အလုပ်အပ်မည့်သူနှင့် ဝန်ဆောင်မှုပေးမည့်သူ ဆက်ဆံရေး (၃)
ဒီတစ်ခါတော့ ကျွန်တော့် ကိုရီးယားကားတွေလို ဆောင်းပါးတွေထဲက တစ်ခုဖြစ်တဲ့ အလုပ်အပ်မည့်သူနှင့် ဝန်ဆောင်မှုပေးမည့်သူ ဆက်ဆံရေးဆိုတဲ့ ဆောင်းပါး အဆုံးသတ်ပါပြီ။ ဇာတ်ပေါင်းခန်းကိုတော့ ပေါင်းမှကြိုက်တဲ့ မြန်မာ ပရိသတ်တွေအတွက် ဇာတ်ပေါင်းခန်း လှလှလေးနဲ့ တင်ဆက် ထားပါတယ်။ ^_^
အရင်အပိုင်းတွေကို ဖတ်ချင်တယ် ဆိုရင်တော့
- အလုပ်အပ်မည့်သူနှင့် ဝန်ဆောင်မှုပေးမည့်သူ ဆက်ဆံရေး အပိုင်း (၁)
- အလုပ်အပ်မည့်သူနှင့် ဝန်ဆောင်မှုပေးမည့်သူ ဆက်ဆံရေး အပိုင်း (၂)
အလုပ်ကို တစ်ဆင့်ခံအပ်မည့်သူ
ဒါကတော့ အလုပ်ကို တစ်ဆင့်ခံအပ်တဲ့ ပုံစံပါ။ တစ်ခြား ကိုယ်နဲ့ လုပ်ငန်း နယ်ပယ်တူတဲ့ လုပ်ငန်းတစ်ခုက အလုပ်ကို လက်ခံထားပြီး အချိန် မပေးနိုင်တာကြောင့် ကိုယ့်ကို တစ်ဆင့်ခံ လာအပ်တာပါ။ သူတို့တွေအနေနဲ့ လုပ်ငန်း ကျွမ်းကျင်ပြီးသား ဘယ်လိုလုပ်ရမယ်ဆိုတာ သိပြီးသား ဖြစ်ကြောင်း ကိုယ့်ကို ပြောပါလိမ့်မယ်။ အချိန် မပေးနိုင်တဲ့ အတွက် တစ်ဆင့်ခံ အပ်ရတာ ဖြစ်တယ်လို့ ကြိုတင်ပြောဆိုပြီး ကိုယ့်ကို အပ်ပါလိမ့်မယ်။ တစ်ဖက် အဖွဲ့အစည်းအနေနဲ့ လုပ်ငန်း လည်ပတ်ပြီးသား အဖွဲ့တစ်ခု ဖြစ်ရင်လည်း ဖြစ်နေလိမ့်မယ်၊ ဒါမှမဟုတ် ခုမှ လုပ်ငန်းစတဲ့ သူလည်း ဖြစ်နိုင်ပါတယ်။
သေချာတာတော့ သူတို့ရဲ့ အရှုပ်ထုတ်က ကိုယ့်ဆီ ပုံလာတော့မှာ ဖြစ်ပါတယ်။ တစ်ဖက်က အလုပ် တစ်ဆင့် အပ်သူ အနေနဲ့ လည်ပတ်ပြီးသား အဖွဲ့တစ်ခု ဖြစ်နေတယ် ဆိုရင်တော့ ကိုယ့်အတွက် ကောင်းတယ်လို့ ဆိုရမှာပါ။ သူတို့ကိုယ်တိုင်က ကိုယ့်အရည်အချင်းကို သိပြီး ယုံကြည်ပြီး ဖြစ်တဲ့ အတွက် လာအပ်တာပါ။ အဲဒီလိုမှ မဟုတ်ပဲ လုပ်ငန်းစခါက ဟိုဒင်းမနိုင် ပဲကြီးဟင်းသောက် ဆိုသလို အလုပ်တွေ မျက်စိမှိတ် လက်ခံထားပြီး မနိုင်တော့မှ ကိုယ့်ကို လက်လွဲ အပ်တာမျိုး ဆိုရင်တော့ ပြဿနာတွေ အများကြီး ရှိလာနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ Client မျိုးတွေကို ကိုယ်တိုင် တိုက်ရိုက်ထိတွေ့ပြီး လက်ခံရင် ရှောင်သင့်က ရှောင်နိုင်ဦးမယ်၊ သူများလက်ခံပြီးသားကို ရှောင်ဖို့က မလွယ်တော့ပါဘူး။ အဲဒီလို အခြေအနေဆိုရင် ဓားခုတ်ရာ လက်ဝင်လျိုသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် သေသေချာချာ လေ့လာပြီးမှ လက်ခံသင့်ပါတယ်။ နောက် အဲဒီလို တစ်ဆင့်ခံအပ်တဲ့ အလုပ်တွေတိုင်းမှာ ကိုယ့်အနေနဲ့ Client နှစ်မျိုးနှစ်စားကို တိတွေ့ဆက်ဆံဖို့ လိုမယ်ဆိုတာ မမေ့ပါနဲ့။ ပထမတစ်မျိုးက ကိုယ့်ကို အလုပ်တစ်ဆင့် အပ်တဲ့သူနဲ့ နောက်တစ်မျိုးက အမှန်အကန် အလုပ်ရှင်ပေါ့။
