောကက အသုံးပြုသူတွေ ဖြစ်နေပါတယ်။ ဒီတော့ မျက်နှာမူတာ လွဲနေပါတယ်။ ဖြစ်သင့်တာက အမှန်တကယ် အသုံးပြုသူတွေအတွက် အကောင်းဆုံး စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ ဒီဇိုင်း တော်တော်များများ အပယ်ခံရတယ်၊ ဘာကြောင့်လဲဆိုတော့ အမ်ဒီက အစိမ်းရောင် မကြိုက်လို့၊ တကယ် အမှန်တကယ် အသုံးပြုမယ့် သူတွေက ကျောင်းသားတွေ ဖြစ်နေရင် အလွဲကြီးလွဲပါပြီ။ အဲဒီအပြင် စာသားတွေ ထည့်တဲ့အခါမှာလည်း အမ်ဒီက Briefing ပေးထားသလို၊ ဝန်ထမ်းတွေကို ဆုံးမစကား ပြောထားသလို ရေးထားတတ်ပါသေးတယ်။ ရုံးတွင်း ပြောနေကြ အပြင်လူ နားမလည်နိုင်တဲ့ စကားတွေလည်း ထည့်ရေးတတ် ပါသေးတယ်။ ဒီလိုတွေ စီစဉ်ထားမယ်၊ ရေးထားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ စဉ်းစားသာ ကြည့်ပါတော့ဗျာ။
(၇) Web Team ဆိုတာ တောက်တိုမယ်ရက အစ အသေးစိတ် အုပ်ချုပ်ရမယ့် နေရာမဟုတ်ပါဘူး
အဖွဲ့အစည်းအတွင်းမှာ သီးသန့်ဌာန တစ်ခုအဖြစ် ပါဝင်နေတဲ့ Web Team ပဲ ဖြစ်ဖြစ် အခြား အေဂျင်စီတစ်ခုပဲ ဖြစ်ဖြစ် Web Team ဆိုတာ အရစ်စိတ် ရစ်ပြီး ခိုင်းစေရမယ့် နေရာမဟုတ်ပါဘူး။ Web Designers ကို ခေါင်းစားပြီး ဟိုအရောင်တော့ မကောင်းဘူး၊ ဒီ လိုဂိုလေးကို နည်းနည်းကြီးလိုက်ပါလားဆိုပြီး ခေါင်းစားလို့ မဖြစ်ပါဘူး။ တကယ်တန်း Web Designer အနေနဲ့ တာဝန်ထမ်းဆောင် နေသူအနေနဲ့ သာမာန် ကွန်ပျူတာ စာရေးအဆင့်ထက် အများကြီး ပိုပါတယ်။ အဲဒီလို အုပ်ချုပ်မှု ပုံစံမျိုးနဲ့ဆိုရင် Web Designer တွေဆီက အကောင်းဆုံးတွေ ဆိုတာ ရဖို့ မဖြစ်နိုင်ပါဘူး။ သူတို့မှာ Web နဲ့ ပတ်သက်တဲ့ အသိပညာတွေ၊ Website ကို အသုံးပြုသူတွေနဲ့ ဘယ်လို ချိတ်ဆက်သင့်တယ် စသည်ဖြင့် အရည်အချင်းတွေ အများကြီး ရှိနေပါတယ်။ အဲဒီ အပြင် ဒီဇိုင်းနဲ့ ပတ်သက်တဲ့ နည်းလမ်းတွေ၊ Grid System, White Space, Color Theory စသည်ဖြင့် အများကြီး အများကြီး သိတာတွေ ရှိနေပါတယ်။
ဒါကြောင့် Micro-manage လို့ ခေါ်တဲ့ အရစ်စိတ် အုပ်ချုပ်နည်းနဲ့ အသုံးပြုပြီး ဟိုဟာလေးက ဒီလိုလုပ်ပါလား၊ ဒီဟာလေးက ဟိုလိုလုပ်ပါလား ဆိုပြီး သွားလုပ်နေမယ်ဆိုရင် Web Designer တွေကို သာမန် ကွန်ပျူတာ စာရေး အဆင့် တွန်းချနေတာနဲ့ အတူတူပါပဲ။ သူတို့ဆီမှာ ရှိနေတဲ့ အရည်အချင်းတွေကို ဘယ်လိုမှ ထုတ်ယူလို့ ရမှာ မဟုတ်ပါဘူး။
တကယ်တန်း သူတို့ဆီက အကောင်းဆုံးတွေ ရယူလိုတယ်ဆိုရင် သူတို့ကို ပြဿနာတွေကိုပဲ ချပြပါ။ အဖြေတွေ မပေးပါနဲ့။ ဥပမာ – လူငယ်တွေကို ရည်ရွယ်တဲ့ Website တစ်ခုလိုချင်တယ်လို့ ပြဿနာကိုပဲ ပေးသင့်ပါတယ်။ ဒီ Website ဆွဲချင်တယ်၊ ဒီအရောင်တွေ သုံးပါ၊ ဒါတွေ ထည့်ပါ စတဲ့ အဖြေတွေ မပေးသင့်ပါဘူး။ အကယ်၍ Website ဒီဇိုင်းမှာ အသုံးပြုသူတွေဖက် တုန့်ပြန်မှုတွေ မကောင်းရင်တောင်မှ မကောင်းတဲ့ အကြောင်းကိုပဲ ပြောပြီး ဟိုအရောင်ပြောင်းလိုက်ပါလား၊ ဒီအရောင် ပြောင်းလိုက်ပါလား မပြောသင့်ပါဘူ။ အဲဒီလို အသုံးပြုသူတွေဖက်က တုန့်ပြန်မှု ဘာကြောင့် မကောင်းရတာလဲ ဆိုတာကို Web Designer ကိုယ်တိုင် လေ့လာပါစေ။ အဖြေရှာပါစေ။ လွပ်လပ်စွာ ပြုလုပ်ခွင့် ပေးလိုက်ပါ။
(၈) Website ကို ကော်မတီဖွဲ့ပြီး ရေးမယ်ဆိုရင် သေတွင်းပို့တာနဲ့ တူတူပဲ
အဖွဲ့အစည်း အကြီးကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုပါ။ Website ဖြစ်မြောက်ရေး ကော်မတီဆိုပြီး ဖွဲ့စည်းလေ့ ရှိပါတယ်။ အဲဒီလို ကော်မတီဖွဲ့လိုက်တဲ့ အခါမှာလည်း အိုင်တီဌာနက မန်နေဂျာ၊ မတ်ကက်တင်းက မန်နေဂျာ စသည်ဖြင့် ဆရာကြီးတွေ စုပြီး ဖွဲ့လေ့ရှိပါတယ်။ အဲဒီလို စုဖွဲ့လိုက်တဲ့အခါ ပြောရေးဆိုခွင့် ရှိတဲ့သူက အများကြီး ဖြစ်လာပါတော့တယ်။ အားလုံးရဲ့ ပြောကြားချက်တွေ ထင်မြင်ချက်တွေ အကုန် ထည့်သွင်း စဉ်းစားဖို့ လိုလာပါတယ်။
အဲဒီလိုသာ အားလုံးရဲ့ ထင်မြင်ယူဆချက်တွေနဲ့ Website ကို တည်ဆောက်မယ်ဆိုရင် ဘာတွေ ဖြစ်လာမယ်လို့ ထင်ပါသလဲ။ အနီရောင်သုံးဖို့ အဆိုပြုပါတယ်၊ ဟာ အနီရောင်က မကောင်းပါဘူး၊ စာတွေကို ဒီလိုစီရင် ကောင်းမယ် ထင်တယ်၊ အဲဒီလို မစီသင့်ဘူး၊ ဟိုလို စီသင့်တယ် စသည်ဖြင့် ငြင်းခုန်နေကြတာနဲ့ Website က ဖြစ်လာမှာ မဟုတ်တော့ပါဘူး။ Website တစ်ခု ရေးတယ်ဆိုတာ ကော်မတီနဲ့မှ ဖြစ်မှာပေါ့၊ ကော်မတီ မရှိရင် အလုပ်ဘယ်ဖြစ်မလဲလို့ စောတက တက်စရာရှိပါတယ်။ ဟုတ်ပါတယ်။ အဲဒီလို ကော်မတီတော့ ဖွဲ့သင့်ပါတယ်။ ဒါပေမယ့် အဲဒီကော်မတီက Website Design ချတဲ့နေရာမှာပါ ဝင်ပါမယ်ဆိုရင် ကြိမ်းသေ ပြဿနာ တက်ပါလိမ့်မယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုး၊ တစ်ယောက် တစ်ပေါက် ပြောနေတာနဲ့ Website ကို စလုံးရေစတောင် စဖြစ်မယ် မထင်ပါဘူး။
