ဘိဇနက်နှင့် ဘဝသံသရာ အပိုင်း (၂)

ခုမှ စဖတ်မယ့်သူတွေအတွက် အရင်အပိုင်းကို ပြန်ညွှန်းလိုက်ပါတယ်။

Going public

ဟူး… မောလိုက်တာဗျာ။ တောက်လျှောက် ရေးလာတာ ဒီအဆင့်ကို ရေးချင်လို့။ ညနေက ကိုသီဟနဲ့ chat ဖြစ်တော့ ဒီတစ်ခါ stock share တွေ အကြောင်း ရေးဗျာလို့ ပြောလာတယ်။ ဘယ်က စရေးရမလဲ စဉ်းစားရင်းနဲ့ သူ့ရဲ့အနက်ရောင် အခန်းဆက် ကကြိုးလိုမျိုး post လေး ဖတ်ရတာ သဘောကျလို့ ဒီဇာတ်လမ်းကို စိတ်ကူးရပြီး ချရေးလာတာ။ စရေးကတည်းက တစ်ထိုင်တည်း အခုငါးနာရီကျော်ကြာမှ ဒီနေရာ ရောက်တော့တယ်။ ဆက်လိုက် ရအောင်ဗျာ။

ဒီအဆင့်မှာကတော့ ကိုယ့်ကုမ္ပဏီက တစ်ကယ့်ကို ကော်ပိုရေးရှင်းကြီး အဆင့်ကို ရောက်နေပြီ။ လုပ်ငန်းတွေ စျေးကွက်တွေ ထပ် ချဲ့ထွင်ဖို့အတွက် ပိုက်ဆံ ထပ်လိုတဲ့ အတွက် လုပ်ရမှာပါ။ အစက စခဲ့သလို ၀ါးတားတားအဆင့် မဟုတ်တော့ဘူး။ ရှေ့ဆက်မယ့် လုပ်ငန်းတွေနဲ့ vision တွေ ပီပီ ပြင်ပြင်နဲ့ လစာ သိန်းချီ ပြီးယူနေတဲ့ CEO တွေပါ ရှိကောင်း ရှိနေနိုင်တဲ့ အဆင့်ပေါ့။ ကုမ္ပဏီအနေနဲ့ အရင်းရှင် လူနည်းစုလေးဆီက ရတဲ့ ရင်းနှီး မြှုပ်နှံမှုလောက်နဲ့ မလောက်တော့ဘူးဆိုရင် နောက်တစ်ဆင့်ကတော့ public ကုမ္ပဏီ လုပ်ပစ်တာပါပဲ။ Public လုပ်လိုက်တဲ့အတွက် လူတစ်ယောက် ဆီကနေ ပိုက်ဆံနည်းနည်းစီနဲ့ လူပေါင်းများစွာရဲ့ ပိုက်ဆံတွေကို ကိုယ့်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်တာပါ။ ကုမ္ပဏီတွေ အနေနဲ့ ဒီလို အများပြည်သူရဲ့ ရင်းနှီး မြှုပ်နှံမှု ရဖို့အတွက် ဘာတွေ လုပ်လို့ရလဲ ကြည့်ရအောင်။

Bond များ ထုတ်ရောင်းခြင်း

ဒါကတော့ Bond ဆိုတဲ့အတိုင်း ငွေချေး စာချုပ်လို့ ဆိုပါတော့ဗျာ။ ဒီငွေချေး စာချုပ်ကို ဒီနေ့မှာ ဒီစျေးနဲ့ ၀ယ်ပါတယ်။ ဘယ်နေ့ ဘယ်ရက်မှာ အတိုး ဒီလောက်နဲ့ ဘယ်လောက် ပြန်ပေးပါ့မယ် ဆိုတဲ့ ကတိ စာချုပ်ပေါ့ဗျာ။ ၀ယ်တဲ့ လူတွေအနေနဲ့ ဘဏ်မှာထားတဲ့ fixed deposit account တွေထက်လည်း အတိုးများမယ်။ တစ်ခြား စျေးကွက်ထဲက investment အမျိုးအစား (instruments) တွေထက်စာရင်လည်း risk နည်းမယ်။ ဘာလို့လဲဆိုတော့ တစ်ကယ်လို့ ကုမ္ပဏီ အခြေအနေ မကောင်းရင် သူတို့တွေကို အရင်ဆုံး ပြန်ဆပ်ရတာကိုး။ ပြီးတော့ ဒီလောက်အတိုးနဲ့ မြတ်မယ် ဆိုတာကလည်း သေချာတာကိုး။ ကုမ္ပဏီဘက်က ကြည့်ရင်လည်း ဘဏ်က သွားချေးတာထက် အတိုးအများကြီး သက်သာတယ်။ တစ်ခုရှိတာက ကုမ္ပဏီအနေနဲ့ အမြတ် မထွက်ရင်တောင် သူတို့ကိုတော့ စာချုပ်ထဲက အတိုင်း အတိုးပေးရမယ်။

Initial Public Offerings (IPO)

ဒါကတော့ နောက်ပိုစ့်တွေ ကျရင် ဆက်ပြောမယ့် stock share တွေ အကြောင်းပေါ့ဗျာ။ ကုမ္ပဏီ တစ်ခုဟာ ကိုယ့်ကုမ္ပဏီရဲ့ stock share တွေကို လူထုဆီ ထုတ်ရောင်း ချင်တယ်ဆိုရင် stock share တွေကို အရောင်း အဝယ်လုပ်တဲ့ စျေးကွက် (exchange) market မှာ list လုပ်ရပါတယ်။ Singapore ဆိုရင် Singapore Stock Exchange (SGX)၊ London မှာဆို London Stock Exchange၊ U.S မှာဆို New York Stock Exchange စသဖြင့်ပေါ့။ ဒီ share တွေကို ရောင်းဝယ်တဲ့ exchange market တွေရှိပါတယ်။ ဒီလို exchange market မှာ ကိုယ့် ကုမ္ပဏီကို list လုပ်ပြီးရင် ကုမ္ပဏီရဲ့ share တွေကို စျေးတစ်ခုနဲ့ ထုတ်ရောင်းလို့ ရပါပြီ။ List လုပ်ခွင့် ရဖို့ကတော့ အစစ်အဆေး process အဆင့်ဆင့်ပေါ့ဗျာ။ ဘာလို့ public listing လုပ်ကြလဲ ဆိုတော့ အဓိကအနေနဲ့ အရင်းအနှီးပမာဏ အများကြီးကို လူတွေ အများကြီးဆီက ရနိုင်တယ်။ နောက်တစ်ခု အနေနဲ့ public listed ဆိုတဲ့ ကုမ္ပဏီဆိုတာ တော်တော်ကို ဂုဏ်လဲရှိပါတယ်။

အဲဒီတော့ ကုမ္ပဏီက ပထမဆုံးအနေနဲ့ stock share အစု တစ်သိန်းကို တစ်စု တစ်ရာနဲ့ ထုတ်ရောင်းမယ်လို့ ကြေညာ လိုက်တယ် ဆိုပါတော့။ ဒါကို initial public offering လို့ခေါ်ပါတယ်။ ဒီ stock share အစု တစ်သိန်း ရောင်းလို့ရသမျှ သိန်းတစ်ရာက ကုမ္ပဏီကို တိုက်ရိုက် ရောက်သွားမှာပါ။ Bond နဲ့မတူတာက ကုမ္ပဏီအနေနဲ့ လူတစ်ယောက်က တစ်ရာနဲ့ ၀ယ်ထားတာကို ဘယ်လောက်နဲ့ ပြန်ဝယ် ပါမယ်ဆိုပြီး ရှင်းပေးစရာ မလိုပါဘူး။ ဒါပေမယ့် ဒီ share တစ်ခုကို ၀ယ်ထားတဲ့ လူဟာ ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်သူ ဖြစ်သွားပါပြီ။ အဲဒီအတွက် ကုမ္ပဏီရဲ့နှစ်စဉ်အမြတ် (dividends) ထဲက သူနဲ့ ဆိုင်သလောက်ကို သူရပိုင်ခွင့် ရှိပါတယ်။ (များသောအားဖြင့် dividends တွေဟာ ကုမ္ပဏီရဲ့ organic growth အတွက် ရင်းနှီး မြှုပ်နှံမှုထဲ ပြန်သွား တတ်ပါတယ်။ ပေး မပေးဆိုတာ ကုမ္ပဏီနဲ့ ဆိုင်ပါတယ်။ dividend ကို ကိုယ့်မပေးပဲ ရင်းနှီး မြှုပ်နှံလိုက်လို့ စိတ်ညစ်စရာ မရှိပါဘူး။ ကုမ္ပဏီက growth ထပ်ဖြစ်လာတဲ့ အတွက်ကြောင့် ကိုယ်ကိုင်ထားတဲ့ ရှယ်ယာစျေးတွေ တက်လာနိုင်တာကိုး။)

Stock share စျေးကွက်

Stock share တွေရဲ့ ဆွဲဆောင် ချက်ကတော့ နှစ်စဉ် ထုတ်ပေးနိုင်တဲ့ dividends အပြင် ကုမ္ပဏီ တစ်ခုရဲ့ အောင်မြင်မှု၊ နှစ်စဉ် အမြတ်ရနိုင်တဲ့ ပမာဏ စတာတွေကို မူတည်ပြီး ကိုယ်ဝယ်ထားတဲ့ stock share တစ်စုရဲ့ တန်ဖိုး တက်နိုင်တာပါ။ နောက်တစ်ခုက ကိုယ်ပိုင်ဆိုင်တဲ့ ရှယ်ယာ အစုတွေကို နောက်လူ တစ်ယောက်ဆီ လွှဲပြောင်း ရောင်းချနိုင်တာပါ။ ဒီတော့ ဒီနေရာမှာ ရှယ်ယာတွေကို ၀ယ်ယူ ရောင်းချကြတယ် ဆိုတဲ့ stock share market စျေးကွက်တစ်ခု ဖြစ်လာပါတယ်။ ကုမ္ပဏီတစ်ခုဟာ အလားအလာ ကောင်းတယ် ရှေ့ဆက် အမြတ်တွေ ရဖို့များတယ်၊ risk နည်းတယ် ဆိုရင် ဒီလို ကုမ္ပဏီကြီးတွေရဲ့ stock share တွေကို လူတွေက ၀ယ်ယူပြီး စုဆောင်း ထားချင်ကြတယ်။ ဒီလိုမျိုး risk နည်းပြီး တန်ဖိုးရှိတယ့် ကုမ္ပဏီကြီးတွေကို blue-chips company တွေဆိုပြီး စတော့ စျေးကွက်မှာ ခေါ်ပါတယ်။

တစ်ကယ်ကို မှန်မှန် ကန်ကန်နဲ့ အလုပ်လာတဲ့ ကုမ္ပဏီတွေ အလားအလာရှိတဲ့ ကုမ္ပဏီကြီးတွေ ဆိုရင် သူတို့ရဲ့ share တန်ဖိုးတွေဟာ ရေရှည်မှာ တစ်ဖြည်းဖြည်းနဲ့ တက်လာတာ ချည်းပါပဲ။ ဒါပေမယ့် ဒီစတော့ ရှယ်ယာတွေကို ၀ယ်ရောင်း နေကြတဲ့ သူတွေဟာ လူတွေပဲ မဟုတ်လား။ လူမှန်တော့ လောဘ ရှိတာပေါ့။ ပညာမရှိ knowledge မရှိပဲ လောဘနောက် လိုက်ကြတဲ့ လူတွေကလည်း စတော့ စျေးကွက်မှာ ဒုနဲ့ဒေး။ ကုမ္ပဏီတစ်ခုရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ အနီးစပ်ဆုံး အနေနဲ့ တစ်ကယ်တန်တဲ့ တန်ဖိုးတစ်ခု ရှိပါတယ်။ ဒါကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကုမ္ပဏီရဲ့တစ်ကယ့် performance နဲ့ပဲဆိုင်တာပါ။

ဒါပေမယ့် ဒီ စတော့ စျေးကွက်ထဲမှာ လောဘဇောနဲ့ သူဌေး ဖြစ်ချင် နေကြတဲ့ လူတွေ များလာတဲ့ အခါမှာတော့ စတော့ စျေးကွက်ထဲက စျေးနှုန်းတွေဟာ တစ်ကယ်တန်တဲ့ တန်ဖိုးနဲ့ မတူတော့ပဲ အတက်အကျတွေ များလာပါတော့တယ်။ အရောင်းအဝယ် စျေးကွက် တစ်ခု ဖြစ်တာနဲ့အမျှ ၀ယ်လိုအားနဲ့ ရောင်းလိုအား ပေါ်မူတည်ပြီး စတော့ရှယ်ယာ တစ်ခုရဲ့ စျေးနှုန်း အတက်အကျတွေ ဖြစ်လာပါတယ်။ ဒီမှာတင်ပဲ နေ့ချင်း ညချင်း သူဌေးဖြစ်သွားတဲ့ လူတွေ ပေါ်လာပြီး စတော့ အရောင်းအဝယ် လုပ်တာဟာ အမြန်ဆုံးနည်းနဲ့ သူဌေး ဖြစ်နည်းလို့ (get-rich-quick) ထင်တဲ့ လူတွေ ပေါ်လာပါတယ်။ မီးလောင်ရာ လေပင့် စတော့ စျေးကွက်ကနေ အမြန်ဆုံး သန်းကြွယ် သူဌေးဖြစ်နည်းဆိုတဲ့ သင်တန်းတွေ စာအုပ်တွေ seminarတွေ workshop တွေကလည်း ပလူပျံနေအောင် ထွက်နေတာပေါ့။ ဒီတော့ ကျွန်တော်တို့ လောဘသားတွေဟာ သူဌေး အမြန် ဖြစ်ချင်ဇောနဲ့ သင်တန်းတွေတက် စာအုပ်တွေ ဖတ်နဲ့ ဒီ သူဌေးဖြစ် လမ်းကြောင်း ကြီးထဲကို အလုအယက် ၀င်တိုး ကြပါတော့တယ်။

ကုမ္ပဏီတစ်ခုရဲ့ စတော့တွေဟာ စျေးတက်တော့မယ်လို့ သတင်းရတာနဲ့ စျေးတွေ တက်လာတဲ့ အရိပ်အယောင် မြင်တာနဲ့ သူများတွေ ဒီစတော့ကို ၀ယ်နေကြတယ် ကြားတာနဲ့ ဒီလိုလူတွေဟာ ကုမ္ပဏီရဲ့ တစ်ကယ့် performance နဲ့ တန်ဖိုး အစစ်ကို မလေ့လာတော့ပဲ သူများတွေ သူဌေးဖြစ်ရင် ကိုယ်ကျန်ရစ် မဖြစ်ခဲ့ရလေအောင် အလုအယက် ၀င်ဝယ်ကြပါတယ်။ ၀ယ်လိုအား များလေ စျေးတွေ တက်လေ၊ စျေးတွေ တက်လေ ဒီ လောဘ တက်နေတဲ့ လူတွေက ဆက်တက်ဦးမယ် အထင်နဲ့ ထပ်ဝယ်ကြလေနဲ့ နောက်ဆုံးမှာတော့ ဒီကုမ္ပဏီရဲ့စတော့စျေးဟာ တက်ရင်း တက်ရင်းနဲ့ တစ်ကယ် တန်ရာတန်ကြေး ထက်ကို အများကြီး ပိုပေးပြီး ၀ယ်နေကြတဲ့ အခြေအနေကို ရောက်သွားရော။

ဒီလိုစျေးအတက်တွေချည်းပဲ ရှိနေတဲ့ market trend ကို bullish trend လို ခေါ်ပါတယ်။ နွားသိုး ကြိုးပြတ် ပြေးသလို စျေးတွေ ဆက်တိုက် တက်နေတဲ့ အချိန်အခါ အခြေအနေ ပေါ့ဗျာ။ ဒီလိုနဲ့ နောက်ဆုံး စျေးအမြင့်ဆုံးကို ရောက်လာတဲ့ အချိန်မှာ လူတွေဟာ ဒီစျေးနဲ့တော့ ကြာကြာ မဟန်လောက်ဘူး ဆိုပြီး ရိပ်မိ လာကြပါတယ်။ တစ်ကယ့် ပညာရှင်တွေကလည်း ဒီစျေးဟာ တန်ရာတန်ကြေး စျေးမဟုတ်ဘူး။ overpaid ဖြစ်နေပြီ ဆိုပြီး ပြောဆို လာကြပါတယ်။ ဒီအချိန်ရောက်တဲ့ အခါမှာတော့ စောစောက စျေးအတက်မှာ ၀င်ဝယ်မိတဲ့ လူတွေဟာ နည်းနည်း စိုးရိမ်ပြီး panic ဖြစ်လာ ကြပါပြီ။ စျေးကတော့ ဆက်မတက်တော့ပါဘူး။ နဲနဲလေး ငြိမ်နေပြီ။ ဒီ စျေးနှုန်း level ကို stock စျေးနှုန်းတွေ ပြတဲ့ chart ပေါ်မှာ ကြည့်ရင် resistance level လို့ခေါ်ပါတယ်။ စျေးနှုန်း ဆက်မတက်နိုင်တော့တဲ့ နောက်ဆုံး ခုခံနေတဲ့ စျေးနှုန်းပေါ့။

စျေးမတက်ခင် အချိန်လေးက ၀င်ဝယ်မိတဲ့ လူတွေကတော့ ပျော်တာပေါ့ဗျာ။ စျေးတွေက အဆမတန် တက်သွားပြီကိုး။ ဒီအချိန်မှာ သူတို့တွေကစပြီး ပြန် ထုတ်ရောင်း ကြပါပြီ။ တစ်ဖြည်းဖြည်းနဲ့ ရောင်းလိုအား များလာတဲ့ အခြေအနေပေါ့။ ဒီတော့ ထုံးစံအတိုင်း စျေးတွေက စကျပါရော။ စောစောက လောဘနဲ့ စျေးအတက်မှာ သူများ ၀ယ်လို့ လိုက်ဝယ် ထားမိတဲ့ လူတွေကတော့ သေပြီဆရာပဲ။ တစ်ဖြည်းဖြည်းနဲ့ ကျလာလိုက်တာ ကိုယ့်အရှုံးတွေ စပြလာပါပြီ။ ဒါပေမယ့် လူဆိုတာ ကလည်း အရှုံးခံရမှာ အသေကြောက်တဲ့လူ မဟုတ်လား။ အဲတော့ တစ်ဖြည်းဖြည်းနဲ့များ ပြန်မြတ် လာမလားဆိုပြီး ဆက်စောင့်။ စျေးတွေက ဆက်ကျ။ ကျလာလိုက်တာ နောက်ကျတော့ ကုမ္ပဏီရဲ့ တန်ရာတန်ကြေး ထက်တောင် ပိုကျလာကော။ ဒီလိုကျနေတယ့် market trend ကိုကျတော့ bearish trend လို့ ခေါ်ပါတယ်။ ဒါဟာ လူတွေ ပြောပြောနေတဲ့ bull and bear market ဆိုတာပါပဲ။ နောက်ဆုံး ကျတော့ ဒီလူတွေက အရမ်း ကြောက်လာပြီး မဖြစ်တော့ဘူး၊ ရတဲ့ စျေးနဲ့ ပြန်ရောင်း တော့မယ်ဆိုပြီး ပြန်ရောင်း ကြတော့တာပေါ့။ အဲဒီမှာ ပိုးစိုးပတ်စက်တွေ ရှုံးတော့တာပဲ။

ဒီမှာတင်ပဲ စတော့ စျေးကွက်ဆိုတာ အန္တရယ် အရမ်းများတယ်။ သွားမလုပ်နဲ့။ ရှိသမျှ ပြောင်မှာဆိုပြီး ပြောတဲ့အသံတွေ ကြားရ တော့တာပေါ့။ ဒီလို စျေးကျလာရာကနေ နောက်ဆုံး စျေးအကျဆုံး အချိန်တစ်ခု ရောက်သွားတယ်။ စျေး ထပ်မကျနိုင်တော့တဲ့ level။ charting မှာဆို ဒါကို support level လို့ခေါ်တယ်။ ထပ်မကျ နိုင်တော့အောင် ထောက်ခံထားတဲ့ level ပေါ့။ ဒီအခြေအနေမှာ ပညာရှင်တွေ ကုမ္ပဏီရဲ့ တစ်ကယ့် တန်ဖိုးကို နားလည်တဲ့ လူတွေက စတော့စျေးတွေဟာ underpaid ဖြစ်နေပြီဆိုတာ နားလည်လိုက်တယ်။ ဒီအချိန်မှာတော့ သူတို့တွေက ယုံကြည်မှု ရှိရှိနဲ့ သူများတွေ ရောင်းနေတဲ့ အချိန်မှာ ပေါပေါလောလော စျေးတွေနဲ့ ၀ယ်ကြပါတော့တယ်။

စောစောက လောဘသားတွေ အရှုံးတွေ အများကြီးနဲ့ ပြန်ရောင်းလိုက်ပြီး မကြာပါဘူး။ underpaid မှန်းသိတဲ့ လူတွေကစ ပြန်ဝယ်ကြတော့ စျေးတွေ တရိပ်ရိပ်နဲ့ ပြန်တတ် လာတော့တာပေါ့။ ဒီတော့ တွေးကြည့်ရင် စိတ်နာစရာကြီးပေါ့။ ငါရောင်းရင် စျေးတက်တယ်။ ငါ၀ယ်တာနဲ့ စျေးကကျကော။ ငါကိုက ကံမကောင်း တာပါ။ ဒီသင်တန်းကိုက သုံးစားမရတာ။ စသဖြင့်တွေ အပြစ်တွေ တင်ရင်း အရှုံးသမားရဲ့ ဝေဒနာတွေ ခံစားကြရတော့ တာပေါ့ဗျာ။ Market ရဲ့ ဒီ အတက်အကျ သဘောတရားကို နားလည်ရင် ဘာမှ ကြောက်စရာ သိပ်မရှိပါဘူး။ အခြေအနေ ကောင်းတဲ့ ကုမ္ပဏီဟာ ရေရှည်မှာ သူရဲ့ တန်ဖိုး အစစ်ကို တက်လာမှာပါ။ ဒါကို နားလည်တဲ့ လူတွေကတော့ စတော့ စျေးတွေ ကျတဲ့အချိန်မှာ ၀ယ်ယူပြီး နှစ်ရှည် ရင်းနှီး မြှုပ်နှံမှု တစ်ခုအနေနဲ့ သဘောထားပြီး ၂နှစ် ၃နှစ် အနည်းဆုံး သိမ်းထား တတ်ကြပါတယ်။ ဒါက investment ပါ။

စောစောက ပြောတဲ့ ၀ယ်ရောင်း သမားတွေကိုတော့ trader တွေလို့ ပြောလို့ရပါတယ်။ အဲတော့ trade မလုပ်နဲ့ invest ပဲလုပ်လို့ ပြောလို့တော့လည်း မရပြန်ပါဘူး။ ဒီလူတွေထဲ ဘာလို့ ရှုံးကြလဲဆိုတာ ကြည့်ရင် အပေါ်မှာ ပြောသလိုပဲ ကိုယ်ဝယ်တဲ့ ကုမ္ပဏီအကြောင်းကို သေသေချာချာ နားမလည်ပဲ သူများတွေ လုပ်တဲ့နောက် လိုက်ယောင် ကြလို့ဆိုတာ တွေ့ရပါမယ်။ အခြေခံကျတဲ့ အရောင်း အဝယ် သဘောတရား ဖြစ်တဲ့ buy low sell high ဆိုတဲ့ ကျရင်ဝယ် တက်ရင် ရောင်းဆိုတာကို သတိမေ့ပြီး တက်နေရင် ဆက်တက်မလား ထင်ပြီးဝယ် ကျနေရင် ပြန်တက်မလား ဆိုပြီး စောင့် မစောင့်နိုင်တော့တဲ့ အဆုံး စျေးအကျနဲ့ ထုတ်ရောင်း ကြတဲ့ လူတွေပဲ အရှုံးကြီးရှုံး နေကြတာ တွေ့ရပါလိမ့်မယ်။

ကုမ္ပဏီဖက် ပြန်လှည့်ခြင်း

အိုကေ… ကျွန်တော့် ကုမ္ပဏီအကြောင်း ဆက်ရအောင်။ ဒီလိုနဲ့ public listed corporation ကြီးအနေနဲ့ industry ထဲမှာ နှစ်ပေါင်း များစွာ ဆက်လက် တိုးချဲ့လည်ပတ် နေတာပေါ့လေ။ စတော့ စျေးတွေကလည်း market ထဲမှာ တက်လိုက် ကျလိုက်နဲ့ပေါ့။ ဒါပေမယ့် ရေရှည်မှာတော့ performance အရ စျေးတွေ အနည်းနဲ့ အများဆိုသလို ဆက်တက် နေတာပေါ့။

ဒါပေမယ့်ပေါ့လေ… တစ်နှစ်မှာတော့ ကုမ္ပဏီက သန်းပေါင်းများစွာ ရင်းနှီးပြီး develop လုပ်ထားတဲ့ ဂိမ်း အမျှော်လင့်ကြီး မျှော်လင့်ထားတဲ့ AAA title game ကြီးကို release လုပ်လိုက် ပါတယ်။ ဒါပေမယ့် ထင်တဲ့ အတိုင်း ဖြစ်မလာဘူး။ ရောင်းရမယ်လို့ မှန်းထား သလောက် မရောင်းရတဲ့ အပြင် ဒီဂိမ်းကို စလုပ် ကတည်းက ကိုယ်ပိုင် ဂိမ်းအင်ဂျင် နည်းပညာတွေပါ develop လုပ်ပြီး စလုပ်ခဲ့တာ။ ဒီအတွက် အင်ဂျင်နီယာ စရိတ်တွေက ပိုးစိုးပတ်စက် ထောင်းခဲ့တာပေါ့။ ဒါ့အပြင် online ဆော့လို့ ရအောင်ဆိုပြီး server တွေ client တွေအတွက်လဲ ငွေတွေ အများကြီး သုံးခဲ့သေးတယ်။ အဲတော့ ထင်သလောက် မရောင်းရဘူး ဆိုတော့ အရှုံးတွေက စပေါ်လာပြီ။ Start-up လုပ်တုန်း ကသာ ပြုတ်နိုင်တာ မဟုတ်ပါဘူး။ ဒီလောက်ကြီးတဲ့ အဆင့်ထိ ရောက်ရင်တောင်မှ အရှုံးတွေ များလာပြီး မခံနိုင်တော့ရင် ပြုတ်နိုင်ပါသေးတယ်။

အပေါ်မှာ ပြောတဲ့ ပြဿနာဟာ Hellgate: London လို AAA game ကြီးကိုရေးတဲ့ Flagship Studio တစ်ကယ် ပိတ်သွားရတဲ့ ပုံစံပါ။ ဘာကြောင့် ဖြစ်ရလဲ ပြန်ကြည့်ရင်တော့ cash flow ကုမ္ပဏီ လည်ပတ်ဖို့ အတွက် ငွေသား စီးဆင်းမှု မလုံလောက် တော့တာကိုပဲ ထပ်တွေ့ ရမှာပါ။ လောကဓံပေါ့။ ဘယ် တတ်နိုင်ပါ့မလဲ။ ဒီအခြေအနေ ရောက်လာရင်တော့ ကုန်ကျ စရိတ်တွေ လျှော့ချဖို့အတွက် ၀န်ထမ်းတွေ လျှော့ မလိုအပ်တဲ့ department တွေ ပိတ်နဲ့၊ ဆက်လက် ရပ်တည် နိုင်ဖို့အတွက် မီးကုန် ယမ်းကုန် ကြိုးစား ရတော့တာပေါ့။ ဒီလို လျှော့ချတာတောင် မရသေးဘူး ပိုက်ဆံတွေ ထပ်လို နေသေးတယ်ဆိုရင်…

Banks

ဘဏ်တွေကို ထည့် စဉ်းစား လို့ရပါတယ်။ ကိုယ့် business plan နဲ့ အောင်မြင်နိုင်မှု အတိုးနဲ့ အရင်း ပြန်ဆပ်နိုင်မှု အဲဒါတွေအပေါ် မူတည်ပြီး ချေးငွေ ရနိုင်ပါတယ်။ ဒါအပြင် ပြန်မဆပ်နိုင်တဲ့ အခြေအနေ ရောက်လို့ရှိရင် ပြန်လျော်စရာ လက်ဆုပ်လက်ကိုင် ပစ္စည်း ဥပမာ ရုံးခန်း၊ ကုမ္ပဏီ ပိုင်ဆိုင်မှု စသဖြင့် ပြနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဘဏ်ဆိုတာ ပိုက်ဆံ မလိုကြောင်း သက်သေပြနိုင်တဲ့ လူတွေကိုပဲ ပိုက်ဆံချေးတာလို့ ပြောကြတယ် မဟုတ်လားဗျာ။ အဲ… သူ့ကတော့ အရူး မဟုတ်ပါဘူး။ ကိုယ့်အဖေက banker ကြီး ဆိုရင်တော့ chance နဲနဲ ပိုရှိတာပေါ့ဗျာ။ မဟုတ်ရင်တော့ အခုလို အခြေအနေမျိုးမှာ ပြန် အောင်မြင်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက် ရှိလဲ ဆိုတာကို သေချာ စစ်ဆေးပြီး ချေးငှာနိုင်ပါတယ်။ အတိုးတွေ ကတော့ အများကြီး ပေးရမှာပေါ့။ ဘဏ်တွေ အကြောင်းကို အခုမ ှပြောပေမယ့် ငွေချေးတဲ့ နည်းနဲ့ အရင်းအနှီး မြှင့်တင်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ဘဏ်တွေကို အမြဲ ထည့်စဉ်းစားလို့ ရပါတယ်။ ဒါပေမယ့် နံပါတ် ၁ လို initial capital ပထမဆုံး အဆင့် အတွက် သွားကြိုးစား ရင်တော့ မဖြစ်နိုင်ဖို့ များပါတယ်။

Merging, Acquisition (M&A)

ကိုယ့်ကုမ္ပဏီရဲ့ အခက်အခဲက ယာယီပဲ ဖြစ်နေတာ။ ဒီအခက်အခဲကို ကျော်နိုင်ရင် ရေရှည်မှာ ထပ်ပြီး နောက်တစ်ခေါက် အောင်မြင် လာနိုင်သေးတယ် ကိုယ့်ကုမ္ပဏီဆီမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ IP တစ်ခုခု ရှိနေတယ် ဆိုရင် ကိုယ့် industry ထဲက တစ်ခြား corporation တွေက ကိုယ် company ကို အပြတ်ဝယ်ယူ (buy out) နိုင်ပါတယ်။ ဒါဆိုရင်တော့ acquisition လုပ်လိုက်တယ်လို့ ပြောပါတယ်။ ကိုယ့်ကုမ္ပဏီကို acquire လုပ်လိုက်ရင် ကိုယ့်ကုမ္ပဏီဆိုတာ မရှိတော့ပါဘူး။ သူ့ကုမ္ပဏီ အောက်က studio တစ်ခုအနေနဲ့ ဖြစ်သွားမှာပါ။

ဒါမှမဟုတ်လဲ industry ထဲက တစ်ခြား ကုမ္ပဏီတစ်ခုနဲ့ အကျိုးတူ ပူးပေါင်း လိုက်ကြတဲ့ ပုံစံမျိုး လုပ်လို့ ရပါသေးတယ်။ ဒါကိုတော့ merge လုပ်လိုက် ကြတယ်လို့ ပြောပါတယ်။ Merge လုပ်ကြရင်တော့ ကုမ္ပဏီ၂ခုလုံးက ပေါင်းလိုက်ကြပြီး ကုမ္ပဏီ ၁ ခုတည်းအနေနဲ့ စုစုစည်းစည်း ဆက်လက် ချီတက်ကြမယ့် သဘောပါ။ A နဲ့ B ပေါင်းလိုက်ပြီး A&B ဆိုတဲ့ ကုမ္ပဏီဖြစ်ဖြစ် C ဆိုပြီး ဖြစ်ဖြစ် ကုမ္ပဏီ အသစ်ဖြစ်လာတဲ့ သဘောပါ။ ဒါလည်းပဲ ကိုယ့် ကုမ္ပဏီ အခက်အခဲရောက်မှ မဟုတ်ပါဘူး။ အခြေအနေ ကောင်းနေတုန်းမှာလဲ ပိုပြီး ကြီးမားတဲ့ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပေါင်းစပ် လိုက်ကြတာတွေလည်း ရှိပါတယ်။

Close down

ကံအဆိုးဆုံး အနေနဲ့ ဆက်လက် လည်ပတ်ဖို့ လိုအပ်တဲ့ ငွေကြေး ပမာဏကို ဘယ် investor ဆီကမှ အရင်းရှင်ကြီးတွေ ဆီကမှ မရပဲ ဘဏ်တွေကပါ ချေးလို့ မရတဲ့ အဆုံးမှာတော့ ကုမ္ပဏီကြီး ပိတ်လိုက်ဖို့ပဲ ရှိတော့တာပေါ့။ ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို အရည်ဖျော (တစ်ကယ်လည်း liquidate လုပ်တယ်လို့ သုံးပါတယ်။ liquidity ဆိုတာ ပစ္စည်း တစ်ခုကနေ ပိုက်ဆံ ပြန်ဖြစ်အောင် လုပ်နိုင်တဲ့ တန်ဖိုး ဘယ်လောက် ရှိလဲဆိုတာကို ပြောတာပါ။ stock တွေကို high liquidity ဖြစ်တယ်လို့ ပြောကြတယ်။ ဘာလို့လဲ ဆိုတော့ ပိုက်ဆံလိုချင်တဲ့ အချိန် ပြန်ရောင်းရင် အရှုံး အမြတ် ခဏထား ရောင်းဖို့တော့ လွယ်တာကိုး။ အိမ်ခြံမြေလိုတွေမှာ ရင်းနှီး မြှုပ်နှံတာကတော့ liquidity သိပ်မမြန်ဘူးလို့ ပြောလို့ ရတာပေါ့။ အရှုံးခံပြီး ရောင်းရင်တောင် ၀ယ်သူပေါ်ဖို့က အချိန်တစ်ခုတော့ ပေးရသေးတာကိုး။) ၀န်ထမ်းတွေကို လစာပေးစရာ ရှိတာတွေပေး၊ နစ်နာကြေးတွေ ပေးစရာ ရှိတာတွေပေး။ Bond ထုတ်ရောင်းထားတဲ့ လူတွေကို ဆပ်စရာရှိတာ ပြန်ဆပ်။ နောက်ဆုံး shareholder တွေကို ပေးနိုင် သလောက် ပြန်ပေး။ ပြီးရင်တော့ ပိတ်တော့ပေါ့။

Bankrupt

ရှိသမျှ ရောင်းချပြီးလို့မှ ပေးစရာ အကြွေးတွေ ကျန်နေသေးတယ် ဆိုရင်တော့ ဒေဝါလီ ခံရတော့မှာပဲ။ File for bankruptcy ပေါ့။ မတတ်နိုင်ဘူး။ ဒါကတော့ နိုင်ငံအလိုက် ဥပဒေအလိုက် အမျိုးမျိုး ကွဲနိုင်တယ် ဆိုတော့ ကိုယ့်ကုမ္ပဏီ register လုပ်ထားတဲ့ နိုင်ငံရဲ့ဥပဒေနဲ့ပဲ ဆက်သွား ရတော့မှာပဲ။

ဒါတွေကတော့ ကုမ္ပဏီကြီးတွေရဲ့ နောက်ဆုံး နေ့ရက်တွေပေါ့။ ဒီ အဆင့်တွေအထိ ရောက်လာမယ် လို့တော့ ဘယ်သူက ထင်မလဲဗျာ။ ပရိုဂရမ်မာ ၂ယောက် garage ထဲက စခဲ့တဲ့ လုပ်ငန်းလေး ကိုး။ အပြင်မှာတော့ ဒီလောက်ထိ ဖြစ်မလာပါစေနဲ့ ဆုတောင်းရမှာပဲ။ ဒါနဲ့ ကုမ္ပဏီဖြုတ် ဒေဝါလီ ခံလိုက်ရလို့ ကိုစည်သူ မွဲပြာ ကျသွားပြီ ထင်ပြီး သနားမနေပါနဲ့ဦး။ ကုမ္ပဏီက public company လေ။ ကိုယ်ပိုင်တဲ့ ရှယ်ယာတင် မဟုတ်ပဲ ရှယ်ယာ ၀ယ်ထားတဲ့လူ အားလုံးရှုံးတာ။ အဲတော့ ကိုယ့်အတွက်ကလဲ ကိုယ်ပိုင်တဲ့ ရှယ်ယာ ပမာဏလောက်ပဲ ရှုံးတာပေါ့။

တောက်လျှောက် အလုပ်လုပ်ခဲ့တဲ့ သက်တမ်းက ရတဲ့ လစာတွေ bonus တွေ ထုတ်ပေးတဲ့ dividends တွေနဲ့ ကိုစည်သူကတော့ ရွှေမြန်မာပြည် ပြန်ပြီး အိန်ဂျယ်ကြီးလုပ်ရင် လုပ်နေမှာ…

—————————————————- ပြီးပါပြီ ——————————————————

စာကြွင်း။ ကျွန်တော် ဒီအကြောင်းတွေ ဖတ်ရရင် အရမ်း ပျင်းပါတယ်။ ဒါပေမယ့် သိသင့်တယ် ထင်လို့ လေ့လာခဲ့တာပါ။ ခုထိလဲ လေ့လာဆဲပါပဲ။ အဲဒီတော့ ဒီဆောင်းပါးမှာတော့ စာဖတ်သူ မပျင်းရအောင် ကိုယ့်ကိုယ်ကို ဇာတ်လိုက်ထား ဇာတ်လမ်းတွေ ဆင်ပြီး ပေ့ါပေါ့ ရေးထားတာပါ။ အခြောက်တိုက် စိတ်ကူးယဉ် အိပ်မက်နေတယ်လို့ ထင်ရင်လည်း ထင်နိုင်ပါကြောင်းပါ… :)

မြန်မာနိုင်ငံသား ပညာတတ်လုပ်ငန်းရှင်တွေ အများအပြားပေါ်ပေါက်လာနိုင်ကြပါစေ။

အောင်စည်သူကျော်

ဂျွန်လ ၂၈ရက်၊ ၂၀၁၀၊ ညနေ ၅း၄၀။ စင်္ကာပူ။

“Reading makes a full man; conference a ready man; and writing an exact man.”


– Sir Francis Bacon

Facebook comments:

26 Responses

  1. saturngod says:

    တောက်လျှောက် အလုပ်လုပ်ခဲ့တဲ့ သက်တမ်းက ရတဲ့ လစာတွေ bonus တွေ ထုတ်ပေးတဲ့ dividends တွေနဲ့ ကိုစည်သူကတော့ ရွှေမြန်မာပြည် ပြန်ပြီး အိန်ဂျယ်ကြီးလုပ်ရင် လုပ်နေမှာ…

    this is different between boss and employee

  2. Thiha says:

    Stock Share တွေ အကြောင်းကို ဒီလောက် သိရတယ်ဆိုရင်ပဲ ဗဟုသုတများလှပါပြီ။ ကျွန်တော့်အနေနဲ့ Bullish Market၊ Bearish Market ဆိုတာတွေကို ကြားဖူးနေတာ ကြာပါပြီ၊ ခုမှပဲ အတိုင်းအတာ တစ်ခုအထိ သိခွင့်ရပါတယ်။ နောက် Business Corporation ကြီးတွေရဲ့ Life Cycle (ဘဝသံသရာ) ကို ခုလိုမျိုး ပေါ့ပေါ့ပါးပါး လူတိုင်း နားလည်နိုင်အောင် ရေးပေးသွားတာ ကျေးဇူးအများကြီး တင်ပါတယ်။

  3. Kmm Zaw says:

    ကောင်းတယ်ဗျာ။ Stock share ဈေးကွက်ကြောင်း ပေါ့ပေါ့ပါးပါးရှင်းသွားတာ။ မျက်နှာချင်းဆိုင် ပီးပြောပြနေတာ နားထောင်ရသလိုပဲ။ ကျေးဇူးအများကြီး တင်ပါတယ်။ :)

  4. Myintkt says:

    Very jood! Business ပိုင်းကိုနဲနဲနားလည်တယ် ထင်ပေမဲ့ ဒီလို အရမ်းရှင်းတဲ့ article မျိုးဖတ်လိုက်မှ တချို့ဟာတွေ ပိုရှင်းသွားပါတယ်။ Many thanks :)

  5. a yuu gyi says:

    ကောင်း ………….

    company အမျိုးအစားထဲ က Limited အကြောင်းလေး နည်းနည်း ထပ်ပြောပေးပါ။

    အရင်တုန်း ကမြန်မာပြည်မှာ မှိုလိုပေါက်ခဲ့တဲ့ဟာတွေ အကြောင်း ပါ။

  6. BlackParade says:

    ကိုအောင်စည်သူကျော်
    အစအဆုံး သေသေချာချာ ဖတ်သွားတယ်ဗျာ..ဒီလို စာတွေဖတ်ရတော့ ဘာစီးပွားရေးပဲ လုပ်လုပ်..
    ကြိုတင် စဉ်းစား Planing တွေလုပ်ဖို့ လိုတယ်ဆိုတာ နားလည်တယ်.. ကျွန်တော်လဲ စိတ်ကူးနဲ့ Company တစ်ခုလောက် ထောင်လိုက်အုံးမယ်ဗျာ…

    အချိန်ကုန် လူပင်ပန်းခံပြီး သိတာတွေ မျှဝေတာ ကျေးဇူးတင်ပါတယ်ဗျာ..
    ဒီထက် အသိပညာ အတတ်ပညာတွေ တိုးတက်ပါစေ..

  7. somebody says:

    arr luu tway. big mouth.
    You need to know so many senior in real world. I mean IT and business field.

    • astk says:

      Ya… I always like that. Big mouth. cuz public failure = embarrassment. :D
      But can you elaborate more on this “arr luu tway” part. :)

      • saturngod says:

        LOL!!! I also like Big Mouth… :D I remember mg pyone, he told me like that … နည်းနည်းသိ များများပြော.. :P

        • zms says:

          တွေးပြီးပြော၊ ပြောပြီးလုပ် ဒါထုံးစံပဲလေ ပြောသာပြော ပိုက်ဆံပေးရတာမှမဟုတ်တာ နော့် :) ။ များများပြောမှာ များများသိမှာ။ မပြောပဲလုပ်နေလို့ မှားနေကျတာပေါ့။ ပြောမှ ဝေဖန်သံတွေ ကြားရမှာ ဒါမှာ အကောင်းဆုံးပြင်ဆင်နိုင်မှာ။

        • mgpyone says:

          that’s why Ko Ngwe Tun told me that there are four kinds of people in IT Field ;P …
          သိတယ် အများကြီးမပြောဖူး .. သိတယ် အများကြီးပြောတယ်.. (it’s Ko Lynn Tun ;P ) … သိဖူး အများကြီးပြောတယ်.. သိလည်း သိဖူး အများကြီးလည်း မပြောဖူး ;D

    • Thiha says:

      You need to know so many senior in real world. I mean IT and business field. ကျွန်တော်တို့အနေနဲ့ Real World မှာ ဘယ်လိုတွေ ရှိတယ်ဆိုတာလည်း သိချင်ပါတယ် ခင်ဗျာ … တတ်နိုင်မယ်ဆိုရင် ဝေမျှပေးပါ။ :D

    • SYKO says:

      တကယ့်ပြင်ပလောကမှာတော့ ဒီ့ထက်ကျယ်ပြန့်တာပေါ့။
      ဒီဆောင်းပါးမှာက မြန်မာနိုင်ငံက လူကြီး ၊ လူငယ်တွေအတွက် ဗဟုသုတ အများကြီး ရစေပါတယ်။
      အသက် ၃ဝ ၊ ၄ဝ ရောက်ပြီးသား စီးပွားရေးလုပ်ငန်းနားလည်ပါတယ်ဆိုတဲ့ မြန်မာတွေမှာတောင် ဒီဆောင်းပါးထဲမှာ မသိသေးတာတွေ အများကြီးရှိမှာဗျ။
      အခုတော့ စာဖတ်ပျင်းတဲ့သူတွေပါ ဒီဆောင်းပါးကို ပေါ့ပေါ့ပါးပါးလေး ဖတ်နိုင်ပြီး ၊ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ လုပ်ဆောင်နေပုံတွေကို အကြမ်းဖျင်းခြုံငုံသိစေနိုင်လိုက်တယ်လေ။ အဲဒါအမြတ်ပေါ့ဗျာ။
      “အာလူးတွေ” ဆိုပြီးတော့တော့ မပြောသင့်ပါဘူး။ အစ်ကိုက “senior in real world” က လူကြီးလူကောင်း စီးပွားရေးအကြောင်းနားလည်တဲ့သူ ဆိုရင်တော့လည်း ဒီ့ထက် အသေးစိတ်ကျတဲ့ Article မျိုးလေးကို “somebody” ဆိုတဲ့ နာမည်လေးနဲ့ မျှဝေပေးဖို့ တောင်းဆိုတယ်ဗျာ။ :)

  8. SYKO says:

    Stock Share တွေ အကြောင်းကို သိချင်လို့ ကျွန်တော့် အဖေကို မေးဖူးတယ်။ “ကလေး ကလေး လိုနေဆိုလို့ မသိခဲ့ရဘူး” ခုတော့ သိပြီ။
    မရှိတာကို အရှိလုပ်ပြီး ဇာတ်လမ်းဆင်ရေးတတ်တာကိုက ပညာရပ်တစ်ခုပါ။
    Bussiness အကြောင်းဆိုရင် မြန်မာလိုစာအုပ်ကြီးအတိုင်းဖတ်မယ်ဆိုရင်တောင် အတော်ပျင်းပျင်းဖတ်ရတာ ၊ English လို ဖတ်ရရင်ပိုဆိုးတာပေါ့။ အခုတော့ ဇာတ်လမ်းလေးနဲ့ မြန်မာလိုဖတ်ရတော့ အတော်ကောင်းပါတယ်။
    ကျေးဇူးပါဗျာ။

  9. creativefox21 says:

    Great Grand Article!! Cheer!!
    ၁+၂ ပေါင်းပြီး comment လိုုက်တယ်ဗျာ။

    မြန်မာနိုုင်ငံမှာလည်း လုုပ်ချင်တယ်၊ လုုပ်နိုုင်တယ် ဆိုုရင် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်ဗျာ။ ကျနော် အကြံပေးကြည့်ချင်တာက education field ကနေစကြည့်ပါလား။ ပညာပေးလေးတွေပေါ့။ အများအတွက်လည်း အကျိုးရှိမယ် ၊Proposal လည်း ကောင်းကောင်းရေးနိုုင်မယ်ဆိုုရင် fund ကတော့ လွယ်သွားပါပြီ။ ဒေါ်လာသောင်းဂဏန်းကနေ သိန်းဂဏန်းလောက်ရှိတဲ့ project အသေးလေးတွေ ဆိုုရင် အဆင်ပြေလောက်ပါတယ်။

    education field မှာ မလုုပ်ချင်ရင် ၊ development field ဘက်ကိုုလှည့်လိုု့ရတယ်ဗျာ။ နောက်တစ်ခုုက simulation projects တွေ လုုပ်ရင် 3F တော့ လွတ်နိုုင်ကောင်းပါရဲ့ ။ :)

    education ကတော့ ကျနော် ဟိုုးအရင် ကတည်းက လုုပ်ချင်နေတာ။ အခုုခေတ်က လေ့လာစရာတွေကများ၊ စာအုုပ်တွေ ဖတ်ဖိုု့ကလည်း အချိန်မရှိဆိုုတော့ Learning Game လေးတွေက နောက်ပိုုင်း အရေးပါလာမယ်ထင်တယ်။ ကျနော်ငယ်ငယ်က sim city ဆော့တယ် … air pollution, water pollution စတဲ့ ဝေါဟာရတွေနဲ့ ရင်းနှီးသွားတယ်ဗျာ။ အခုု development ပိုုင်း၊ management ပိုုင်းကိုု လေ့လာတော့ အစိမ်းသက်သက် ထက်စာရင် ပိုုလွယ်တာပေါ့။

    stock တွေလည်း စိတ်ဝင်စားတယ်။ ဟိုုနည်းနည်း ဒီနည်းနည်း လိုုက်တော့ ဖတ်ပါရဲ့ ။ အခုုအကိုုရေးထားတဲ့ ပိုုစ့်ကိုုဖတ်မှ ပိုုနားလည်သွားတော့တယ်။ ကျေးဇူးပါဗျာ။ ဒီမှာလဲ ebanking တွေစနေပြီး၊ stock market တွေ လုုပ်တော့မယ်ဆိုုတော့ အကိုုရေးထားတဲ့ စာတွေက ဒီကလူတွေအတွက် အများကြီးအကျိုးရှိမှာ အသေအချာပါပဲ။

    ခင်မင်စွာဖြင့်
    creativefox21

    • astk says:

      Thanks…
      Hey… ကျွန်တော် commercial ဂိမ်းရေးတယ်ဆိုပေမယ့် experience က education game မှာပိုများပါတယ်… MITP မှာ မြန်မာကလေးတွေအတွက် education game project တစ်ခုလုပ်မယ်ဆိုပြီး အကြမ်းဖျင်း ပြောခဲ့ဖူးပေမယ့် ခုထိအကောင်အထည်မဖော်ဖြစ်သေးဘူး… စိတ်ဝင်စားပါတယ်ဗျာ… ထပ်ပြောရအောင် အစ်ကို့ကို ဘယ်လိုဆက်သွယ်လို့ရမလဲဆိုတာလေ…

  10. အင်တာနေရှင်နယ် ဘစ်ဇနက်တွေ အကြောင်း တကူးတက ရှယ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျ…။ စလုံးရေးမှ မစနိုင်သေးတဲ့ ကျနော်တို့ဆီမှာ… တကယ်လို့ စ-လာခဲ့ပြီဆိုရင် ဆောင်ရန်၊ရှောင်ရန်၊သတိထားရန် တွေကိုလည်း ရှာဖွေပြီး ဆက်ရေးပေးပါဦးလို့ တောင်းဆိုပါတယ်…။

  11. WMA says:

    Good Job!!!

  12. Phyu says:

    ဗဟုသုတတွေ အများကြီးရပါတယ်
    အရမ်းလည်းကြိုက်ပါတယ်
    နောက်ပိုင်းမှာလည်း Business Management နဲ့ပတ်သက်တာလေးတွေကို ရေးပေးပါဦး။

  13. Nay Htet Aung says:

    plz write about how a bank run in a marketing place
    thanks a lot

  14. mie mie says:

    Thanks for sharing your knowledge.
    Like to read more.

  15. Kyi says:

    အရမ်းကိုကောင်းပါတယ်။ နားမလည်ခဲ့တာတွေလည်းရှင်းသွားပါတယ်။ ဖတ်ယင်းနဲ့တော့နည်းနည်းမောသွားတယ်။ ကိုယ်ကိုယ်တိုင်လည်း အစ်ကိုပြောသလို စိတ်တူကိုယ်တူသူငယ်ချင်းသုံးလေးယောက်လောက်နဲ့ တစ်ခုခုလောက်လုပ်ချင်နေတော့….
    အင်း………..
    တော်တော်မလွယ်တာနော်။
    ဘာပဲဖြစ်ဖြစ်ကြိုးစားရဦးမယ်။
    ကျေးဇူးအထူးပါ။

  16. Anonymous says:

    တော်တော်ဖတ်လုို့ကောင်းတယ့် ဆောင်းပါးတစ်ခုုပါ။ ကုမ္ပဏီတစ်ခုု ဖြစ်လာအောင် ထူထောင်ရတာ မလွယ်တယ့် ကိစ္စမျိုးပါ။ ဒါပေမယ့် ထူထောင်ပြီးသွားတယ့် ကုမ္ပဏီကိုု ရေရှည်တည်တံ့ နိူင်အောင် ထိန်းသိမ်းရတာ ပိုုခက်ပါလိမ့်မယ်။ အဲဒါဟာ အကြီးမားဆုုံး စိမ်ခေါ်မှုတစ်ခုုပဲလိုု့ CEO အတော်များများက ဆိုုပါတယ်။ နည်းပညာဖတ်မှာ ရှိတယ့် ကုမ္ပဏီ တွေအနေနဲ့ ရေရှည်တည်တံ့ နိူင်ဖိုု့ဆိုုတာ စဉ်ဆက်မပြတ် တီထွင်ထုုတ်လုုပ်နိူင်ဖိုု့နဲ့ နည်းပညာလမ်းကြောင်းကိုု ကြိုတင်မြင်တတ်ဖိုု့ လိုုပါလိမ့်မယ်။ ကြိုမမြင်တတ်ရင်တောင် ခတ်နဲ့အညီ လိုုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိူင်ဖိုု့ လိုုပါလိမ့်မယ်။ ဒီလိုုမဟုုတ်ဘူးဆိုုရင်တော့ ထိပ်ဆုုံးက ကုမ္ပဏီ ကြီးတွေတောင် သိသိသာသာ ဒုုတ္ခရာက်ကြရပါတယ်။ ဥပမာ Nokia လိုုမျိုး။ အဲဒါကြောင့် ကုမ္ပဏီ တစ်ခုုထောင်ပြီး ကုုန်ပစ္စည်း တစ်ခုုကိုု အောင်အောင်မြင်မြင် စရောင်းနိူင်ပြီ ဆိုုတာနဲ့ အဲဒီ ကုုန်ပစ္စည်းရဲ့ အောင်မြင်မှု သက်တမ်းမကုုန်ခင်မှာ နောက်တစ်ခုုကိုု ထက်ထုုတ်နိူင်အောင် စဉ်ဆက်မပြတ် ကြိုတင်စီစဉ်နိူင်ဖိုု့ လိုုပါတယ်။ဆိုုလိုုချင်တာကတော့ဗျာ အလုုပ်တစ်ခုုကိုု တည်ထောင်ရတာခက်ပါတယ်၊ ဒါပေမယ့် အဲဒီတည်ထောင်ပြီးသား အလုုပ်တစ်ကိုု ရေရှည်တည်တံ့နိူင်အောင် ထိ်န်းသိမ်းရတာ ပိုုခက်တယ်ဆိုုတာကိုု ပြောချင်တာပါ။

  17. [...] ရေးထားတဲ့ ဘိဇနက်နှင့် ဘဝသံသရာ (၁) နဲ့ (၂) ကို [...]

Leave a comment


*