Client အမျိုးအစားကို ဘယ်လို အကဲခတ်မလဲ
- သူတို့တွေက ကိုယ်စီရောက်လာတဲ့အချိန်မှာ အသည်းအသန်၊ သေလုမျောပါး ဆိုတဲ့ ပုံစံမျိုး ဖြစ်နေမှာ သေချာပါတယ်။
- သူတို့နဲ့ ဆက်သွယ်တဲ့အခါမှာ ရလာတဲ့ အချက်အလက်တွေက ရှည်ရှည်ဝေးဝေး တစ်ခုမှ မပါပဲ လိုရင်းတွေပဲ ပါလာ တတ်ပါတယ်။
- သူတို့ ပြောလေ့ရှိတဲ့ စကားတွေကတော့
- ဒါတွေ အကုန်လုံး ကျွန်တော် ကောင်းကောင်းလုပ်နိုင်တယ်ဗျ၊ ခက်တာက ကျွန်တော်မှာ အချိန်မရှိဘူး။
- အင်း … ကျွန်တော်တို့ လိုချင်တဲ့ ပုံစံနဲ့တော့ နည်းနည်း လွဲနေသလိုပဲ။ ဒါပေမယ့် ထားလိုက်ပါဗျာ။
- ခင်ဗျားကတော့ ကျွန်တော့်ကို အကြီးကြီး ကူညီးပေးလိုက်တာပါပဲဗျာ။ တကယ့်ကို ကျေးဇူးကြီး ပါပေတယ်။
ဘယ်လို ပေါင်းသင်းဆက်ဆံမလဲ
တစ်ဆင့်ခံ အလုပ်အပ်သူတွေ အနေနဲ့ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်၊ စွမ်းဆောင်ရည်ကို သိရှိပြီး ယုံကြည်ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကို ငှားတာပေါ့။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ အဲဒီလို အလုပ်လာအပ်တဲ့ တစ်ဆင့်ခံတွေ အနေနဲ့ ကိုယ့်ကို သူတို့ထက် တစ်ဆင့်နှိမ့်ပြီး မြင်စေလိုကြပါတယ်။ သူတို့ထက် ခေါင်းတစ်လုံးပိုတာမျိုးကို မလိုလားပါဘူး။ တန်းတူ ဒါမှမဟုတ် တစ်ဆင့်နိမ့် အနေအထားပဲ လိုလားကြပါတယ်။ အဲဒီလို အမြင်တွေကြောင့် ကိုယ့်ကို သူတို့တွေ သေသေချာချာ လုပ်နိုင်ကြောင်း၊ သူတို့အတွက် မဖြစ်စလောက် ကိစ္စဖြစ်ကြောင်း စသည်ဖြင့် အချိန်ပြည့် ပြောနေပေမယ့် ကိုယ့်ရဲ့ အိုင်ဒီယာနဲ့ ကိုယ် အလုပ်ကိုဆောင်ရွက်တာကို ခွင့်ပြုလေ့ရှိကြပါတယ်။ အကြံပြုမှု အနည်းငယ်၊ နောက်ဆုံး လုပ်ငန်း အပ်တဲ့အချိန် (Final Product) ကြရင် ပြုပြင်ဖို့ လိုအပ်တာ အနည်းငယ်တော့ ပါကောင်းပါလာနိုင်ပါတယ်။
နေရာတကာ ထိန်းချုပ်လိုသူ
နေရာတကာ ထိန်းချုပ်ကွပ်ကဲလိုတဲ့ သူတွေကတော့ ပရောဂျက် လုပ်ငန်းတစ်ခုလုံးကို အေးအဖွဲကအစ လိုက်ပြီး စီမံခန့်ခွဲနေရမှ ကျေနပ်တဲ့သူမျိုးပါ။ Micro-manage လုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီလို အသေးအဖွဲကအစ လိုက်ပြီး စီမံခန့်ခွဲလေ့ရှိတယ် ဆိုတဲ့ Client မျိုးဟာ သူတို့ အမူအကျင့် ကိုယ်တိုင်က အဲဒီလိုလုပ်ရမှ စားဝင် အိပ်ပျော်မယ့် သဘောရှိပါတယ်။ သူတို့ ပညာအရည်အချင်း ဘယ်လောက်ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ မဆိုင်ပါဘူး။ အဲဒီလို Client မျိုးနဲ့ တွေ့လို့ကတော့ ဘာတစ်ခုမှ ကိုယ်တိုင်ဆုံးဖြတ်ချက် ချလို့ မရတော့ပါဘူး။ သဘောတူညီချက် တစ်ခု ဖြစ်ဖြစ်၊ လုပ်ငန်းနဲ့ ပတ်သက်ပြီး ပေးစရာ၊ ရစရာ ကိစ္စ သူ့လက်မှတ်ပါမှ၊ နေရာတကာ သူ့မပါရင် မပြီး ပွဲမစည်ဘူး ဆိုပါတော့။
တီထွင်ဖန်တီးမှုကဲတဲ့ အလုပ်တွေမှာ အဲဒီလို အသေးအဖွဲကအစ စီမံခန့်ခွဲခြင်း ခံနေရတယ်ဆိုရင် အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အချိန်ပြည့် လာလာရစ်နေတဲ့ ဒါဏ်ကို ခံနိုင်ဖို့ မလွယ်ပါဘူး။ အင်မတန် စိတ်ပျက်စရာကောင်းတဲ့ Client အနေနဲ့ ကိုယ့်ရဲ့ အလုပ် လုပ်ကိုင်ဆောင်ရွက်မှု အဆင့်ဆင့်တိုင်းမှာ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ဟိုဟာတော့ ကျွန်တော် သဘောမတူဘူး၊ ဒီဟာတော့ မကြိုက်ဘူး လိုက်လုပ်နေပါလိမ့်မယ်။ အဲဒီလို နေရာတကာ စီမံခန့်ခွဲ တတ်သူတွေမှာ နေရာတကာ သူတို့ မတတ်တာ မရှိ၊ မသိတာ မရှိဆိုတဲ့ ထင်တစ်လုံးကလည်း ရှိတတ်ပါသေးတယ်။ တကယ်တန်း လုပ်ငန်းကို နားလည်လား ဆိုတော့လည်း နားမလည်ပါဘူး။ စည်းမရှိ၊ ဘောင်မရှိ၊ လုပ်ငန်းကို အနှောက်အယှက် ပေးနေပါတော့တယ်။ အဲဒီအပြင် အဆိုးဆုံး အချက်တစ်ခုကတော့ ကိုယ့်ကို သူတို့လောက် မစီမံတတ်ဘူး၊ အစီအစဉ်မချတတ်ဘူး၊ ပြင်ပြင်ဆင်ဆင် မရှိဘူးလို့ ထင်တတ်ကြတာပါပဲ။ အဲဒီအတွက် သူတို့ အနေနဲ့ စီမံခန့်ခွဲပေးပါမှ ပညာပေးလိုက်ပါမှ ဖြစ်တော့မယ်လို့ ထင်တတ်ကြပါတယ်။
Client အမျိုးအစားကို ဘယ်လို အကဲခတ်မယ်
- သူတို့နဲ့ စတွေ့တဲ့ အချိန်မှာ အပြန်အလှန် သဘောမဆောင်ပဲ သူ့ဝန်ထမ်းတွေကို ပြောနေသလို မိန့်ခွန်းတွေ အရှည်ကြီး ချွေတာကို ခံရပါလိမ့်မယ်။ ဖြစ်ချင်တာတွေ ပြောဖို့ထက် သူ ဘယ်နေရာမှာ ဘယ်လို စီမံခန့်ခွဲလို့ ဘယ်လို အောင်မြင် လာကြောင့် ဘယ်နေရာမှာတော့ ဘယ်လိုလုပ်ခဲ့ကြောင်း စသည်ဖြင့် လုပ်ငန်းနဲ့ မဆိုင်တာတွေကို စီကာပတ်ကုံး ပြောပါလိမ့်မယ်။ တကယ်တန်း လုပ်ငန်း လိုအပ်ချက်နဲ့ ပတ်သက်ပြီး ပြောတာဆိုတာ အင်မတန် နည်းလေ့ ရှိပါတယ်။
- လုပ်ငန်းလိုအပ်ချက်များနဲ့ ရယူလိုတဲ့အခါ မလိုအပ်ပဲ အချိန်တွေ ကြာနေတတ်ပါတယ်။
- သူတို့ပြောလေ့ရှိတဲ့ စကားတွေကတော့
- ဒီလိုလုပ်မှ ခင်ဗျားနဲ့ ကျွန်တော် ၂၄ နာရီ / ရ ရက် ထိတွေ့နေလို့ ရမှာပေါ့၊ ဒါမှ ခင်ဗျားလည်း မေးချင်ရာမေး၊ ကျွန်တော်လည်း ပြောချင်တာ ပြောလို့ရမှာပေါ့။
- ဒီ အလုပ် (ပရောဂျက်) အတွက် ဘယ်ဟာတွေက အကောင်းဆုံး ဘယ်ဟာတွေက အသင့်တော်ဆုံး၊ ဘယ်ဟာတွေက မသင့်တော်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်ဗျ။
- ဘယ်လို ဘယ်လို ပြောလိုက်တယ်၊ ကျွန်တော်က အနှောက်အယှက် ပေးနေတယ် ဟုတ်လား၊ ဘယ်ကလာဗျာ၊ ကျွန်တော်ကသာ ခု ပရောဂျက်ကို လမ်းကြောင်းပေါ် ရောက်အောင် မောင်းနှင်နေတဲ့ အဓိကလူဗျ။
ဘယ်လို ပေါင်းသင်းဆက်ဆံမလဲ
အဲဒီလို အလုပ်မျိုး၊ အဲဒီလို ပရောဂျက်မျိုးကို မဖြစ်မနေ၊ မတတ်သာတဲ့ အခြေအနေကြောင့် လက်ခံလိုက်ရပြီ ဆိုရင်တော့ ဘယ်နေရာမှ ကိုယ့်အခန်း၊ ကိုယ့်ကဏ္ဍ မရှိတော့ဘူးဆိုတာ မှတ်ထားလိုက်ပါ။ အလုပ်မှာ စိတ်နှစ်ထားဖို့လည်း စိတ်မကူးပါနဲ့။ ကိုယ်တိုင် စီမံခန့်ခွဲမှုအများကြီး ရှိမှ အလုပ်ဖြစ်တတ်တဲ့ တီထွင်ဖန်တီးမှုကဲတဲ့ အလုပ်မျိုးမှာ ဘာမှလုပ်ခွင့် မရှိဘူးဆိုတော့ ဘာမှလည်း ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ အင်ဂျင်နီယာ လုပ်ရမယ့်ဟာ ပန်းရံလုပ်ခိုင်းနေတဲ့ အခြေအနေဆိုတော့ မတတ်သာလို့ မလွဲသာ မရှောင်သာလို့ လုပ်ရမယ်ဆိုရင်တော့ နှမလက်လျော့ နေပေတော့ပဲ။ တစ်ခုတော့ သတိထားပါ။ ကိုယ့်ရဲ့ Portfolio ထဲမှာ အဲဒီလို ပရောဂျက်ကို ယောင်လို့တောင် မထည့်မိပါစေနဲ့။
အိပ်မက်ထဲက ချစ်သူ (အဲလေ) Client
အိပ်မက်ထဲက ချစ်သူလို၊ တန်ခိုးရှင် နတ်သားတစ်ပါးလို အရာရာ ပြီးပြည့်စုံတဲ့ Client လို့ ဆိုနိုင်ပါတယ်။ တကယ်တန်း တော့ အဲဒီလို Client မျိုးဆိုတာ ရှိတော့ရှိတယ်၊ အင်မတန် ရှားတယ်လို့ ဆိုရမှာပါ။ တီထွင်ဖန်တီးမှုကဲတဲ့ လုပ်ငန်းရဲ့ သဘောကိုလည်း နားလည်သလို၊ အနုပညာမြောက် ဖန်တီးရတဲ့ ကိုယ့်ရဲ့ အလုပ်အပေါ်မှာလည်း တန်ဖိုးထား လေးစားမှု ရှိပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အဆင့်အတန်း၊ အခန်းကဏ္ဍ၊ တီထွင် ဖန်တီးမှုကြောင့် ရလာတဲ့ ကိုယ့်ရဲ့ အလုပ်အပေါ်မှာလည်း အတိုင်းထက်အလွန်ပဲ တန်ဖိုးထားပါတယ်။
ပရောဂျက်ကို စတယ်ဆိုတာနဲ့ ကိုယ့်ကို အဓိက မောင်းနှင်သူ နေရာကနေ နေရာယူစေလိုပါတယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို တုန့်ပြန် ဆောင်ရွက်ပေးသလို မလိုအပ်တဲ့ အချိန်မှာလည်း တီထွင်ဖန်းတီးမှုဝန်းကျင် ကောင်းကောင်းကို အနှောက်အယှက် ကင်းကင်းနဲ့ ဖန်တီးပေးထား လေ့ရှိပါတယ်။ ဇော်ဝင်းထွဋ် သီချင်းထဲကလို ကိုယ့်အတွက် မင်းလေးဟာ အနှိုင်းမဲ့ ဆိုပါတော့။ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင်လည်း လိုလေးသေး မရှိရအောင် Project တစ်လျှောက်လုံး အထောက်အပံ့ ပေးထားပြီး တစ်စက်ကလေးမှ မငြိုငြင်စေရပါဘူး။ ကိုယ့်က အကြံကောင်း ဉာဏ်ကောင်းတွေ ပေးမယ်ဆိုရင်လည်း လေးလေးစားစား တန်ဖိုးထားပြီး လက်ခံလေ့ရှိပါတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ရင်လည်း ခိုင်မာ တည်ကြည်တဲ့ ယုံကြည်ချက် ထားနိုင်သူတွေ ဖြစ်ပါတယ်။
Client အမျိုးအစားကို ဘယ်လို အကဲခတ်မယ်
- သူတို့တွေက လုပ်ငန်းအပ်ဖို့၊ ပရောဂျက်စဖို့ စိတ်အားထက်သန်် နေတတ်ပါတယ်။ ကိုယ့်ကိုလည်း မဖြစ်မနေ ပါဝင်လာဖို့ စိတ်အား ထက်သန်နေတတ်ပါတယ်။ မင်းသားတွေလိုပေါ့ဗျာ၊ ဒီကားမှာ မင်းသားမှ မပါရင် မဖြစ်လို့ပါ၊ လက်ခံပေးပါ ဆိုသလိုပေါ့။
- တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ဆက်ဆံကြတဲ့အခါမှာလည်း အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှုတွေနဲ့ ပြည့်နှက် နေတတ်ပါတယ်။
- သူတို့ ပြောလေ့ရှိတဲ့ စကားတွေကတော့
- ဒါတွေက ကျွန်တော် လိုအပ်ချက်တွေကို အနည်းအကျဉ်း ပြင်ဆင်ထားတာပါ။ ကျန်တာတွေ အားလုံးကတော့ ခင်ဗျား ကြိုက်သလို ရှေ့ဆက်လုပ်ပါတော့။
- အခု ကျွန်တော်တို့ အလုပ်အပေါ်မှာ ခင်ဗျား လုပ်ကိုင် ဆောင်ရွက်ပေးတာတွေ အားလုံးကို သဘောကျပါတယ်။ ခင်ဗျားက ကျွန်တော်တို့အတွက် အကောင်းဆုံးတွေ ဖန်တီးပေးတဲ့သူပါပဲ။
ဘယ်လို ပေါင်းသင်းဆက်ဆံမလဲ
ဒီလောက်လိမ်မာတဲ့ အိပ်မက်ထဲက ချစ်သူလေးလိုမျိုး အပြင်မှာ အရှင်လတ်လတ် တွေ့နေရပြီ ဆိုမှတော့ဗျာ ဘာလုပ်ဖို့ စဉ်းစားနေဦးမှာလဲ။ တစ်သက်လုံး ရိုးမြေကျ ပေါင်းဖို့ရွယ်ပြီး သစ္စာတော်နှံဖို့သာ ရှိတော့ ပေမပေါ့ဗျာ။ အဲဒီလို အိပ်မက်ထဲက ချစ်သူလိုမျိုး Client ကိုတွေ့ပြီ ဆိုရင်တော့ အမြဲတမ်း ခိုင်မာတဲ့ လုပ်ငန်းသဘော ဆက်ဆံရေး၊ ရင်းနှီးမှုတွေ မလွတ်တန်း တည်ဆောက် ရတော့မှာပေါ့ဗျာ။ မဟုတ်ဘူးလား။
ရောဘတ် ဘိုဝင်ရေးသားသော Client အမျိုးအစားများကို ဘယ်လိုခွဲခြားသတ်မှတ်မယ်၊ ဘယ်လို ပေါင်းသင်းဆက်ဆံမယ် ဆိုတဲ့ ဆောင်းပါးကို နားလည်သလို ပြန်လည် ဆန်းသစ်ရေးသားထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။
Facebook comments:





