ကျင့်ဝတ်နှင့် စီးပွားရေး

Business Ethics ကိုဒီနေရာမှာ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်လို့ပဲ ဘာသာပြန်ပါရစေ။ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တွေဆိုတာ လူတွေအားလုံး ကြားဖူးနေကြတဲ့ အကြောင်းအရာ တစ်ခုပါပဲ။ နောက် ပြီး လူတွေနဲ့ ရင်းနှီးနေပြီးသား အကြောင်းအရာ တခုလည်း ဟုတ်ပါတယ်။ ဒါပေမယ့် လူအတော်များများ လက်ခံထားကြတာက လူကျင့်ဝတ်ဆိုတာ သပ်သပ် စီးပွားကျင့်ဝတ်ဆိုတာ သက်သက်လို့ ထင်နေကြတာပါပဲ။ တကယ်ကတော့ စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ဆိုတာ မရှိပါဘူး။ ကျင့်ဝတ်တွေဟာ အလုပ်ထဲမှာပဲဖြစ်ဖြစ် ကိုယ်ပိုင် ဘဝထဲမှာပဲဖြစ်ဖြစ် အတူတူပါပဲ။

ကျင့်ဝတ်ဆိုတာ ဘာလဲလို့ ဆိုရင် “ကျင့်ဝတ်ဆိုတာ ကိုယ့်အပေါ်မှာ တနည်းအားဖြင့် ကိုယ့်အတွက် အကျိုးအမြတ် မဖြစ်ထွန်းဘူး မကောင်းဘူး ဆိုရင်တောင် မှန်တယ်လို့ ထင်တဲ့ ဆုံးဖြတ်ချက်ကို ရွေးချယ်ရတာပါ”။ အဲဒီ ရွေးချယ်မှု တွေကိုပဲ စံပြလူတွေရဲ့ ရွေးချယ်မှု တစ်နည်းအားဖြင့် Golden Rules ရဲ့ စံနမူနာတွေ အဖြစ် သတ်မှတ် ကြပါတယ်။ ရွေရောင် စည်းကမ်း ဆိုတာ မနာကြင်ပါစေနဲ့၊ မခိုးပါနဲ့၊ မလိမ်ပါနဲ့ နောက်တခု အထင်ရှားဆုံးက ကိုယ့်အတွက် ကိုယ် လုပ်ပေးသလိုပဲ သူများကိုလည်း လုပ်ပေးပါ။ ဒါတွေက ကြည့်ကောင်းရုံ ကြားကောင်းရုံ ပြောနေတဲ့ စကားတွေ သက်သက် မဟုတ်ပါဘူး။ ဒါတွေက တကယ်အဖိုးတန်တဲ့ စကားတွေ ဖြစ်ပြီး လူ့ပတ်ဝန်းကျင် လူ့လောက ဘယ်သူမဆို နေထိုင်သင့်တဲ့ စည်းကမ်းတွေ လမ်းတွေပါ။

ကိုယ့်ရဲ့ ကိုယ်ပိုင် ဘဝမှာတော့ လူအတော် များများက ဒီရွေရောင် စည်းကမ်းတွေ အတိုင်း နေထိုင်ဖို့ ကြိုးစား ကြပါတယ်။ နောက်လူ အတော်များများက ကျင့်ဝတ် ဆိုတာ ဘဝရဲ့ ကိုုယ်ပိုင် အချိန်တွေနဲ့ပဲ ပတ်သက်တယ်လို့ လက်ခံထားကြပြီး စီးပွားရေး လုပ်ရာမှာတော့ မပတ်သက်သလို ယူဆထားကြတာပါ။ လုပ်ငန်း အတော် များများကလည်း ကျင့်ဝတ်တွေ ထိန်းသိမ်း ထားရခြင်းကို အဆိုးမြင်ပြီး မလိုလားဘူးလို့ ထင်နေကြတယ်။ ဘာလို့တုန်းဆိုတော့ စီးပွားရေး လုပ်တယ်ဆိုတာနဲ့ လူတွေက ကိုယ့်အတွက် အကောင်းဆုံးက ဘာလဲလို့သာ တွေးတတ်ကြပြီး ဘယ်အရာက လုပ်ဖို့ အမှန်ကန်ဆုံး အရာလည်း ဆိုတာကို မေ့လျော့ နေတတ်ကြတာပါပဲ။ စာဖတ်သူ အနေနဲ့လည်း ဒီစာကို ဖတ်ရင်း အနည်းငယ်တော့ ကသိကအောက် ဖြစ်ရင် ဖြစ်မိမယ် ထင်ပါတယ်။

ဥပမာ တစ်ခုအနေနဲ့ဆို ENRON ကိုပဲ ကြည့်ကြည့်ရအောင် ENRON က ၂၀၀၁ ခုနှစ်တုန်းက ဒေဝါလီ ခံသွားခဲ့ရတဲ့ အမေရိကားရဲ့ ဒေဝါလီခံခဲ့ရတဲ့ အကြီးဆုံး ကုမ္ပဏီတခုပါ။ ENRON ဟာ Accounting ရဲ့ အားနည်းချက်တွေကို အသုံးချပြီး သူ့ရဲ့ မအောင်မြင်တဲ့ ဘီလီယံနဲ့ ချီတဲ့ ပရောဂျက်တွေကို ဖျောက်ထား ပစ်ခဲ့ကြပါတယ်။ CFO Andrew Fastow နဲ့ သူ့ရဲ့ အပေါင်းအပါတွေဟာ ဘုတ်အဖွဲ့ကို စီးပွားရေး အမြင်တွေပေါ်မှာ တစ်လွဲ တွေးမြင်စေပြီး သူ့ရဲ့ အားနည်းချက်တွေကို လျစ်လျူရှုဖို့လည်း သူ့ရဲ့ စာရင်းစစ်ကုမ္ပဏီ Andersen ကို ဖိအား ပေးခဲ့ပါတယ်။ ၂၀၀၀ခုနှစ် နှစ်လယ်ပိုင်းလောက်က ENRON ရဲ့ ရှယ်ယာ တန်ဖိုးက အမေရိကန် ဒေါ်လာ ၉၀ ရှိခဲ့ပြီး ၂၀၀၁ နို၀င်ဘာမှာ ရှယ်ယာတန်ကြေး အမေရိကန် ၁ ဒေါ်လာအောက်ကို ရောက်သွားတဲ့အခါ သူ့ရဲ့ ရှယ်ယာရှင်တွေကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံလောက် ရှုံးသွား စေခဲ့ပါတယ်။ ENRON နဲ့အပြိုင် သူ့ရဲ့စာရင်းစစ်ကုမဏီ Arthur Andersen LLP ကလည်း လူတွေရဲ့ ယုံကြည်မှု ကျဆင်းလာရပြီး တစ်ဖြည်းဖြည်းနဲ့ ပိတ်သွား ခဲ့ရပါတယ်။

ENRON ရဲ့ အထက်ပိုင်း အရာရှိတွေ လုပ်ရပ်က ကျင့်ဝတ်ရဲ့ အကောင်းဆုံး ဥပမာတခုလား။ အသေအချာ မပြောတတ်ပေမယ့် သူဟာ အကြောင်းအရာ ၂ ခုအတွက်တော့ အကောင်းဆုံး ဥပမာတွေ ဖြစ်ခဲ့ပါတယ်။ တစ်ခုက သူတို့ရဲ့ လုပ်ရပ်က ကျင့်ဝတ် ဆိုတာကို ဘယ်နည်းနဲ့မှ မစောင့်စည်း ခဲ့ကြဘူးဆိုတာပဲ ဖြစ်ပြီး ဒုတိယ တစ်ချက်ကတော့ ကျင့်ဝတ်ကို လျစ်လျူရှုထားတဲ့အခါ ဘာဖြစ်လာနိုင်လဲ ဆိုတဲ့ ဖြစ်ရပ်ကို မီးမောင်း ထိုးပြ လိုက်သလိုပါပဲ။ အကယ်လို့များ လုပ်ငန်း တစ်ခုရဲ့ ခေါင်းဆောင်ကသာ ကျင့်ဝတ်တွေကို အလေးထားခဲ့ရင် ဘယ်လိုမှ မကောင်းတဲ့ အခြေအနေ ဖြစ်ရပ်ဆိုးတွေ ဖြစ်လာစရာ မရှိပါဘူး။ ကျင့်ဝတ်တွေကိုသာ လုပ်ငန်းတိုင်းက နေ့စဉ် ကျင့်ကြံ သုံးစွဲသွားမယ်ဆိုရင် အဖြစ်ဆိုးတွေ ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်တာ အသေအချာပါပဲ။

