ပညာကို တန်ဖိုးထားခြင်းနှင့် Copyright

Copy right ဆိုလို့ အကြီးကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော့် အမြင်လေး ဝေမျှတာပါ။ အရင်က ကိုသီဟ ရေးခဲ့ဘူးပါတယ်။ ကျွန်တော်က ကိုယ်သိတဲ့ ရှူထောင့်က ထပ်ပြီး ဝေမျှတာပါ။ ဝေမျှတာထက် လှုံဆော်ပေးဖို့ အကူအညီတောင်းတာ ပိုပါတယ်။ ကျွန်တော်တို့ မြန်မာအများစုတွေ ကြီးပြင်းခဲ့ရတဲ့ ဘဝတစ်လျှောက်လုံး အတတ်ပညာပိုင်း ဆိုင်ရာတွေအတွက် စနစ်တစ်ကျ လေ့လာရမယ့် သင်တန်းကျောင်း၊ စာအုပ်တွေ၊ multimedia  တွေ စသဖြင့် သင်ထောက်ကူ အပိုင်းတွေမှာ အတော်လေး ချို့တဲ့ခဲ့သလို ပညာကို တစ်ကယ် တန်ဖိုးထားရမယ့် အသိတွေလဲ အားနည်းခဲ့တာ ခြေရာတွေ လတ်ဆတ် နေတုန်းပါပဲ။ သိတဲ့သူတွေ အများစုကလဲ ပေးဖို့ တွန့်တိုခဲ့တာ ကျွန်တော်တို့ စာဖတ်ပြီးသိရတဲ့ ထီးနန်းစနစ်တွေ ထဲက အမြစ်တွယ်ခဲ့တာပါ။

မကြာသေးတဲ့ ဆယ်စုနှစ် တစ်ခုအတွင်း စျေးကွက်စီးပွားရေး စနစ်နဲ့ အတူ ထိုက်သင့်တဲ့ တိုးတက်မှုတွေကနေ ကွန်ပျူတာတွေ၊ အင်တာနက်သုံးရတာက အစ နိုင်ငံခြား အဆက်အသွယ်တွေပါ မျက်စိပွင့်ခဲ့ပြီး  learning movies တွေ.. ebooks တွေ စသည်ဖြင့် အများကြီး လေ့လာစရာတွေက ပညာငတ်သူတွေ အတွက် ကြီးမားတဲ့ အခွင့်အရေးတွေ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ တစ်တွေ အင်တာနက်မှာ ဘာလုပ်လုပ် free download ဆိုတာ မဖြစ်မနေ  တွင်တွင်ကြီး သုံးရတော့တာပါပဲ။ ပညာရပ်ဆိုင်ရာ ebooks တွေ essay တွေ စသဖြင့် ရှာတဲ့ အခါ တစ်ကယ်ကောင်းတဲ့ လိုချင်တဲ့ အရာတွေ အတွက်လမ်းဆုံးက ပိုက်ဆံ ပေးရမယ် ဆိုတာပါပဲ။ အဲဒီမှာ အဓိက လူနှစ်မျိုး ရှိလာပါပြီ။ တစ်မျိုးက free ပဲ ရချင်တယ်၊ ပိုက်ဆံနဲ့ စျေးကြီးတယ် မပေးဘူးပေါ့။ နောက်တစ်မျိုးက လိုတဲ့ ဟာအတွက် ကျသင့်ငွေကို တွက်ချက်ပြီး ဒီလောက်တော့ စုပြီး ၀ယ်လို့ရတယ် ၀ယ်ချင်တယ်ပေါ့ဗျာ။ ဒါပေမယ့် ဘယ်လို ပိုက်ဆံပေးမှာလဲ ??? visa, master, paypal ဘာတွေလဲ မသိဘူးပေါ့။ အဲတော့ နောက်ဆုံးတော့ free ရှာရတာပေါ့။

