အခြေခံအကျဆုံး Programming ဆိုင်ရာ အတွေးများ
ဒီအပိုင်းကို အခြေခံအကျဆုံး Programming ဆိုင်ရာ အတွေးများဆိုပြီး နာမည်ပေးထားပါတယ်။ Computer Programming ကို လေ့လာ တော့မယ် ဆိုရင် အခြေခံကျကျ ဘယ်လိုတွေးလဲ ဆိုတဲ့ အပိုင်းတွေကို ကျွန်တော် နားလည်သလောက် ရေးပြသွားမှာ ဖြစ်ပါတယ်။ ခုမှ စပြီး Computer Programming ကို လေ့လာမယ့် သူတွေအတွက် ရည်ရွယ်ပါတယ်။ ကလေးတွေ အတွက်ဆိုပါတော့။
အလွယ်ဆုံးက စကြမယ်
ပုံမှာ ပြထားတဲ့ အတိုင်း 1 + 1 = 2 ဆိုတာ လူတိုင်း သိကြပါတယ်။ 1 ဆိုတဲ့ တန်ဖိုးတစ်ခုနဲ့ 1 ဆိုတဲ့ တန်ဖိုး နှစ်ခုကို ပေါင်းရင် 2 ရတယ် ဆိုတာ reactive response အရ အဖြေကို လူတိုင်း သိနေပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်လိုသိတာလဲ ဆိုတာကို Proactive အမြင်နဲ့ ကြည့်မယ်ဆိုရင် ပြောရရင် ကလေးအတွေးနဲ့ တွေးကြည့်မယ် ဆိုရင်
- 1 ဆိုတာကို ကြားလိုက်တာနဲ့ 1 ဆိုတဲ့ တန်ဖိုးတစ်ခုကို မှတ်လိုက်ပါတယ်။
- + ဆိုတာကို တွေ့တော့ သချင်္ာနည်း အရ ပေါင်းမယ် ဆိုတာ သိလိုက်ပါတယ်။
- 1 ဆိုတာကို ကြားတော့ 1 ဆိုတဲ့ တန်ဖိုးကို ပေါင်းထည့်မယ်လို့ သိလိုက်ပါတယ်။
- = ကို တွေ့တဲ့ အခါမှာ အဖြေတစ်ခု ထုတ်ပေးရတော့မယ်လို့ သိလိုက်ပါတယ်။ ဒီလိုနဲ့ 1 နဲ့ 1 ပေါင်း 2 ဆိုတဲ့ အဖြေထွက်လာပါတယ်။
အိုကေ ဒီအတွေးကို ခဏမှတ်ထားပါ။
ဒီတစ်ခါတော့ နို့တစ်ခွက်နဲ့ ရေတစ်ခွက် ပေါင်းကြည့်ပါမယ်။ နို့တစ်ခွက်က အပြည့် ရေတစ်ခွက်ကလည်း အပြည့်ပါပဲ။ ဒီနှစ်ခုကို ပေါင်းမယ်ဆိုရင် သူထက်ကြီးတဲ့ ခွက်အသစ်တစ်လုံးထဲ သွားပေါင်းထည့် ပေးရပါတော့မယ်။ တစ်ခွက်ကနေ တစ်ခွက်တဲ့ ပေါင်းထည့်မယ် ဆိုရင်တော့ လျှံကျကုန် မယ် ဆိုတာ လူတိုင်း သိပါလိမ့်မယ်။ ဒါပေမယ့် 1 + 1 = 2 ထက်တော့ စဉ်းစားစရာတွေ ပိုလာတယ်ဆိုတာ လူတိုင်း သိပါလိမ့်မယ်။ နို့နဲ့ ရေ ပေါင်းလိုက်တဲ့ အခါမှာ နောက်ထပ် ခွက်အကြီးတစ်လုံး လိုမယ်ဆိုတာ မျိုးကို စဉ်းစားဖို့ လိုလာပါတယ်။ နို့ဆိုတဲ့ တန်ဖိုးနဲ့ ရေဆိုတဲ့ တန်ဖိုးကို ပေါင်းတဲ့ နေရာမှာ ဖန်ခွက်ဆိုတာတွေ ပံ့ပိုးဖို့ လိုလာတယ်ဆိုတာလည်း သတိထားမိပါလိမ့်မယ်။
ကဲ ဒီတစ်ခါတော့ ခွက်တွေအားလုံး အလွတ်တွေ ဖြစ်သွားပါပြီ။ ခွက်တစ်ခုခြင်းစီမှာ ကြိုက်တဲ့ အရည်ထည့်ပြီး ခွက်အကြီးထဲကို ပေါင်းထည့်လို့ ရပါပြီ။ ကဲ ဒီလို ခွက်အလွတ်တွေ ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့မှာ ဘယ်လို အခွင့်အရေးတွေ ရလာသလဲ။
- ခွက်အလွတ်တစ်ခုခြင်း စီမှာ ကြိုက်တဲ့ အရည်ထည့် လို့ရလာပါတယ်။
- အရင်လို ပမာဏကန့်သတ်ချက် မရှိတော့တဲ့အတွက် ခွက်တစ်ခုခြင်း စီမှာ ဆန့်တဲ့ ပမာဏအပေါ် မူတည်ပြီး ကြိုက်သလောက် အရည်ကို ထည့်ပြီး ပေါင်းလို့ ရလာပါတယ်။
- အဲဒီလို အရည်တွေ ဆိုတဲ့ အမြင်အပြင် တစ်ခြား ဆန်နဲ့ ပဲကို ပေါင်းမယ်ဆိုရင်ကော ရတာပါပဲ။ ဆန် တစ်ခွက်နဲ့ ပဲ တစ်ခွက်ကို ပေါင်းတယ်ပေါ့။
- အဲဒီအပြင် ကိုယ်ပေါင်းလိုက်တဲ့အခါ ဖြစ်လာစေချင်တဲ့ ပမာဏအပေါ် မူတည်ပြီး တစ်ခွက်ခြင်းစီမှာ ထည့်မယ့် ပမာဏ တွေကိုလည်း နှိုင်းယှဉ် ချိန်ဆလို့ ရလာပါတယ်။
ဒါတွေက အကြမ်းစဉ်းစားကြည့်တာပါ။ ဒီထက်များပြားတဲ့ လွတ်လပ်မှုတွေရှိနေပါသေးတယ်။ ဒါကတော့ လူတစ်ဦးခြင်း စီရဲ့ စဉ်းစားတဲ့ ပမာဏပေါ် မူတည်ပြီး ကွာခြားသွားပါလိမ့်မယ်။
ကွန်ပျူတာပေါ် တင်ကြည့်မယ်
ကဲ ဒီတစ်ခါတော့ Computer ပေါ် တင်ကြည့်ရအောင်။ ကွန်ပျူတာမှာ Calculator ဆိုတာလေး ရှိပါတယ်။ အဲဒါကို ခေါ်လိုက်ပါ။ ဒါမှမဟုတ် အိမ်မှာ ရှိတဲ့ Calculator လေး ဖြစ်ဖြစ် ယူလိုက်ပေါ့။
1 + 1 = ကို ရိုက်ကြည့်လိုက်ပေါ့။ ဒါပေမယ့် တကယ်တန်းတော့ ရိုက်ကြည့် စရာ မလိုပါဘူးဗျာ။ စိတ်နဲ့ မှန်းကြည့်ရင်တောင် သိနိုင်ပါတယ်။ ဒါပေမယ့် သူလုပ်သွားတဲ့ Step တွေကို စဉ်းစားကြည့်ရအောင်၊ Calculator ကို စကားပြောခိုင်းကြည့်ရအောင်ဗျာ ..
- ကဲ ခင်ဗျား ပထမဦးဆုံး ဂဏ္ဍန်း တစ်လုံး ထည့်လေဗျာ၊ ခင်ဗျားက ဘာမှ မရိုက်ရင် ကျွန်တော်က ဘာလုပ်ရမှာလဲ၊ အဲဒါနဲ့ 1 ဆိုပြီး ရိုက်ထည့် လိုက်ပါတယ်။
- အော် ခက်နေပါပြီ။ 1 တော့ ဟုတ်ပြီလေ။ ကျွန်တော်က ဘာဆက်လုပ်ရမှာလဲ။ ဆက်ပြောဦးလေဗျာ။ အဲဒီတော့ + ကို ရိုက်လိုက်တယ်။ ပေါင်းခိုင်းတယ် ပေါ့။
- ဟုတ်ပြီ။ ပေါင်းမယ်ဆိုတာ သိပြီ။ ဘာနဲ့ ဘာနဲ့ ပေါင်းရမှာလဲ။ အဲဒါလည်း သိမှာ ဖြစ်ပါပေါ့ဗျ။ 1 နဲ့ ပေါင်းမယ်ဆိုပြီး 1 ရိုက်ထည့် ပေးလိုက်တယ်။
- တော်ပြီလား … ဒါဆိုအဖြေထုတ်မယ်ဆို = နှိပ်လေဗျာ။ = နှိပ်လိုက်တယ် ဆိုပါတော့။
- ရော့ဗျာ … ခင်ဗျားလိုချင်တဲ့ အဖြေ ဆိုပြီး 2 ဆိုတာကို ပြပါတယ်။
ကဲ ဒီနေရာမှာ နို့တစ်ခွက်နဲ့ ရေတစ်ခွက် ရောတာနဲ့ ခွက်အလွတ် ခွက်အလွတ်ဆိုတဲ့ ဥပမာနဲ့ တိုက်ဆိုင် စစ်ဆေး ကြည့်ရအောင်။ Calculator ပုံစံ စဉ်းစား ကြည့်ရအောင်၊ ကျွန်တော့် သူငယ်ချင်း မောင်အောင်နဲ့ ကျွန်တော် လို့ သတ်မှတ်လိုက်ရအောင်။ မောင်အောင်က Calculator ဖက်က၊ ကျွန်တော်ကတော့ သုံးတဲ့ဖက်က။ နွားနို့ရေရောတဲ့ Calculator ပေါ့။
- မောင်အောင် – ကဲ .. ဟော ဒီမှာ ခွက်အလွတ် ခင်းဗျား တစ်ခုခု ထည့်ဗျ။
- ကျွန်တော် – နို့တွေ ထည့်လိုက်တယ်ပေါ့။
- မောင်အောင် – ဟုတ်ပြီ၊ ခင်ဗျား ဘာဆက်လုပ်မှာလဲ၊ ဒီအတိုင်း ကျွန်တော်က နို့ခွက်ကြီးကို ကိုင်ထားရမှာလား။ ဘာလုပ်ရမှာလဲ ပြောဦး လေဗျာ။
- ကျွန်တော် – ပေါင်းမယ်ပေါ့။ နောက်ထပ် ရေနဲ့ ပေါင်းမယ်ပေါ့။
- မောင်အောင် – ကဲဗျာ … ဒီမှာ နောက်တစ်ခွက်၊
- ကျွန်တော် – ဆိုတော့ ရေထည့်လိုက်တယ်ပေါ့။
- မောင်အောင် – နွားနို့တစ်ခွက်လည်း ရပြီ၊ ရေတစ်ခွက်လည်း ရပြီ၊ ပေါင်းမယ်လည်း ပြောတယ်။ သေချာပြီလား။
- ကျွန်တော် – သေချာပြီပေါ့။
- မောင်အောင် – ခွက်ကြီးတစ်ခု သွားယူပြီး နှစ်ခုလုံးပေါင်းထည့် လိုက်တယ်။ ရော့ ဒီမှာ ရေရောထားတဲ့ နွားနို့ ဆိုပြီး ကျွန်တော့်ကို ပေးပါ လိမ့်မယ်။
မောင်အောင်နဲ့ ကျွန်တော်ကို လေ့လာကြည့်ရအောင်၊ မောင်အောင်နဲ့ ကျွန်တော် အမြင်ချင်း မတူပါဘူး။ သူက ပေါင်းပေးရတဲ့ဖက်က နေတဲ့ အမြင်ပါ။ ကျွန်တော် သုံးသူဖက်က အမြင်ပါ။ ကျွန်တော်က နို့နဲ့ ရေကို ပေါင်းချင်တာပဲ သိတယ်။ မောင်အောင်ကတော့ နို့နဲ့ ရေကို ပေါင်းနိုင်ဖို့ အတွက် ခွက်အလွတ်တွေ စီစဉ်ပေးဖို့ လိုလာပါတယ်။ အဲဒီအပြင် ခွက်နှစ်လုံးဆန့်နိုင်မယ့် နောက်ထပ် ခွက်တစ်လုံးလည်း စီစဉ်ပေးဖို့ လိုလာပါတယ်။ အဲဒီအပြင် ပေါင်းပေးဖို့ အဖြေထုတ်ပေးဖို့ တွေပါ လိုလာပါတယ်။
တစ်ခြားဖက်က အမြင်တွေလည်း ရှိပါသေးတယ်။ ကျွန်တော့် အနေနဲ့ နွားနို့နဲ့ ရေကိုပဲ ရောစေချင်တာပါ။ မောင်အောင်ကတော့ နွားနို့နဲ့ ရေဆိုတဲ့ ကန့်သတ်ချက် မရှိတော့ပါဘူး။ ဘာပဲ ထည့်ထည့် ရောပစ်မှာပါပဲ။ ကျွန်တော့်အနေနဲ့ နွားနို့နဲ့ ရေရောရင် ပြီးရော ဆန့်တာ မဆန့်တာတွေ ရောလိုက်တဲ့အခါ နောက်ထပ် ခွက်လိုတာတွေ သိဖို့ မလိုပေမယ့် မောင်အောင်ကတော့ အကုန်သိဖို့ လိုပါတယ်။
ကိုယ်ပိုင် ပေါင်းတဲ့ Calculator လေး တစ်ခု တည်ဆောက်ကြည့်ရအောင်
ကဲ အပေါ်မှာ ရှိခဲ့ဥပမာတွေ အပေါ်မူတည်ပြီး ပေါင်းတဲ့ Calculator လေးတစ်ခု တည်ဆောက်ကြည့်ရအောင်၊ မောင်အောင် ဖက်ကပေါ့
ခွက်က သုံးခွက်ဆိုတော့၊ ကွန်ပျုတာမှာ မှတ်ဉာဏ်ဆိုတာ ရှိတယ်၊ ဒီတော့ မှတ်ဉာဏ်မှာ ခွက်သုံးခွက်စာ နေရာသွားမှတ် ရအောင်၊ သီဟ ပေါင်းချင် တာက ဂဏန်းတွေ 1 နဲ့ 1 ပေါင်းမှာ .. ဒါပေမယ့် 1 နေရာမှာ ခွက်အလွတ်လိုမျိုး ဘာထည့်ထည့် ရမှ ဖြစ်မယ်၊ မဟုတ်ရင် သီဟဆိုတဲ့ကောင်က ဟိုဟာလည်း ပေါင်းချင် ဒီဟာလည်း ပေါင်းချင် ဖြစ်ဦးမှာ။ ဒီထက်ပိုပြီး အဆင်ပြေအောင် ခွဲခြားလို့ ရအောင် ခွက်တွေကို a, b, c လို့ နာမည် ပေးထားမှ။ တော်သေးတာပေါ့ ကွန်ပျူတာမှာ number လို့ပြောလိုက်ရင် တန်ဖိုးတွေ အများကြီး မှတ်လို့ရလို့။ သူက ပေါင်းမှာ သေချာတယ် ဆိုတော့ ပေါင်းမှာလည်း မမေးတော့ဘူး။ တော်ကြာ ငါကို နှုတ်မယ်၊ စားမယ်၊ မြှောက်မယ်တွေ လုပ်နေဦးမယ်။
ကဲ ကွန်ပျူတာရေ
- ဂဏ္ဍန်းက သုံးလုံး နာမည်တွေက a, b, c
- တစ်လုံး အရင်တောင်းမယ်၊ a ကို
- ပြီးရင် နောက်တစ်လုံးတောင်းမယ်၊ b ကို
- နှစ်ခုပေါင်းပြီး နောက်ဂဏ္ဍန်းရဲ့ နေရာမှာထည့်မယ်၊ c နေရာမှာ ထည့်မယ်။
- ပြီးရင် သီဟကို အဖြေပြလိုက် လို့ ခိုင်းရမှာပေါ့။
ဒါကို ကွန်ပျူတာက အင်္ဂလိပ်လိုပဲ သိတော့ ဘိုလိုခိုင်းကြည့်ရအောင်၊ ဒီနေရာမှာ သိထားဖို့ လိုတာက ကွန်ပျူတာမှာ ဘိုလို ခိုင်းလို့ရတဲ့ Sample English တွေက အမျိုးအစားတွေ အများကြီး ရှိနေပါတယ်။ ဒါလည်း အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံခြင်းတောင် ပြောတာ မတူသလိုပေါ့။
Program Start
a, b and c are numbers
ask for a
ask for b
c <- a + b
print c
Program End
(ဒီလို အရေးအသားမျိုးကို Pseudo ရေးနည်းလို့ ခေါ်ပါတယ်။ ကျွန်တော်ကတော့ အဆင်ပြေသလို စာရေးသူနဲ့ စာဖတ်သူ နားလည်သလိုပဲ ရေးသွားပါတော့မယ်။)
Program Start ဆိုတော့ အစီအစဉ်စမယ် ဆိုပါတော့။ a, b, c တွေက number တွေလို့ ကွန်ပျူတာကို ပြောတယ်။ ask for a ဆိုတော့ a ရဲ့ တန်ဖိုးကို တောင်းခိုင်းတယ်။ b ရဲ့ တန်ဖိုးကိုတောင်းတယ်။ a နဲ့ b ကို ပေါင်းပြီး c ထဲကို ထည့်တယ်။ ပြီးရင် c ရဲ့ တန်ဖိုးကို ပြလိုက်တယ်ပေါ့။ နောက်ဆုံးတော့ Program End အစီအစဉ်ပြီးပြီပေါ့။
ကဲ ဒီတော့ ဘာပဲပေါင်းပေါင်း ရပြီပေါ့။ 1 + 1 ပေါင်းမလား။ 4 + 4 လား။ လာချင်ရာလာခဲ့ ဆိုပြီး မောင်အောင်က ကျွန်တော့်ကို ကြွားနေ ပါတော့တယ်။
Facebook comments:






ဆက်ရေးပါအစ်ကို။ စောင့်မျှော်ဖတ်ရူနေကြောင်းပါ။ စာရေးတယ်ဆိုတာလည်း အခက်သားပါ။ သူများရေးတာကိုဖတ်တာက အလွယ်လေးပါ။ ကိုယ်တောင်ရေးတော့မယ်ဆိုရင် မလွယ်ဘူးဗျ။ အဲဒါကြောင့်လဲစိတ်ရှည်ရှည်နဲ ့ဆက်မျှော်နေပါ့မယ်။
အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ … အဲဒီလို အဆင့်တွေအများကြီး ချပြီး ရေးရတာ အရမ်းခက်တယ် ခင်ဗျ … ကျွန်တော် ကလေးတွေကို စာသင်တဲ့ အတွေ့အကြုံကို အခြေခံပြီး ရေးမှာပါ၊ သူတို့နဲ့ အတူ ကျွန်တော်လည်း စဉ်းစားပြီး သင်တဲ့ ပုံစံနဲ့ Computer Programming ကို သင်ပေးခဲ့ဘူးပါတယ်။ အဲဒီအတိုင်း ရေးသွားမှာပါ။
အရမ်းကောင်းတယ် ကိုသီဟရေ.. အရေးအသားကော ရှင်းလင်းပုံ ရှင်းလင်းနည်းကော
ကျွန်တော်လည်း အခုရှင်းပြထားတာလေး သဘောကျတယ်ဗျာ ..ကိုသီဟ စာရေးကောင်းတယ်..:D မြှောက်တာမဟုတ်ဘူး အတည်ပြောတာနော်…
ကျေးဇူးတင်ပါတယ်ဗျာ
သိမ်းထားဖို့ ကူးသွားတယ်နော် … ဆရာ …
ကောင်းတယ်ဗျာ.. လုံးဝကို အချိန်ပေးပြီး တဆင့်ခြင်း အသေးစိတ် ရေးထားတာပဲ.. ဖြေးဖြေးခြင်း ဆက်ရေးပါဗျာ.. နောက်ပိုင်း များလာရင် Programming ကို စလုံးရေ စမယ့်သူတွေ အတွက် အများကြီး အကျိုးရှိမှာပါ.. Another Great Post!
အစ်ကို ရေ အရေးအသား အရမ်းကြိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ဗျ။ ကျနော်တို ့လို စလေ့လာတဲ့ သူတွေ အတွက်တော့ အတော်လေးကို အကျိုးရှိပါတယ်ဗျ။ ကျေးဇူးတင်ပါတယ် အစ်ကို ။
[...] Thiha has written 110 posts. <– အပိုင်း (၁) သို့ [...]
really nice, thz bro.
I can’t teach basic programming.