ဒီကျင့်ဝတ်တွေ အကြောင်း ပြောရင်း စိတ်မသက်သာသလို ခံစားမိတယ်။ ဘာကြောင့် အခုလို ဖြစ်ရတာလဲ။ ကျင့်ဝတ် ဆိုတာ ကျွန်တော်တို့ရဲ့ နေထိုင်မှု ဘဝကို တိုးတက်အောင် လုပ်ပေးနိုင်သလို ပျော်ရွင် ကြည်နူးအောင်လည်း လုပ်ပေး နိုင်ကြပါတယ်။ ဒါပေမယ့် ကျင့်ဝတ်တွေကို လိုက်နာခဲ့ကြတယ် ဆိုရင်တောင် ကျွန်တော်တို့တွေက ခပ်ပါးပါးသာ လိုက်နာခဲ့ကြလို့ ကျင့်ဝတ်ဆိုတာ ခပ်ခါးခါး စကားလုံး တွေလိုတောင် ဖြစ်နေပါပြီ။

ခုတော့ ကျင့်ဝတ်တွေကို ပြန်လည် တန်ဖိုးထား လာကြပါတယ်။ စီးပွားရေး လုပ်ငန်းစုတွေထဲက စီးပွားရေး လုပ်ငန်းရှင်တွေက နားလည် လာကြသလိုပဲ ကျင့်ဝတ်ဆိုတာ အလုပ်တံခါး အဝင်ဝမှာ ပါမပါ စစ်ဆေးလို့ရတဲ့ အရာတွေ မဟုတ်ကြပါဘူး။ လူတွေရဲ့ ကိုယ်ပိုင် ပုဂ္ဂလိက ဘဝမှာလိုပဲ လူအများနဲ့ ဆက်ဆံနေတဲ့ ဘဝတွေမှာလည်း ကျင့်ဝတ်တွေက အရေးပါနေပါပြီ။ ကျင့်ဝတ်မှာ လူ့ကျင့်ဝတ် လုပ်ငန်းကျင့်ဝတ်ရယ်လို့ သပ်သပ် ခွဲထုတ် ထားစရာ မရှိပါဘူး။

တစ်ချို့ လုပ်ငန်းတွေမှာဆို ကျင့်ဝတ်ဆိုတာ ဘာလဲဆိုပြီး သူတို့ရဲ့ အလုပ် training တွေမှာ ထည့် သင်ကြား ပေးနေကြပါပြီ။ ဒါက အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုပါ။ အလုပ်သမားတွေနဲ့ အထက်ပိုင်း အရာရှိတွေဟာ ကျင့်ဝတ်ဆိုတာ ဘာလဲ နားလည်ဖို့ လိုသလို ကျင့်ဝတ်ကြောင့် လုပ်ငန်းတွေ ပိုမို တိုးတက်လာတယ် ဆိုတာ အသိပေးဖို့ ကြိုးစား နေကြပါပြီ။ စီးပွားရေး လုပ်ငန်းတွေမှာတင် မကပါဘူး။ ပြည်သူလူထုကပါ စီးပွားရေး ကျင့်ဝတ်တွေကို ဂရုစိုက် တန်ဖိုးထား နေကြပါပြီ။

နောက်ထပ် တစ်ခုကတော့ ကျင့်ဝတ်တွေ အကြောင်း သင်ကြားပေးတဲ့ နေရာမှာလည်း အချိန်နဲ့အမျှ ပြန်လည် လေ့လာ သုံးသပ်မှုတွေကို လုပ်ဖို့ သင့်ပါတယ်။ ဘာလို့လည်း ဆိုတော့ ယခုခေတ်မှာ ကမ႓ာကြီးက အချိန်နဲ့အမျှ ပြောင်းလဲနေပြီး အရင်က မစဉ်းစားမိတဲ့ မသိခဲ့တဲ့ အကြောင်းအရာ အသစ်တွေကိုပါ ဒါက ကျင့်ဝတ်နဲ့ ညီမညီ လိုက်ခွဲခြားရမယ့် အခြေအနေကို ရောက်လာ နေကြပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ပထမဦးဆုံး Computer Hacker က တက္ကသိုလ်က ကွန်ပျူတာ စနစ်ထဲကို ဗိုင်းရပ်စ်တွေ စထည့်လိုက်ပြီးတော့ စနစ်တခုလုံးကို နှောင့်နှေးသွား စေခဲ့ပါတယ်။ အဲဒီ အချိန်တုန်းကတော့ ဒီဖြစ်ရပ်ကို ကျင့်ဝတ်မညီတဲ့ အပြစ်တခုထက် လှောင်ပြောင် ကျီစယ်မှု တစ်ခုအဖြစ်သာ မြင်နိုင်ခဲ့ကြပါတယ်။ အဲဒိအချိန်တုန်းက ကွန်ပျူတာဆိုတာ အသစ်စက်စက် ပစည်းတခု ဖြစ်နေပြီး မည်သူ တစ်ဦး တစ်ယောက်ကမှလည်း ခုလိုမျိုး မလုပ်ဖူးသေးပါဘူး။ အချိန်တွေက ပြောင်းလဲ လာတာနဲ့အမျှ နည်းပညာ အသစ်တွေ ပေါ်ပေါက် လာသလိုပဲ ကျင့်ဝတ်ဆိုတဲ့ အရာကလည်း အတူလိုက်ပါ လာနေဆဲပါပဲ။ လိုက်ပါဖို့လည်း လိုကို လိုအပ်ပါတယ်။

အဓိက ချုပ်ကြည့်ရင်တော့ ကျင့်ဝတ်တွေ အပေါ် လူတွေ ဘယ်လို နားလည် လက်ခံလဲက အဓိကပါ။ တက္ကသိုလ် အများစု ကလည်း ကျင့်ဝတ်ကို ဘာသာရပ် တစ်ခုအနေနဲ့ ထည့်သွင်း လာခဲ့ကြပြီး လူငယ်တွေရဲ့ စိတ်ထဲကို ကျင့်ဝတ်နဲ့အညီ အလုပ်ထဲမှာ လူ့ဘဝမှာ ဘယ်လို ကျင့်ကြံ နေထိုင်ရမယ် ဆိုတာကို သွင်းပေးဖို့ လုပ်နေကြပါပြီ။ ဒီနည်းအားဖြင့် ကော်ပိုရေးရှင်းတွေကလည်း ဟိုးလေး တကျော်ကျော်နဲ့ သတင်းစာပေါ် အရှက်ကွဲရမယ့် အဖြစ်ဆိုးတွေက ကင်းလာနိုင်သလို၊ အသေးစား စီးပွားရေး လုပ်ငန်းတွေ အနေနဲ့လည်း စားသုံးသူတွေကို ပိုမို ဆွဲဆောင်နိုင်လာ ပါလိမ့်မယ်။ နှစ်ဖက်စလုံးအတွက် အကျိုးအမြတ် ရှိပြီး နှစ်ဦးနှစ်ဖက် မျှတတဲ့ သဘောတူညီမှုတွေ ဖြစ်လာသင့်တယ် မဟုတ်ပါလား ….

(Myron Curry ၏ Ethics in the Workplace ကိုဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

Facebook comments:

3 Responses

  1. Thiha says:

    ဒီဆောင်းပါးလေး အရမ်းသဘောကျတယ်ဗျို့ … ကျေးဇူးတင်ပါတယ်ဗျို့ …

  2. မှန်လိုက်လေခြင်းဗျာ ဒီလိုလေးတွေ များများရေးပေးဗျာ ဆရာနေဦး :) ။ အရေးအသား ပြောင်မြောက်ပါပေတယ်ဗျာ။ ပုံလေးတွေလဲ တော်တော် ထိရောက်တဲ့ ဥပမာတွေပါပဲ။ ကျေးဇူးတင်ပါတယ်။

  3. နာမည်ဘယ်လိုခေါ်ရမလဲမသိဘူး.. အပေါ်က အကိုက နေဦး ဆိုတော့လည်း နေဦးပေါ့နော်… :D
    တော်တော်လေးထိတယ်… စသားတွေလည်းမိုက်တယ်… ကျေးဇူးလည်းတင်တယ်ဗျာ… နောက်လည်းရေးဦး…

Leave a comment


*