အဲဒီမှာ နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ သူတွေ တစ်ခြား အတွေ့အကြုံ ရှိသူတွေက တစ်ဆင့် ဥပမာ.. Rapidshare ကနေ ဒေါင်းရတယ်၊ စသဖြင့်ပေါ့။ crack software တွေ learning movies တွေ စသဖြင့် နည်းလမ်းလေးတွေ ရလာပါတယ်။ အမှန်က ဒါတောင် ခိုးသုံးတာပါ။ ဒီလို rapidshare၊ hotfile စသဖြင့် premium အတွက် ပိုက်ဆံ ပေးရတာတောင်မှ မပေးချင်တဲ့ သူတွေလဲ အများကြီးပါ။ အစက မသိလို့ပေါ့။ နောက်ပေးလို့ ရတော့လဲ free ဒေါင်းဖို့ပဲ ကြိူးစား နေတော့တာ များပါတယ်။ အဓိက ဒီ နိုင်ငံခြားက software တွေ ဆိုတာ စျေးကို ဘယ်လိုမှ လက်လှမ်းမမှီလို့ crack သုံးရတာ၊ learning movies တွေ စျေးကြီးလို့ မဝယ်နိုင်တာတွေ အတွက်ကတော့ ကျွန်တော်တို့ ၀ယ်နိုင်တဲ့ အခြေအနေ မရောက်သရွေ့ သုံးနေရဦးမှာပါပဲ။

ဒါပေမယ့် ဒီလို free တွေ လေ့လာရင်း သုံးရင် ၀င်ငွေလေးတွေ ထိုက်သင့်သလောက် ရလာခဲ့ရင်  တတ်နိုင်တဲ့ အပိုင်းတွေ မှာ ဝယ်သုံး စေချင်ပါတယ်။ အဲဒီလို သုံးမယ်ဆိုတဲ့ အသိတွေ ရှိစေချင်ပါတယ်။ ဥပမာ ကိုယ်ကိုယ်တိုင် professional level အဆင့်ရောက်လာလို့ အခုနလို စာအုပ်တွေ movies တွေ ပြန်ပြီး ထုတ်ဝေတဲ့အခါ အခုနလို copy တွေ များနေပြီး အရင်းလောက် ပြန်ရရင်တောင် နောက်ထပ် ထပ်ပြီး အဆင့်မြင့်တာတွေ မျှဝေဖို့ အတွက် ဘယ်လိုအင်အားနဲ့ ရှေ့ ဆက်မလဲ ဆိုတာ စဉ်းစားစရာပါ။ စျေးတွေ အရမ်းကြီးတာဆိုတဲ့ အပိုင်းထက် သင့်တင့်တဲ့ ဈေးနဲ့ သင့်တော်တဲ့ products တွေ အတွက်ကို ပြောချင်တာပါ။ တစ်ကယ် စျေးကြီးတယ် ဆိုတာတွေကို သေချာလေ့လာရင် ၉၀ ရာနှုန်းလောက်က တစ်ကယ်ကြီးသင့်တဲ့ အားထုတ်မှုတွေ ရှိနေပါတယ်။

အထက်က ပြောခဲ့တာတွေက နည်းနည်း ကျယ်ပြန့်ပါသေးတယ်။ အောက်တစ်ထစ် ဆင်းကြည့်ပါ့မယ်။ ကျွန်တော်တို့ မြန်မာဘာသာစကားနဲ့ ရေးထားတဲ့ ပညာရပ်ပိုင်း ဆိုင်ရာ စာအုပ်တွေကိုပဲ ကြည့်ရအောင်ပါ။ ကောင်းတယ် မကောင်းဘူးဆိုတာ တန်တယ် မတန်ဖူးဆိုတာတွေအတွက် ဥပမာ- ဆရာဦးအောင်လင်းရဲ့ အခွေတွေ အများကြီး ထွက်ခဲ့ပါတယ်။ တစ်ထောင် ဝန်းကျင်တွေပါပဲ။ သူ့စာအုပ်လေးရယ် စီဒီလေးရယ် မှ တစ်ထောင် ဝန်းကျင်ပါ။ တည့်တည့် ဝေဖန်ရရင် ဒီ software က ဘယ်နေရာအတွက် အသုံးဝင်တယ်။ ဘယ်လိုသုံးရတယ်။ ပြီးတော့ တစ်ချို့ tips လေးတွေ လောက်ပေါ့။ ဒါဆိုဘယ် အဆင့်ဆိုတာ စာဖတ်သူတွေ သိနိုင်ပါပြီ။ ပုံမှန်အတိုင်း ဆိုရင်တော့ ဘာမှမဟုတ်တာ လေးတွေလို့ ထင်စရာ ရှိပါတယ်။  ဒါပေမယ့် များပြားလှတဲ့ software တွေ ထဲက ဒီလိုနေရာမှာ သုံးရတယ်ဆိုတဲ့ အသိသိဖို့ အဆင်ပြေပြေ အခြေခံသုံးတတ်ဖို့ ကိုယ်တိုင် အားထုတ် လေ့လာမယ်ဆိုရင် အချိန်တွေ ငွေတွေ ဒီထက် အများကြီး ပေးဆပ်ရမှာ အသေချာပါပဲ။

နောက် ကျွန်တော်တို့ အင်ဂျင်နီယာ ၀န်းကျင်မှာ autocad ရေးတဲ့ ဆရာဦးအောင်မြင့်ဆို ကျွန်တော် autocad release 13 ထဲက ဖတ်ခဲ့ဘူးပါတယ်။ နောက် ကျွန်တော် အလုပ်အတွေ့ အကြုံ  အတော် ရလာတော့ သေချာ သင်မယ်ဆို ရ ရက် ၈ ရက်လောက်နဲ့ တတ်တဲ့ သူ့ နှစ်အုပ်တွဲတွေ ဖြစ်တဲ့ photoshop တွေ autocad 14, 2000.. စသဖြင့်ပေါ့။  ဒီစာအုပ်တွေ အဆင့်က စာအုပ်ထုတ်ဖို့ မသင့်လောက်အောင် အားနည်းတဲ့ စာအုပ်တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သေချာ စဉ်းစားမယ် ဆိုရင် ပေးရတဲ့ ပိုက်ဆံနဲ့ ကိုယ်ကိုယ်တိုင် လေ့လာမယ်ဆို ဒီထက်မက ပေးဆပ်ရမယ်ဆိုတာ တွေးမိလာခဲ့ပါတယ်။ စာအုပ်စျေးတွေက ပုံမှန်စျေးနဲ့ စျေးကြီးတယ်ဆိုတဲ့ စာအုပ်တွေတောင် ဒီနည်းပညာနဲ့ အသက်မွေးမယ့် သူတွေ အဖို့ နည်းနည်းလေး လောက်စုရင်ကို ၀ယ်နိုင်တဲ့ စျေးဝန်းကျင်ပါပဲ။

နောက်ပိုင်း autocad မှာ ဆရာ ရောဘတ်တင်အေးရဲ့ စာအုပ်တွေ ဆို ပေးရတဲ့ တန်ဖိုးနဲ့ ရတဲ့ ပညာနဲ့ အဆပေါင်းများစွာ ကွာအောင်တန်ဖိုးရှိတဲ့ စာအုပ်တွေ သက်ဆိုင်ရာပညာ အလိုက် အဖိုးတန်တဲ့ စာအုပ်တွေ ထွက်လာသလို တန်ဖိုးတွေကလဲ တစ်ကယ်သာ စိတ်ထားအမှန်နဲ့ ပညာကို လေးစားမယ်ဆို အခြေခံအဆင့် အလုပ်သမား သာသာတောင် ဒီပညာတွေ လေ့လာမယ်ဆိုရင် စုပြီးဝယ်နိုင်တဲ့ စျေးတွေမှာပဲ ရှိနေပါတယ်။ ကောင်းတယ် မကောင်းဘူး ဆိုတာတွေက ပညာ လေ့လာမယ်သူတွေ အသိတွေ မြင့်လာတာနဲ့ အမျှ ခွဲခြား တတ်လာမှာပါ။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံမှာ မိခင်ဘာသာစကားကို အခြေခံတဲ့ နည်းပညာမျှဝေမှုတွေ အများကြီး လိုအပ်နေပါတယ်။ English စာက တစ်ကယ်က ဘာသာစကားပါ။ သပ်သပ် လေ့လာမယ်ဆို အများကြီး လေ့လာဖို့ အခွင့်အရေးတွေ ရှိပါတယ်။

နည်းပညာပိုင်းက မိခင်ဘာသာစကားနဲ့ ဆိုရင် quality ပိုင်းကို ပိုပြီး မြန်မြန် ထိရောက်ပါတယ်။ ကျွန်တော် ဒီလို လက်လှမ်းမှီတဲ့ learning တွေ.. မြန်မာ စာအုပ်တွေ ကို တန်ဖိုးထားဖို့ ဖိုရမ်တစ်ခုမှာ ပြောခဲ့ဘူးပါတယ်။ ဒါပေမယ့် တစ်ချို့ နိုင်ငံရပ်ခြားမှာ နည်းပညာနဲ့ အသက်မွေးတဲ့ သူတွေ ကပါ ebooks တွေ ဆို free website တွေတောင် ရှိနေတာပဲ။ မျက်စိထိခိုက်ခံပြီး ဖတ်တာတောင် လေးစားသင့်တယ် ဆိုတာမျိုးတွေ ကြုံခဲ့ဘူးပါတယ်။ ကျွန်တော် ပြောခဲ့တာက အထူးသဖြင့် အွန်လိုင်းမှာ မြန်မာစာအုပ်တွေ pdf လုပ်ပြီး တင်ကြတဲ့ အခါ တတ်နိုင်သရွေ့ သက်ဆိုင်ရာ စာရေးသူကို အသိပေးသင့်ပါတယ်။ ဆက်သွယ်လို့ မရရင်လဲ ကြိူတင်ပြီး တောင်းဆိုခဲ့ရင် ဖျက်ပေးဖို့ ရေးထား သင့်တာမျိုးပါ။ အမှန်က ဆက်သွယ်ဖို့ မခက်ပါဘူး။ ထို့အတူ စာရေးသူ အများစုကလဲ စေတနာ အရင်းခံရေးတာ များသလို အွန်လိုင်းမှာတော့ ဒီလိုပဲ စေတနာနဲ့ မျှဝေကြတာ စီးပွားရေး နည်းတယ်ဆိုတာ သိမှာပါ။ ခွင့်ပြူမှာ များတာ အသေအချာပါ။ ကျွန်တော်တို့တစ်တွေ အမြဲ ကြားနေရပါတယ်။ ပညာရပ်ဆိုင်ရာ လုပ်ငန်းခွင် ၀န်းကျင်မှာ စီးပွားရေးသမားတွေက ပညာရှင်ကို တန်ဖိုးမထားဘူး၊ တန်ရာတန်ကြေး မပေးဘူး၊ စသဖြင့်ပေါ့။ စဉ်းစားကြည့်ပါ၊ ကိုယ်ကိုယ်တိုင်ကကော တစ်ကယ်တန်ဖိုး ထားခဲ့ရဲ့လား ဆိုတာပေါ့။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်တို့တစ်တွေ ကိုယ်နိုင်တဲ့ အပိုင်းကနေ ကိုယဘာသာနဲ့ ရေးတဲ့ စာတွေ learning တွေ အားလုံးကို တတ်နိုင်သမျှ တန်ဖိုး ထားပြီး copy မသုံးဖို့ တိုက်တွန်းချင်ပါတယ်။ မဖြစ်လို့ copy သုံးခဲ့လဲ တတ်နိုင်တဲ့ အချိန်ပြန်ဝယ်ဖို့ စိတ်ဓာတ်လေးနဲ့ သွားမယ်ဆိုရင်ပဲ အတော် ကျေနပ်စရာပါ။ အခု ကျွန်တော် ဆွေးနွေးခဲ့တဲ့ အတွေးအခေါ်လေးကို တစ်ရက်က ညီငယ်တစ်ချို့နဲ့ ပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ညီငယ်လေး တစ်ယောက်က သူ့အဖြစ်အပျက်လေးကို ပြောပြပါတယ်။ သူက စလုံးမှာ electrical အင်ဂျင်နီယာပိုင်းမှာ အလုပ်လုပ် နေသူပါ။ သူခွင့်ရလို့ ပြန်ခဲ့တဲ့ အခေါက်တုန်းက ရန်ကုန်က မြန်မာ book center မှာ english စာနဲ့ပတ်သတ်ပြီး စာအုပ် သွားဝယ်ခဲ့ပါတယ်။ အတွဲ ၂ တွဲပါ။ အဲဒီမှာ တစ်အုပ်ပဲရပါတယ်။ မြန်မာငွေ လေးသောင်း ၀န်းကျင်ပေးရပါတယ်တဲ့။ စလုံးမှာ ၀ယ်ရင် ဒီထက်ပိုပြီး စျေးများပါတယ်။ ဒါနဲ့ ကျန်တဲ့ တစ်အုပ်ကို လိုချင်တယ်ပြောတော့ အဲဒီဆိုင်က စျေးရောင်းသူက ဒီမှာတော့မရှိဘူး။ ပန်းဆိုးတန်းက စာအုပ်တန်းမှာ မေးဝယ်လို့ ရတယ်ပြောပြီး ဆိုင်နာမည်လေး ပြောလိုက်ပါတယ်။ အဲဒီမှာ သူဝယ်တော့ copy ကူးထားတဲ့ စာအုပ်ရပါတယ်။ မြန်မာငွေ လေးထောင်ပဲ ပေးရပါတယ်။ အဲဒီ အချိန်တုန်းက သူအတော် နှမြောသွားခဲ့ပါတယ်တဲ့။ အခု ကျွန်တော်တို့ ဆွေးနွေးတဲ့အခါမှ သူလဲ တတ်နိုင်နေတဲ့အတွက် ဒီလိုတန်ဖိုးထား ဝယ်ခဲ့တဲ့အတွက် ကျေနပ်မိပြီး အဲဒီတုန်းက စိတ်အတွက် လိပ်ပြာမသန့် ဖြစ်မိကြောင်း အခုမှ တွေးမိကြောင်း ပြောပါပါတယ်။ ကျွန်တော် တော်တော် လေးစား သွားပါတယ်။ ဒါကြောင့်လဲ အသိအခံရှိပြီး အခုလို အခြေအနေ ရောက်နေတဲ့သူတွေ အတွက် ဒီပိုစ်လေးကို ရေးဖြစ်တာပါ။ ကျွန်တော်တို့ ဆက်ဆွေးနွေး ဖြစ်ခဲ့ပါတယ်။

ညီငယ်တစ်ယောက်က အဆိုတော် ကိုလေးဖြုနဲ့ ဆွေးနွေးခန်းလေးက copy တွေကြောင့် တစ်ဖြည်းဖြည်းနဲ့ အနုပညာ ဝါဿနာ အရ ဆိုမယ့် အနုပညာရှင်တွေ ထွက်လာဖို့ မလွယ်တော့တဲ့ အကြောင်းလေးပေါ့။ အဲဒါကိုတော့ အကျယ် မပြောတော့ပါဘူး။ ပြောချင်တာက ဒါတောင် entertainment ပိုင်းနော်။ အခုက တစ်ကယ့် အခြေခံဖြစ်တဲ့ ပညာရပ်ပိုင်းဆိုတော့ ဘယ်လောက် တိုင်းပြည်ရဲ့ လူငယ်တွေ အနာဂတ်နဲ့ ပတ်သတ်နေမလဲ ဆိုတာပါပဲ။ ဥပမာဗျာ အခုန မြန်မာbook center က မူရင်း စာအုပ်ဝယ်သွင်းလို့ အဲဒါကို ၀ယ်ပြီ copy ပြန်ပွားတဲ့အတွက် စီးပွားရေးအရလဲ အဆင်ပြေ ပညာလေ့လာတဲ့ ကလေးတွေ အတွက်လဲ လက်လှမ်းမှီတာ အမှန်ပါ။ ဒီလိုဆို မူရင်းစာအုပ်ဆိုင်က ဒီလိုတွေ များလာရင် သူဘယ်လိုရပ်တည်မလဲ။ ဆက်လက် မရပ်တည်နိုင်တဲ့အခါ အခုလို copy ကူးစရာ မူရင်း စာအုပ်ကောင်းတွေ ကျွန်တော်တို့တစ်တွေ အလှမ်းဝေးသွားမှာ တွေးမိရင် စိတ်ပူစရာပါ။ ဒါဆို ဘယ်လို ဖြစ်သင့်သလဲ ပေါ့။ ဆက်ဆွေးနွေး ဖြစ်ပါတယ်။

အဓိကက ကျွန်တော် အထက်က တင်ပြခဲ့တဲ့ ပညာကို တန်ဖိုးထားတဲ့ စိတ်ဓာတ်ပါပဲ။ ဥပမာ- ကိုလေးဖြူ စီဒီ ဆိုပါစို့.. ကျွန်တော်တို့ copy ၀ယ်အားပေးပါတယ်။ ကြိူက်တယ် ဆိုရင် ချက်ချင်း မဝယ်နိုင်တောင် နှစ်လ..၃ လ စုပြီး ၀ယ်ဖို့တော့ လက်လှမ်း မှီပါတယ်။ အဲလို မဝယ်နိုင်သေးခင်အထိ ကိုယ့်စိတ်ထဲမှာ မူရင်း ဖန်တီးသူအတွက် အကြွေးရှိနေသလို အမြဲစိတ်ထဲ အလေးထားနေဖို့ပါပဲ။ အဲတော့ ကိုယ်နိုင်တဲ့ အပိုင်းအထိ ရအောင် တန်ဖိုးထား ကြိူးစား ဝယ်ပါ။ မမှီလို့ copy သုံးခဲ့ရင်လဲ အမြဲ စိတ်ထဲ တန်ဖိုးထား ပြန်ဝယ်ပေးနိုင်ဖို့ သတိနဲ့ အဆင်ပြေတာနဲ့ ပညာကြွေးကို ပြန်ဆပ်ဖို့ပါပဲ။ စာအုပ် ထုတ်ဝေသူတွေ စီးပွားရေးသမားတွေပဲ အမြတ်ရပြီး မူရင်းစာရေးဆရာ အတွက် အဲလောက် အကျိုးမရှိဘူးလို့တော့ မတွေးစေချင်ပါဘူး။ ဒါက နောက်တစ်ဆင့်မှပါ။ ကျွန်တော်တို့တစ်တွေ တန်ဖိုးထား ကြိူစားလာကြရင် ဒီစျေးကွက် ဦးမော့လာတာနဲ့ အမျှ နေရာရလာမှာပါ။ သေချာ စဉ်းစားကြည့်ရင် ဒီ တစ်ခုလေး ပြင်တာနဲ့တော့ အားလုံး ပြောင်းသွားတာ မဟုတ်ပေမယ့် ကျွန်တော်တို့တစ်တွေ မျှော်လင့်နေတဲ့ အနာဂတ်၊ ဘယ်လို သံယဇာတ တွေ မှ အားကိုးစရာမလို၊ ကိုယ်တွေသာပိုင်တဲ့ အရည်အချင်းနဲ့ ဖန်တီးနိုင်တဲ့ နေရာဖြစ်လာဖို့ အရေးပါတဲ့ လှေကား တစ်ထစ်ဆိုတာ အသေအချာပါ။ ဆယ်စုနှစ်ချီပြီး ကြာချင်ကြာမယ် ဒါပေမယ့် အဲဒီအသိနဲ့ အခုက စပြီးမလုပ်ရင် ဖြစ်လာမှာ မဟုတ်တာကတော့ အသေအချာပါ။ ဒီတော့ ဒီအသိလေးနဲ့ ကိုယ်တွေ လက်လှမ်းမှီတာ လေးတွေက စပြီး တန်ဖိုးထား ကြအောင်ပါ။ ကိုယ်တိုင်ကြိူးစားဖို့ လိုသလို ကိုယ်တွေရဲ့ ပတ်ဝန်းကျင်ကိုလဲ ဒီစိတ်ဓာတ်တွေ ဝေမျှ ပေးကြပါလို့ တိုက်တွန်း ပါရစေ။

ကျွန်တော်တို့ ပညာရပ်ဆိုင်ရာ ၀န်းကျင်မှာ နည်းပညာ တိုးတက်မှုနဲ့ အတူ ပညာကို တန်ဖိုးထားတတ်တဲ့ အသိတွေ တိုးတက်လာပြီး ပညာရှင်တွေ အတွက် တန်ဖိုးရှိတဲ့ နယ်ပယ်လေး  ဖြစ်အောင် ဝိုင်းဝန်း ဖန်တီး ကြရအောင်လား။

Facebook comments:

4 Responses

  1. Thiha says:

    ကိုဝေဖြိုးထောက်ပြသွားတဲ့ အချက်က အရမ်းကို ကောင်းမွန်ပါတယ်၊ ပညာကို တန်ဖိုးထားတဲ့ အလေ့အထ၊ အိုင်ဒီယာကို တန်ဖိုးထားတဲ့ အလေ့အထ၊ တစ်ယောက်ရဲ့ တီထွင်မှုကို တစ်ယောက်က လေးစားတဲ့ အလေ့အထတွေ အများကြီး ရှိဖို့ လိုအပ်နေပါပြီ။

  2. paoh says:

    ဥပမာ- ကို​လေး​ဖြူ စီ​ဒီ ဆို​ပါ​စို့.. ကျွန်တော်​တို့ copy ၀ယ်​အားပေး​ပါ​တယ်။
    -typing error?

  3. waiphyo says:

    sorry..I means ..If we will not enough money to buy ko lay phyu original CD,we should collect money to buy original CD later.
    thk…

  4. Thanks for your sharing!! it is important notes for intellectual right.

Leave a comment


*