အလုပ်အပ်မည့်သူနှင့် ဝန်ဆောင်မှုပေးမည့်သူ ဆက်ဆံရေး

စီးပွားရေးလုပ်ငန်းတွေမှာ လူကဲခတ်တတ်တယ်၊ ကိုယ်နဲ့ ပေါင်းသင်း ဆက်ဆံရမယ့်သူကို ချက်ချင်း လေ့လာသုံးသပ် နိုင်စွမ်းရှိတယ် ဆိုတာ လူတစ်ဦးချင်းစီနဲ့ ဆိုင်တဲ့ စွမ်းရည်ပါ။ အဲဒီလို စွမ်းဆောင်ရည် ရှိတဲ့သူက အလုပ်အပ်မည့်သူကို လျှင်လျှင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိပြီး လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်ပါတယ်။ လုပ်ငန်းတွေ ရအောင်လုပ်နိုင်သလို လုပ်ငန်းတစ်လျှောက်လုံး ဘယ်လို အဆင်ပြေပြေ ကိုင်တွယ်သွားမယ်ဆိုတဲ့ လမ်းကြောင်းကိုလည်း ဖန်တီးနိုင်လေ့ရှိပါတယ်။ အဲဒီလို လုပ်ငန်းစစဉ် ကတည်းက အလုပ်အပ်သူကို အကဲခတ်နိုင်စွမ်းရှိရမယ်၊ ဒုတိယအဆင့် လုပ်ငန်း တစ်လျှောက်လုံး အလုပ်အပ်သူနဲ့ အဆင်ပြေပြေ ပူးပေါင်းနိုင်ပြီး အလုပ်ကိုလည်း ပြီးမြောက် အောင်မြင်အောင် စွမ်းဆောင်နိုင်မယ်၊ အလုပ်အပ်တဲ့ သူကလည်း ကျေနပ်မယ်၊ စ လည်ဆုံး သုံးပါးလုံး ညီညွှတ်မယ်ဆိုမှ ရေရှည်သဘော ဆောင်တဲ့ ပရိုဆန်တဲ့ ဆက်ဆံရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ယနေ့ခေတ်လို ဒစ်ဂျစ်တယ် ကမ႓ာကြီးမှာတော့ အပေါ်မှာ ပြောခဲ့တဲ့ စီးပွားရေးပုံစံ (အလုပ်အပ်မည့်သူနှင့် ဝန်ဆောင်မှု ပေးမည့်သူ နှစ်ဦးနှစ်ဖက် စီးပွားရေးပုံစံ) က မြေကြီးပေါ်ကနေ ကောင်းကင်ပေါ် ရွေ့လာပါတယ်။ အင်တာနက်ပေါ် ရောက်လာတယ် ဆိုပါတော့။ အွန်လိုင်းရုံခန်းကနေ တစ်ဆင့် စားသုံးသူခေါ်ခေါ်၊ အလုပ်အပ်မယ့်သူလို့ ခေါ်ခေါ်၊ အလုပ်ရှင်လို့ ခေါ်ခေါ် ခေါ်လို့ရမယ့် လူအမျိုးမျိုး စိတ်အထွေထွေကို လုပ်ငန်းသဘောအရ ပေါင်းသင်းဆက်ဆံ ကြပါတယ်။ အဲဒီ အလုပ်အပ်မယ့် သူတွေကို အွန်လိုင်းက တစ်ဆင့်ပဲ အကဲဖြတ် သုံးသပ်ကြပါတယ်။ အရင်လို လူချင်းတွေ အကဲဖြတ် ရတာလောက်တော့ အဆင်မပြေတော့ပါဘူး။ အလုပ်အပ်မယ့်သူက ဘယ်လိုအမျိုးအစားလဲ၊ ဘယ်လို ပေါင်းသင်းဆက်ဆံ ရမှာလဲဆိုတာကို လေ့လာဖို့ မလွယ်တော့ပါဘူး။ လူတိုင်းလူတိုင်းကတော့ အပြင်မှာ တွေ့ပြီး အလုပ်ကိစ္စ ဆွေးနွေးညှိနှိုင်းဖို့ အာသီသရှိနေတုန်းပါပဲ။ တစ်ဦးချင်း တစ်ယောက်ချင်းစီနဲ့ ဆိုင်တဲ့ စွမ်းဆောင်ရည်အပေါ် မှီခိုအားထားစရာ အဖြစ် မှတ်ယူနေကြဆဲပါ။

Freelancing လို့ခေါ်တဲ့ အနှောင်အဖွဲ့ကင်းကင်း လုပ်ငန်းများ လက်ခံဆောင်ရွက်ကြတဲ့ နယ်ပယ်မှာ အလုပ်အပ်မယ့်သူ Client အမျိုးအစားပေါင်း များစွာနဲ့ တွေ့ကြံဆုံတွေ့ရမှာ ဖြစ်ပါတယ်။ Freelancing နယ်ပယ်မှ မဟုတ်ပါဘူး။ တစ်ခြား နယ်ပယ်တွေမှာလည်း အဲဒီလို Client အမျိုးအစားတွေနဲ့ တွေ့ကြံဆုံတွေ့ရမှာပါပဲ။ Client အမျိုးအစားတွေကို ခွဲခြားနိုင်မှသာ ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်၊ ဘယ်လို နည်းဗျူဟာကို အသုံးပြုမှ အပြန်အလှန် အဆင်ပြေပြေ အလုပ်လုပ်နိုင်မယ် စတာတွေကို ဖော်ထုတ်နို်င်မှာပါ။ Client အမျိုးအစား ခွဲခြား သတ်မှတ်ခြင်းဆိုတာ အလုပ်တစ်ခု အတွက် ကနဦး လုပ်ငန်းဆောင်တာ ဖြစ်တာနဲ့ အညီ အစကောင်းမှ အနှောင်းသေချာ ဆိုသလို အစကောင်းထားဖို့ အင်မတန် အရေးကြီးပါတယ်။ ခု ဆောင်းပါမှာတော့ ယေဘူယျအားဖြင့် ခွဲခြားလို့ရနို်င်မယ့် Client အမျိုးအစားတွေကို ခွဲခြား သုံးသပ်သွားမှာ ဖြစ်ပါတယ်။ ပြောမဆုံးပေါင် တောသုံးထောင် Client များအကြောင်းကို လေ့လာကြည့် လိုက်ရအောင်။

စတော့ အေးအေး နောက်တော့ ခပ်လေးလေး၊ နောက်ဆုံးမှ မီးပြင်းတိုက်တဲ့သူ

အဲဒီလို Client မျိုးတွေက အစပိုင်းမှာ အင်မတန် အေးတိအေးစက်နိုင်ပါတယ်။ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး မေးရင် အင်းမလုပ် အဲမလုပ်၊ လုပ်ငန်း တစ်လျှောက်လုံး ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာလည်း ခပ်လေးလေးပဲ နေလေ့ရှိပါတယ်။ နောက်ဆုံး အလုပ်ပြီးပြီး နောက်ဆုံးအဆင့် အလုပ် (Final Product) ကို အပ်တော့မယ်ဆိုမှ ထပြီး ပြင်းပြင်းထန်ထန် ပြဿနာ ရှာပါတော့တယ်။ ပြဿနာရှာတယ်ဆိုတာ ရိုးရိုးရှာတာမျိုး မဟုတ်ပဲ တိုက်ခိုက်တာပါ။ အသေးစိတ် ပြုပြင် ပြောင်းလဲချင်တာတွေကို ခုမှပေးပါတယ်။ တကယ့်ကို အစအဆုံး ပြန်လုပ်ရမယ့် အခြေအနေ (Overhaul) ကိုလည်း ဖန်တီးပါတယ်။ အသေးအဖွဲကအစ ကြီးကြီးမားမားတွေ အထိ အကုန် ပြန်ပြင်ခိုင်းပါတော့တယ်။

တကယ်တော့ အဲဒီလို Client တွေအနေနဲ့ သူတို့ ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ်ဆိုတဲ့ အိုင်ဒီယာတွေ လုပ်ငန်းလုပ်နေစဉ် ကာလာတွေမှာ ကတည်းက ရှိနေပါတယ်။ ဒါပေမယ့် ထုတ်မပြောပါဘူး၊ မင်းတော့ သွားပစေဦး၊ နောက်ဆုံးမှ တွေ့မယ်ဆိုပြီး စောင့်နေတာပါ။ ကိုယ့်ရဲ့ အိုင်ဒီယာတွေကို သိချင်တဲ့ အတွက်ကြောင့်လည်း တိတ်တိတ်လေး နေနေတာပါ။ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ အိုင်ဒီယာတွေ သူ့ရဲ့ အိုင်ဒီယာတွေနဲ့ ပေါင်းပြီး တိုက်ခိုက် ပါတော့တယ်။ အဲဒီလို Client မျိုးကတော့ Ethic ပိုင်းဆိုင်ရာ အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။ ပရိုဆန်ဆန် ဆက်ဆံရေးပုံစံ မဟုတ်ပါဘူး။ အဲဒီလို Client တွေကို အခုမှ လုပ်ငန်းစမယ့် Newbie တွေ ကြုံရလေ့ရှိပါတယ်။ ကိုယ်က အလုပ်ကို အရမ်းလိုချင်၊ အသည်းအသန် ကြိုးစား နောက်ဆုံးကျမှ အမှည့်ချွေ အချွေခံရတဲ့အတွက် နောက်လုပ်မယ့် အလုပ်တွေအတွက် ထိခိုက်မှု အများကြီး ရှိစေပါတယ်။ ဒါကြောင့် အဲဒီလို Client မျိုးကို လုပ်ငန်း စလုပ်တဲ့အချိန် မတွေ့အောင် ရှောင်ရှားဖို့ လိုပါတယ်။

တကယ် လည်ပတ်နေတဲ့ လုပ်ငန်းတွေမှာတော့ အဲဒီလို Client မျိုး ရှိဖို့ မလွယ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကနဦး လုပ်ငန်း စတင် အပ်နှံတဲ့ အဆင့် (Initial Stage) ကတည်းက လိုအပ်ချက်များ သတ်မှတ်ခြင်း (Requrement Analysis) လုပ်ငန်း သဘောတူညီချက် လက်မှတ်ရေးထိုး ရယူခြင်း၊ လုပ်ငန်း တစ်လျှောက် ပူးပေါင်းဆောင်ရွက်မယ့် ပုံစံ သတ်မှတ်ခြင်း စတဲ့ ကိစ္စတွေကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားလေ့ ရှိလို့ပါပဲ။

Client အမျိုးအစားကို ဘယ်လိုအကဲခတ်မလဲ

  • ဆက်ဆံရေးပုံစံက တစ်ဖက်သတ်ဆန် နေတတ်ပါတယ်၊ လုပ်ငန်း တစ်လျှောက်လုံး ကိုယ်ကပဲ ဆက်သွယ် ဆောင်ရွက်နေရပြီး Client ဖက်က ဘာအကူအညီမှ ရလေ့မရှိပါဘူး။
  • သူတို့ ပြောလေ့ ရှိတဲ့ စကားတွေကတော့
    • ကျွန်တော်တို့ ဘာလုပ်ချင်တယ်ဆိုတာ ကျွန်တော်တို့ သေသေချာချာ မသိသေးပါဘူး။
    • ကျွန်တော်တို့နဲ့ ကိုက်မယ်ထင်တဲ့ပုံစံ ကျွန်တော်တို့ကို ဆွဲဆောင်နိုင်မယ့် ပုံစံကို ခင်ဗျားဘာသာ ပုံဖော်ပြီး လုပ်ဗျာ။
    • ခင်ဗျား လုပ်တာတွေ အားလုံးက ကျွန်တော်တို့ လိုချင်တာနဲ့ လုံးဝ (လုံးဝ) မတူပါဘူး။

ဘယ်လို ပေါင်းသင်းဆက်ဆံမလဲ

စိတ်ရှည် သည်းခံခြင်းက အဓိကကျတဲ့ သော့ချက်ပါပဲ။ နောက်ဆုံးမှာ အစအဆုံး ပြန်လုပ်ခိုင်းတော့မယ် ဆိုတာကို တွက်ဆထားမယ်ဆိုရင် စိတ်သက်သာစရာ အကြောင်းရှိပါတယ်။ လုပ်ငန်းတစ်ခုလုံး တည်ဆောက်တဲ့ ဘောင်ကို ပြောင်းလွယ် ပြင်လွယ် တည်ဆောက်ထားမယ် ဆိုရင်လည်း တကယ်တန်း ပြောင်းလဲဖို့ လိုလာတဲ့အခါ အလွယ်တကူ ပြောင်းလဲလို့ ရနိုင်စရာ အကြောင်းရှိပါတယ်။ မိုးမပြို ပြိုခဲ့သော် ဆိုတဲ့ အတွေးနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုပါတယ်။ အဲဒီ အပြင် ကနဦး သဘောတူညီချက်တွေ အဆင့်ဆင့် လက်မှတ် ရေးထိုးထားဖို့ လိုပါတယ်။ ခုမှ စမယ့် Newbie တွေ အတွက်တော့ အဲဒီလို စာချုပ်တွေ ချုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ အဲဒီလိုဆိုရင်လည်း Revision (ပြန်လည် ပြင်ဆင်ခြင်း) လုပ်နိုင်ခွင့် အရေအတွက်ကို ကြိုတင် ကန့်သတ်ထားဖို့ လိုပါတယ်။ ပြန်လည် ပြင်ဆင်ခြင်းအတွက် အချိန်ကာလကို ကြိုတင် ကန့်သတ်ထားဖို့ လိုပါတယ်။

ညီလေး၊ အကိုကြီး၊ ဆွေမျိုးနီး သလိုလိုနဲ့ ကိုယ့်ဆီက အပိုင်ချူမယ့်သူ

ဒီလိုမျိုး အမျိုးအစားကတော့ ကိုယ့်နဲ့ နှစ်ပေါင်းများစွာ သိကျွမ်းနေတဲ့သူ၊ ကိုယ့်ကို မိတ်ဆွေရင်းတွေလို ပေါင်းသင်းပြီး ဝင်လာတဲ့သူ၊ မိသားစုကနေ တစ်ဆင့် ဝင်လာတဲ့သူ၊ သူငယ်ချင်းတွေက တစ်ဆင့် ဆက်သွယ် ဝင်ရောက်လာသူတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဆက်သွယ် ဝင်ရောက်လာပြီး အလုပ်အပ်လေ့ ရှိပါတယ်။ အဲဒီလို Client တွေနဲ့ ဆက်ဆံ ကြံုတွေ့ လာရပြီ ဆိုရင် အရင်ဆုံး တွေ့ရလေ့ရှိတဲ့ ပြဿနာက လုပ်ငန်း သဘောနဲ့ အပေါင်းအသင်း သဘော မကွဲပြား တော့တာပါပဲ။ အဲဒီလို အကိုကြီး၊ ညီလေး၊ ဆွေးမျီုးနီးတွေက ကိုယ့်ဆီက စပါယ်ရှယ်၊ အထူး ဝန်ဆောင်မှုကို လိုချင် တတ်ကြပါတယ်။ ဒါပေမယ့် ပိုက်ဆံပေးမယ်ဆိုရင်တော့ အနည်းဆုံးသာ ပေးလိုကြပါတယ်။ အပေါင်းအသင်း အချင်းချင်းပဲ ကွာ၊ ဒီလောက်ပဲ ယူပါ၊ မိသားစုအချင်းချင်းကွာ ဒီလောက်ပဲထားပါ၊ မိတ်ဆွေ အချင်းချင်းတွေပဲ ဒီလောက်တော့ မယူပါနဲ့ ဆိုပြိး ကိုယ့်ဆီက အပိုင်ချူလိုကြပါတယ်။ အဲဒီအပြင် လုပ်ငန်း ဆောင်ရွက်နေတဲ့ အချိန်မှာလည်း သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းဆိုပြီး အခွင့်အရေးယူ ပါဝင် ပတ်သက်လေ့ ရှိပါတယ်။ တစ်ခါတစ်လေမှာတော့ လုပ်ငန်းပိုင်းနဲ့ ပတ်သက်ရင် မဆိုသလောက် ပြစ်တင်ဝေဖန်မှုတွေ ပြုတတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ညီလေး အကိုကြီး ဆက်ဆံရေးကိုတော့ အပျက်မခံပါဘူး။

Client အမျိုးအစားကို ဘယ်လို အကဲခတ်မယ်

  • အဲဒီလို Client တွေကိုတော့ အလွယ်တကူ အကဲခတ်လို့ ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကို ကျွန်တော်တို့ သိကျွမ်းခင်မင် နေလို့ပါပဲ။
  • သူတို့ ပြောလေ့ရှိတဲ့ စကားတွေက
    • ညီလေးရေ /အကိုကြီးရေ / ညီမလေးရေ / အမရေ ကျွန်တော်အတွက်/ကျွန်မအတွက် အလုပ်လေးတစ်ခု ပေါ့ပေါ့ပါးပါး လုပ်ပေး ပါလား။
    • ငါတို့က သူငယ်ချင်းတွေနော်/မိသားစုတွေနော်/မိတ်ဆွေတွေနော် သူများတွေ သိတာထက်ပိုတယ်၊ ဒါကြောင့် ငါတို့ကို အကောင်းဆုံး ထူးရှယ် လုပ်ပေးရမယ်။
    • ဘယ်လို ဘယ်လို စျေးပြောလိုက်တယ်၊ များလှချေလား၊ ငါတို့က မိတ်ဆွေတွေလေ / သူငယ်ချင်းတွေလေ / မိသားစု တွေလေ၊ အဲဒီလောက်ကြီး တောင်းလို့ကတော့ ငါတို့ လှည့်ပြန်သွားမှာနော်။

ဘယ်လို ပေါင်းသင်းဆက်ဆံမလဲ

အဲဒီလို Client တွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါမှာ သူတို့နဲ့ ဘယ်လောက် အတိုင်းအတာအထိ ခင်မင်ရင်းနှီးတယ်၊ သူတို့နဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကို ကိုယ် ဘယ်လောက် တန်ဖိုးထားတယ် ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် အဲဒီလို ကိုယ့်အပေါ်မှာ အခွင့်အရေး ယူလာကတည်းက မိတ်ဆွေစစ် မဟုတ်လို့ပါပဲ။ သူငယ်ချင်း အစစ် မဟုတ်လို့ပါပဲ။ ဒါကြောင့် သင့်တော်သလို တုန့်ပြန်ဖို့ လိုပါတယ်။ လုပ်ငန်းသဘော ဆက်ဆံရေးနဲ့ အပေါင်းအသင်း မိတ်ဆွေသဘော ဆက်ဆံရေးကို ခွဲခြားပစ်ဖို့ လိုပါတယ်။ ပရိုဆန်ဆန် ဆက်ဆံရေး ပုံစံ ဖြစ်အောင် တည်ဆောက်ရပါမယ်။ အပေါင်းအသင်းက တစ်ကဏ္ဍ၊ အလုပ်က တစ်ကဏ္ဍ ခွဲခြားပစ်ရပါမယ်။ ကိုယ်က ဦးဆောင်တဲ့ နောက်ကို လိုက်လာအောင် ပြင်ဆင်ရပါမယ်။ အကယ်၍များ ကိုယ်က အလုပ်သဘောထက် မိတ်ဆွေသဘော၊ အပေါင်းအသင်းသဘောကို တန်းဖိုးထား ရှေ့ဆက်ချင်တယ် ဆိုရင်တော့ အလုပ်ကိုလည်း ပြီးစေ၊ ဆက်ဆံရေးလည်း မပျက်စေတဲ့ လမ်းကို ရွေးလိုက်ပါ။

ဆက်ပါဦးမယ် ….

Facebook comments:

One Response

Leave a comment


*