ဘလော့ဂ်ဂါရာဇီ တောင်တန်းပေါ်က ဆရာသခင်နဲ့ နေ့ရက်များ
တောင်ထွဋ်ဖျားဆီ
တပည့်အဆင်သင့်ဖြစ်တဲ့အခါ ဆရာက အလိုလိုရောက်လာလိမ့်မယ် တဲ့။
တစ်ရက်မှာတော့ ကျွန်တော်ဟာ အဆင်သင့်ဖြစ်နေပြီလို့ စိတ်ထဲ ခံစားလိုက်ရလို့ ရှည်လျားပင်ပန်း လှတဲ့ ဘလော့ဂ်ဂါရာဇီ တောင်တက်ခရီးကို စတင်လိုက်ပါတယ်။
ဒဏ္ဍာရီတွေဟာ တကယ်ပဲလား။ ဆရာသခင်ဟာ တကယ်ရှိမှာလား။
ဒီကိစ္စတွေကို ဘယ်သူ့မှ တပ်အပ်သေချာ မပြောနိုင်ပေမဲ့ ရည်မှန်းချက်ပြင်းပြတဲ့ ဘလော့ဂ်ဂါ တိုင်းကတော့ အချိန်ရောက်လာတာနဲ့ သူ့ကိုရှာဖို့ ကြိုးစားကြတာချည်းပါပဲ။
(ဒါပေမဲ့ သူ့ကိုရှာဖွေ ကြတဲ့သူတိုင်း ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူးလို့ ကျွန်တော် သိထားပါတယ်။)
ကျွန်တော် ခု ဘလော့ဂ်ဂါရာဇီဆိုတဲ့ တောင်ကြီးပေါ်ကို တက်နေပါတယ်။ ထူးဆန်းတဲ့ အားအင် တစ်စုံတစ်ရာကလည်း လူက ကြောက်ဒူးတုန် နေမိတာတောင် ကျွန်တော့်ကို ဟိုး တောင်ထွဋ်ဖျားဆီ အထိတက်ဖို့ ဆွဲငင်နေပါတယ်။ ဒါဟာ ကျွန်တော့် ရွေးချယ်မှု ဆိုတာထက် ကျွန်တော့် ကြမ္မာရဲ့စေစားရာလို့ပဲ ပြောနိုင်မယ်ထင်ပါရဲ့။ ကျွန်တော်ဟာ ကျွန်တော့် ကိုယ်ခန္ဓာအတွင်းက တစ်စုံတစ်ရာကို လိုက်နာနေရတယ်။
တကယ့်ကိုပဲ ကျွန်တော်ရဲ့ အဇ္ဈတ္တဘလော့ဂ်ဂါလေးဟာ နိုးထဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတာ သိလိုက်ရတယ်။
တောင်ထွဋ်ဖျားနဲ့ နည်းနည်းလေး နီးလာတဲ့အချိန်မှာ ကျွန်တော် ရင်ဆိုင်လိုက်ရတာတွေကတော့ သည်းထန်နေတဲ့ နှင်းတွေနဲ့ ဆိုးဆိုးရွားရွားကို အေးစက်နေတဲ့ လေပြင်းတွေပါပဲ။ အရမ်းကို အေးစက်နေတဲ့ လေပြင်းတွေကြားမှာ အသက်ရှုလို့ မဝတာကြောင့် လမ်းမှာလည်း အကြိမ်ကြိမ် နားခဲ့ရပါတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့်များ ကျွန်တော့်ခန္ဒာကိုယ်ကြီးဟာ ရှေ့ကို တွန်းပို့ခံနေရတာလဲ။
ဆရာသခင်ဟာ တကယ်ရှိ ပါတယ်ဆိုဦးတော့ လွယ်လွယ်ကူကူရှာတွေ့ဖို့ဆိုတာ မသေချာ လှပါဘူး။
ဒီလိုနဲ့ပဲ ကျွန်တော်ဟာ တောင်ထိပ်ကို ရောက်သွားပါတယ်။ အရာအားလုံးဟာ ခုနကနဲ့ မတူတော့ပါဘူး။ နှင်းတွေဟာ တောက်ပလှတဲ့ နေရောင်ခြည်အောက်မှာ အဝေးရောက်သွားကြပါပြီ။ တောင်ထိပ်ဖျားက သန့်စင်လှတဲ့လေဟာ ကျေးငှက်ကလေးတွေ စိုးစီအော်မြည်သံနဲ့ စမ်ချောင်းကလေးရဲ့ ပလုံစီထသံတွေ စွက်နေပါတယ်။ အဆစ်အမြစ်နဲ့ ကြွက်သားတွေဆီက နာကျင်ကိုက်ခဲမှုတွေဟာ ဘယ်ဆီနေမှန်းတောင် မသိတော့ပါဘူး။ ဒါပေမဲ့ နေပါဦး ဒါဟာ တကယ်ကော ဟုတ်ရဲ့လား။ ကျွန်တော့်စိတ်က တောင်ထိပ်ကိုရောက်နေပေမဲ့ ခန္ဓာကိုယ်ကတော့ တောင်စောင်းတစ်နေရာမှ လဲကျနေပြီလား။ ဒါဟာ နိဗ္ဗာန်ဘုံများလား။
ဟင်အင်း။ ဒါဟာ အမှန်ပဲဖြစ်မယ်။ ကျွန်တော် အသိစိတ်ရှိနေသေးတယ်။ ကျွန်တော်က ကမ္ဘာကြီး ထဲက မထွက်ခွာသွားသေးဘူးလို့ သိနေသေးတယ်။ ဒါပေမဲ့ ဒီနေရာကတော့ တကယ့်ကိုနေရာထူးပဲ။ ကျွန်တော့်တစ်ကိုယ်လုံးမှာ ထူးဆန်းတဲ့ပီတိအဟုန်တစ်မျိုး ဖြတ်စီးနေတယ်လို့ ခံစားရတယ်။ ဒါကြောင့်ပဲ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တဲ့အခါ ဟိုးမှာ ဆရာသခင် ရပ်နေတာကိုတွေ့တော့ ဘယ်လိုမှ အံ့အားမသင့်တော့တာ။
ဆရာသခင်ဟာ သူမှန်းသိသာအောင် ခေါင်းစွပ်ကို နောက်လှန် ချလိုက်တယ်။ သူ့အသက် အရွယ်ဟာ အလွန် အိုမင်းနေပေမဲ့ အရမ်းကို အံ့အားသင့်စရာ ကောင်းတဲ့ ကိုယ်ကာယပိုင်း ဆိုင်ရာ ကြံ့ခိုင်မှုနဲ့ အတွင်းစိတ် ကြည်လင် ပြတ်သတ်သားမှုတွေဟာ သူ့ဆီမှာ အထင်းသား ပေါ်လွင်နေတယ်။ နောက်ပြီး မုတ်ဆိတ်မွေး ဖြူဖြူနဲ့ သူမျက်နှာက ဇရာ အရေးအကြောင်းတွေ … ။
ကျွန်တော်ဟာ အတတ်နိုင်ဆုံး ဟန်မပျက်စေဘဲ နှုတ်ဆက်ဖို့ကြိုးစားလိုက်တယ်။
… ကျွန်တော် … ကျွန်တော် …
… အေး မင်းဘယ်သူလဲဆိုတာ ငါသိပါတယ်၊ အရူးလေးရဲ့ …
ဆရာသခင်ကပြောတယ်။
… မင်းဟာ တကယ့် ဘလော့ဂ်ဂါကြီး ဖြစ်ချင်လို့ ဒီကို ရောက်လာတယ်။ ငါ မင်းကို ကူညီနိုင် ပါတယ်။ ဘလော့ဂ်နဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်အားလုံး ရှင်းရှင်းလင်းလင်း သိသွားစေရမယ်။ အသည်းမာလှ ပါတယ်ဆိုတဲ့ သူရဲကောင်းကြီးတွေရဲ့ နှလုံးသားကို ထိခိုက်သွားအောင် ဒါမှမဟုတ် နတ်မိမယ်တွေတောင် မျက်ရည်ပုလဲ ခသွားအောင် ပို့စ်တွေ ဘယ်လို ရေးရမယ်ဆိုတာ ငါ မင်းကို သင်ပေးနိုင်ပါတယ်။ နယ်ပယ်များစွာကို သိမ်းပိုက်နိုင်တဲ့ ဘလော့ဂ်တစ်ခုကို မင်းပိုင်ဆိုင်နိုင်မယ်။ လူတွေ လူတွေ မင်းဘလော့ဂ်မှ မဖတ်ရရင် သေလုမတတ် ဆိုသလိုကို ဖြစ်နေစေရမယ် …
ဆရာသခင်ဟာ မုတ်ဆိတ်မွေးတွေကို သပ်ရင်း ရှေ့နဲ့နောက် ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက် တယ်။
… ဒါပေမဲ့ … ငါထင်တယ် မင်းမှာ သံသယကြီးကြီးမားမား ရှိနေတယ်။ တကယ်တမ်းတော့ မင်းဘာလုပ်နိုင်တယ်ဆိုတာ မင်း မသိဘူး၊ မင်းဘာလိုချင်တယ်ဆိုတာတောင်မှ မင်းမသေချာသေးဘူး။ အဲဒါ သိပ်အလုပ်မဖြစ်ဘူးကွ။ သံသယဆိုတာ ပဋိပက္ခဆီဦးတည်တယ်။ ပဋိပက္ခက ဒွိဟဆီဦးတည်တယ်။ ဒွိဟကတော့ ဘယ်လိုမှသုံးစားမရတဲ့ ဘလော့ဂ်ဆီကို တန်းနေတာပဲဟေ့ …
ဆရာသခင်ဟာ ခါးဆီကို လက်ရောက်သွားပြီး အဝါရောင်ဖျော့ဖျော့သန်းနေတဲ့ ဓားရှည်ကို ဆွဲထုတ်လိုက်တယ်။ နောက် ကျောက်တုံး ကြီးတစ်တုံးဆီကို လျှောက်သွားတယ်။ စက္ကန့်ပိုင်းလောက် တုံ့လိုက်တယ်။ ပြီးတော့ …. အားပါး ရွှပ်ခနဲပဲ … သူ ကျောက်တုံးကြီးကို နှစ်ခြမ်းပိုင်းပစ်လိုက်တယ်။ အဲဒီနောက် ကျွန်တော့ဘက် ဓားဦးလှည့်လာတယ်။
ကျွန်တော် နောက်ကို တဖြည်းဖြည်းဆုတ်လိုက်မိတယ်။ ဒါပေမဲ့ ကိုယ်ခြေထောက်ကိုယ် ပြန်ခလုပ်တိုက်မိပြီး မြေကြီးပေါ် လဲကျသွားတယ်။ ဆရာသခင်ကတော့ ကျွန်တော့ဆီရောက်လာပါပြီ။ ပြီးတော့ ဓားကို ဝ့ံလိုက်ပြီး …
… မင်းအတွက် ရှင်းရှင်းလေးပါပဲ …
ဆရာသခင်က ပြောတယ်။
… မင်း ဘလော့ဂ်ရေးမယ်ဆိုရင် မင်းကို ငါသတ်မယ်။ အေး … မင်း ဘလော့ဂ်မရေးဘူးဆိုရင်လည်း မင်းကို ငါသတ်မယ်။ ကဲ ဘလော့ဂ် ရေးချင်သေးလား …
အင်း … ငါ့တော့ ဘဝပြောင်းပြီ။ ကျွန်တော် လုံးဝကို မလှုပ်မယှက်နဲ့ ကျောက်တုံးတစ်တုံးလို အသံမထွက်နိုင်တော့ … ။
ဆရာသခင်က ဓားကို အောက်ပြန်ချလိုက်ပြီး ကျွန်တော်ပခုံးကို သာသာကလေးထောက်တယ်။ ပြီးတော့ …
… အင်း … တပည့်ကတော့ အဆင်သင့်ဖြစ်ပြီ။
ဆက်လက်ဖတ်ရှုလိုသူများအတွက်
Facebook comments:

Blogggerrazi

စာအရေးအသားကတော့ အရမ်းမိုက်တယ်ဗျို့…
Blogger ဖြစ်ချင်တဲ့သူတွေအတွက် အရမ်းပညာရမှာပါ..
တခြားနယ်ပယ်ကလူတွေအတွက်လည်း ယူတတ်ရင်ယူတတ်သလို ပညာရနိုင်ပါတယ်…
“အိမ်မက်တိုင်းဟာ မက်နေတုန်းတော့ တကယ့်အတိုင်းပါဘဲ” တဲ့…
“ကဲ ဒါဆိုရင် ဘဝနဲ့ပတ်သက်လို့ရော နည်းနည်းလောက် ကျွန်တော်တို့ ပြောကြည့်ကြမလား” … အဟဲ အားပေးတာ ကျေးဇူးပါဗျာ …
ဆရာသမား… အဲလို ထူးထူးခြားခြားလုပ်ထားတာတွေရှိရင် gtalk ကနေ သံချောင်းခေါက်ပါဦးဟ…
နာက သာဂိပြောမှသိရတယ်…
ဟ … ဆရာသမားက ပျောက်နေတာကိုးဗျ … မောင်တောမြေပြိုတဲ့အထဲ ပါသွားပြီထင်တာ … အဟဲ
သယ်ရင်းရေ ဖတ်ရတာတော့် ဆန့်တငင်ငင်ကြီးဟ ဒါပေမယ့် blog ရေးသူတို့အတွက်တော့ တော်တော်လေးကိုးကောင်းပါတယ်ကွာ ကျေးဇူးပါကွာ
ဟ … PDF ဒေါင်းလေကွာ သာဂိရ …
အာစိ သေချာဖတ်ပြီတော့ အားပေးသွားပါတယ်ခင်ဗျာ။ အရမ်းကောင်းတယ်။
နောက်ထပ် ရေးမှာကို မျှော်နေတယ်နော်။
တော်သေးတာပေါ့ ဓါးဦးကတကယ်ဆို သာဂိ ဘက်ကိုလှည့်ရမှာ။ ဟဲဟဲ
ကောင်းလိုက်တဲ့ခေါင်းစဉ်ကြီး . . . ဒီခေါင်းစဉ်မြင်လိုက်တာနဲ့ မဖတ်ပဲကိုမနေနိုင်ဖြစ်သွားတယ် . . မိုက်ချက်ဗျာ
အဲ … အဲလိုတော့ လုပ်နဲ့ဗျာ … ခေါင်းစဉ်တော့ ကောင်းတယ်ဆိုပြီး …
(လာဦးမှာနော် “ဘလော့ဂ်ဂါရာဇီသို့ ဒုတိယအခေါက်”)