ဒီဇိုင်းဆိုတာ အတွင်းစိတ်က ဖြစ်တည်လာတဲ့ သဘော ဖြစ်ပါတယ်။ ယဉ်ကျေးမှုတွေ၊ အသက်အရွယ်တွေ၊ ယောကျင်္ား မိန်းမ အမြင်တွေ၊ ကလေးဘဝ အတွေ့အကြုံတွေ၊ အဲဒီအပြင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကနေ ပေါ်ထွက်လာတာပါ။ ဒါကြောင့် တစ်စုံတစ်ဦး အကောင်းဆုံး ရေးဆွဲလိုက်တဲ့ ဒီဇိုင်းဟာ နောက်တစ်ဦးအတွက် အဆင်မပြေတာတွေ မကြိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အင်မတန် အရေးကြီးတဲ့ အကြံပြုချက်တစ်ခုကို ပြောရမယ်ဆိုရင် ဒီဇိုင်းကို စစ်ဆေးတဲ့နေရာမှာ အသုံးပြုသူတွေက တဆင့် စစ်ဆေးပါလို့ ပြောချင်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ အတွေ့အကြံုတွေကို အခြေခံပြီး စစ်ဆေးနေမယ်ဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကံမကောင်း အကြောင်းမလှစွာပဲ ကော်မတီဖွဲ့ပြီးသား ဒီဇိုင်းဆွဲမယ်ဆိုရင် ဘယ်တော့မှာ အဲဒီလို စစ်ဖြစ်မှာ မဟုတ်တော့ပါဘူး။
ကော်မတီဖွဲ့ပြီး ဒီဇိုင်းဆွဲမယ်ဆိုရင် ဒီဇိုင်းဆွဲတာ မဟုတ်တော့ပဲ ပေါင်းစပ်ညှိနှို်င်းရေးအတွက် တိုက်ပွဲဝင်နေ သလို ဖြစ်လာပါတယ်။ ကော်မတီ မင်ဘာတွေ အနေနဲ့ ဒီဇိုင်းတွေနဲ့ ပတ်သက်တဲ့ အမြင်တွေ မျိုးစုံ ရှိနေပါတယ်။ တစ်ယောက်က အပြာရောင်ကို ကြိုက်တဲ့ အချိန်မှာ တစ်ယောက်က အပြာရောင်ကို မုန်းနေနိုင်ပါတယ်။ အဲဒီလို အမြင်မတူတာတွေကို ညှိနှိုင်းရင် Website ဆိုတာ လေထဲမှာ တိုက်အိမ် ဆောက်သလို ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ဒီဇိုင်းပိုင်းမှာ ကော်မတီက ဝင်ကိုင်မယ်ဆိုရင် ဒီဇိုင်နာရေ ထိုင်သာငိုင်နေပေတော့လို့ ဆိုရပါလိမ့်မယ်။
(၉) CMS ဆိုတာ လိုတရ မဟုတ်ပါဘူး
Client တွေ အတော်များများနဲ့ ထိတွေ့ဆက်ဆံပြီး အလုပ်လုပ်လာရတဲ့ အတွေ့အကြံုတွေ CMS နဲ့ ပတ်သက်ရင် လိုတရ စနစ်တစ်ခုလို့ မှတ်ယူနေကြပါတယ်။ မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေနဲ့ CMS အပေါ် မျှော်လင့်ထားကြတာ တွေ့ရပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ CMS တွေအနေနဲ့ အရာရာတိုင်းကို ဖြည့်ဆည်း မပေးနိုင်ဘူး၊ Content နဲ့ ပတ်သက်ချက်တိုင်းကို မပြည့်စုံနိုင်ဘူးဆိုတာ မတွေးကြပါဘူး။
ဒါပေမယ့် CMS(Content Management System) တွေအနေနဲ့ အကျိုးကျေးဇူးတွေ အများကြီးရရှိအောင် စွမ်းဆောင် ပေးနိုင်တယ်ဆိုတာ အသေအချာပါပဲ။ CMS ရဲ့ အကျိုးကျေးဇူးတွေကို ပြောရမယ်ဆိုရင်
- Content တွေကို ထည့်သွင်းတဲ့ နေရာမှာ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေကို အများကြီး လျော့ချနိုင်ပါတယ်။
- Content တွေကို ထည့်သွင်းတာ၊ တည်းဖြတ်တာ စတဲ့ ကိစ္စတွေမှာ လူတွေအများကြီး တစ်ပြိုင်တည်း လုပ်ကိုင် ဆောင်ရွက်နိုင်ပါတယ်။
- မြန်မြန်ဆန်ဆန် အဆင့်မြှင့်တင်လို့ရပါတယ်။
- ထိန်းချုပ်နိုင်စွမ်းလည်း အများကြီးရှိစေပါတယ်။
ဒါပေမယ့် CMS တော်တော်များများဟာ ပိုင်ရှင်တွေ လိုချင်သလောက် ပြောင်းလွယ် ပြင်လွယ် လုပ်လို့ မရနိုင်ပါဘူး။ ပုံစံအတိအကျ တစ်ခုတည်း ချထားပြီး သုံးတဲ့နေရာတွေမှာသာ အဆင်ပြေနိုင်ပြီး ဟိုနေရာမှာ တစ်မျိုး၊ ဒီနေရာမှာ တစ်မျိုး စီစဉ်လိုတဲ့ နေရာတွေမှာ သုံးလို့ အဆင်ပြေနိုင်ပါဘူး။ ပြောင်းလဲနေတဲ့ လိုအပ်ချက်နဲ့ အညီ လိုက်ပါပြောင်းလဲနိုင်စွမ်း အားနည်းတတ်ပါတယ်။ တစ်ချို့ Web Manager တွေက CMS တွေကို သုံးရတာ ခက်တယ်တဲ့။ အဲဒီလို ခက်ရတယ်ဆိုတာ အသုံးပြုပုံကို သေသေချာချာ မသင်ထားတာ အမြဲတမ်း ထိတွေ့မနေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
အားလုံးကို ခြံုပြီး ပြောရမယ်ဆိုရင် CMS ဆိုတာ Content တွေကို အလွယ်တကူ ထည့်သွင်းနိုင်ဖို့ ထိထိရောက်ရောက် ကူညီပေးတာ အမှန်ပါပဲ။ ဒါပေမယ့် ထည့်သွင်းလိုက်တဲ့ Content နဲ့ ပတ်သက်တဲ့ အရည်အသွေးကို ပြည့်ပြည့်ဝဝ ဖြစ်မယ်၊ လိုအပ်ချက်အတိုင်း ပြောင်းလဲ အသုံးပြုနိုင်မယ်ဆိုတာ အာမမခံနိုင်ပါဘူး။ CMS ကို အခြေခံထားတဲ့ Website တော်တော်များများမှာ ဒိတ်အောက်သွားတဲ့ Content တွေ ခပ်ညံ့ညံ့စီထားတဲ့ Content တွေ အများကြီးတွေ့နေရပါတယ်။ အဲဒီလို ဘာကြောင့် ဖြစ်ရတာလဲဆိုရင် Content ကို ပါဝင်ရေးသားသူတွေ အတွက် တိကျတဲ့ အကူအညီစနစ် မရှိလို့ပါပဲ။ ဟိုလူတင်ရင် ပုံစံတစ်မျိုး၊ ဒီလူတင်ရင် ပုံစံတစ်မျိုးဆိုတာ CMS မှာ ရှိနေနိုင်ပါတယ်။ အဲဒီလို ပုံစံမျိုးစုံဖြစ်နေတဲ့ CMS Website ကို ပြင်ဆင်ဖို့ဆိုရင် သင့်အနေနဲ့ စိတ်ပျက်ဖို့ အင်မတန် ကောင်းတယ်ဆိုတာ သိပါလိမ့်မယ်။
(၁၀) Content တွေစုပြံုကြပ်ညပ်နေတာလည်း မဖြစ်သင့်ပါဘူး
ကော်ပိုရေးရှင်း Website တွေမှာ Content နဲ့ ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်တဲ့အခါ အဓိကအကျဆုံး ပြဿနာက Content အရမ်းများနေတဲ့ ပြဿနာပါပဲ။ နှစ်တွေ ကြာလာတာနဲ့အမျှ Content တွေလည်း ပြွတ်သိပ်ကြပ်ညပ် လာပါတော့တယ်။ အဲဒီလို ပြွတ်သိပ် ကြပ်ညပ်နေတဲ့ Content တွေကို ပြန်လည် တည်းဖြတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေ ရောက်လာတတ်ပါတယ်။
Website Managers အတော်များများဟာ သူတို့ Website မှာ ပြည့်နှက်နေအောင် ဘယ်သူမှ မဖတ်တဲ့ ကော်ပီတွေ ဖြည့်ထားတတ်ကြပါတယ်။ အဲဒီလို ဘာကြောင့် ဖြည့်လိုကြတာလဲ ဆိုတာကို လေ့လာ ကြည့်မယ်ဆိုရင်
- Website နဲ့ ပတ်သက်ပြီး တစ်ခုခု ဆုံးရှုံးမှာကို ကြောက်တာ – အရာရာတိုင်းကို အွန်လိုင်းမှာ တင်ထား ထည့်ထားလိုက်မယ်ဆိုရင် အသုံးပြုသူတွေအနေနဲ့ ဘာလိုချင်ချင် တွေ့နိုင်လိမ့်မယ်လို့ ယူဆ တတ်ကြပါတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ သတင်းအချက်အလက်တွေ ဗောင်းလန်နေအောင် ပေးထားမယ်ဆိုရင် ဘာရှာရှာ ခက်သွားတတ်ပါတယ်။
- အသုံးပြုသူ အနေနဲ့ နားမလည်မှာကို စိုးရိမ်တာ – သူတို့ Website တွေနဲ့ ပတ်သက်ပြီး ယုံကြည်မှု အားနည်းတဲ့အခါ သူတို့ရဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး တိတိကျကျ မခန့်မှန်းနိုင်တာ စတဲ့ အချက်တွေ ကြောင့် မဆုံးနိုင်တဲ့ ညွှန်ကြားချက်တွေ အများကြီးပေးဖို့ လိုအပ်တယ်လို့ ခံစားလာရတတ်ပါတယ်။ အဲဒီလို ခံစားမိတာကြောင့် ဟိုဖက်က လှည့်ရှင်း၊ ဒီဖက်က လှည့်ရှင်းရင်းနဲ့ Content တွေ ပြွတ်သိပ်လာရပါတယ်။
- ဆွဲဆောင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားတာ – သူတို့ ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ဆွဲဆောင်မှု အရမ်း ရှိစေချင်တာ၊ သူတို့ ပေးချင်တဲ့ Message တွေကို အစွမ်းကုန် ပေးချင်တာစတဲ့ လိုချင် တပ်မက်မှုတွေ ကြောင့်လည်း Cotent တွေ ပွထလာတတ်ပါတယ်။ တကယ်တန်း အဲဒီလို ပေးချင်တဲ့ အချက်အလက်တွေ ပွထလာပြီးဆိုရင် ဘာပေးမှန်း သိတော့မှာ မဟုတ်ပါဘူး။
အဲဒီလို Cotent တွေ ဗောင်းလန်အောင် တင်ကြတာနဲ့ ပတ်သက်ပြီး စတိ(ဗ်) ကရပ်ရဲ့ စာအုပ်ဖြစ်တဲ့ “ငါ့ကို ခေါင်းလာ မစားပါနဲ့” ဆိုတဲ့ စာအုပ်ထဲက စာသားတစ်ကြောင်းကို ပြန်ညွှန်းရပါမယ်။ စာမျက်နှာထဲမှာ ရှိတဲ့ စာတစ်ဝက်လောက်ကို ဖယ်ပစ်ပါ၊ ပြီးရင် ကျန်တဲ့ တစ်ဝက်ကု တစ်ဝက်တည်းကျန်အောင် ပြန်စီစစ်လိုက်ပါ” တဲ့။ အဲဒီလို လျှော့ချနိုင်မှသာ စာမျက်နှာတိုင်းမှာ ရှုပ်ထွေးနေတဲ့ အရှုပ်ထုတ်တွေကို ဖယ်ရှားရှင်းလင်း နိုင်မှာ ဖြစ်ပါတယ်။ ပိုပြီး ထိရောက် လွမ်းမိုးနိုင်စွမ်း ရှိတဲ့ စာမျက်နှာတွေ ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။
ဧရာမ အဖွဲ့အစည်းကြီးတွေ အနေနဲ့ သူတို့ Website တွေကို Run ဖို့ အပြိုင်အဆိုင် ကြိုးစားကြပါတယ်။ အဲဒီလို အပြိုင်အဆိုင် ကြိုးစားကြရင်း စိန်ခေါ်မှုတွေ ပြဿနာတွေ အမှားတွေ ရင်ဆိုင်လာတတ်တာ သဘာဝ ပါပဲ။ ပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင် အရင်ဆုံး လုပ်ရမှာက ပြဿနာတွေကို ပြဿနာလို့ လက်ခံလိုက်ဖို့ပါ။ အဲဒီလို ပြဿနာလို့ လက်ခံပြီးမှ အဖွဲ့အစည်းအတွင်း ပေါ်လစီဆိုင်ရာ ညှိနှိုင်းပြီး နည်းလမ်းတွေကို ပြောင်းလဲ စီစဉ်ရမှာ ဖြစ်ပါတယ်။ အဲဒါမှလည်း အွန်လိုင်းမှာ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အမှတ်တံဆိပ် အကောင်းဆုံး ခပ်နှိပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုသာ အောင်အောင်မြင်မြင် အမှတ်တံဆိပ် ခပ်နှိပ်နိုင်မယ်ဆိုရင် တစ်နည်းအားဖြင့် အဖွဲ့အစည်း Website ကို အကောင်းဆုံး လည်ပတ်နိုင်မယ်ဆိုရင် ယှဉ်ပြိုင်နိုင်စွမ်းတွေ၊ အခြား အကျိုးကျေးဇူးတွေ အများကြီး ရရှိလာမှာ ဖြစ်ကြောင်း ရေရှည် သဘောဆန်တဲ့ Web နဲ့ ပတ်သက်တဲ့ နည်းဗျူဟာတွေကို ထိထိရောက်ရောက် ချမှတ်နိုင်မှာ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။
အထက်ပါဆောင်းပါးကို Smashing Magazine မှ Harsh Truths About Corporate Websites ကို နားလည်သလို ပြန်လည် ရေးသားထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။
Facebook comments:







