မတူညီခြင်း အနုပညာ
ကျွန်တော်တို့တွေ အနေနဲ့ Web Designer ပဲ ဖြစ်ဖြစ်၊ Web Developer ပဲ ဖြစ်ဖြစ် Web နဲ့ ပတ်သက်နေတယ်၊ Web နဲ့ အသက်မွေး ဝမ်းကျောင်းတယ်လို့ ဆိုလိုက်တာနဲ့ တီထွင်ဖန်တီးမှု ဆိုင်ရာ ကွဲပြာခြားနားမှုတွေ အမြင်မတူညီမှုတွေ ကြိမ်းသေ တွေ့ကြုံရမှာ ဖြစ်ပါတယ်။ တစ်ကိုယ်တည်း ကြိတ်တယ် ဆိုဦးတော့ ကိုယ်နဲ့ ဆက်ဆံရမယ့် Client နဲ့ အမြင်မတူညီတာတွေ ရှိလာမှာပါပဲ။ အဖွဲ့လိုက်ဆိုရင်တော့ ငြင်းလို့ကို မဆုံးတော့ဘူးဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေ ရောထွေးနေတတ်တဲ့ ကိစ္စတွေ ဖြစ်နေတာကြောင့် ပြဿနာတွေလည်း တက်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလို အခြေအနေတွေ တွေ့ကြံုလာတိုင်း စိတ်ခံစားချက်ကို အသားမပေးပဲ
- ကွဲပြားခြားနားမှုတွေ၊ အမြင်မတူညီမှုတွေကို ဂရုတစိုက် ကိုင်တွယ်တတ်မယ် ဆိုရင်
- ကောင်းကောင်း စီမံခန့်ခွဲနိုင်မယ် ဆိုရင်
- နားလည်မှု အပြည့်အဝ ရယူနိုင်မယ်ဆိုရင်
အလုပ်လုပ်တဲ့အပိုင်းမှာ တီထွင်ဖန်တီးတဲ့ အပိုင်းမှာ ကောင်းသထက် ကောင်းလာ နိုင်ပါတယ်။ မုန်တိုင်းပြီးရင် သာယာတဲ့ အချိန်ရောက်လာ သလိုမျိုးပဲ Brainstorming လို့ခေါ်တဲ့ မတူညီတဲ့ အမြင်တွေ ကွဲပြားခြားနားမှုတွေကို အဖြေတစ်ခုရအောင် စွမ်းဆောင်နိုင်ရင်
- အဖွဲ့သားအချင်းချင်း စည်းလုံးညီညွှတ်မှု ပိုမိုရရှိနိုင်ခြင်း၊
- Client နဲ့ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခြင်း၊
- တီထွင်ဖန်တီးမှုဆိုင်ရာ ကွဲပြားခြားနားချက်များ အပေါ်မှာ အမြင်မျိုးစုံဖြင့် ချဉ်းကပ်နိုင်ခြင််း
စတဲ့ အကျိူးကျေးဇူးတွေ ရလာမှာပါ။
အပြုသဘော ပြဿနာ/အဖျက်သဘော ပြဿနာ
ပြဿနာတစ်ခု ဖြစ်လာပြီ ဆိုကတည်းက အမြင်မတူလို့ပါ။ သဘောတူညီမှု တစ်ခုကိုလည်း တည်ဆောက်ရမယ်၊ နှစ်ဦး နှစ်ဖက် ဒါမှမဟုတ် နှစ်ဦးနှစ်ဖက်ထက်ပိုတဲ့ အမြင်တွေကို ညှိုနှိုင်းပြီး အဖြေတစ်ခု ထုတ်ရတော့မယ် ဆိုရင် ပြဿနာတွေ ကွဲပြားခြားနားမှုတွေ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလို ပြဿနာ ဖြစ်လာပြီဆိုရင် အပြုသဘောနဲ့ အဖျက်သဘော ဆိုပြီး လမ်းကြောင်းနှစ်ခု ကွဲသွားတတ်ပါတယ်။ အပြုသဘော ဆိုတာကတော့ ရှင်းပါတယ်။ အများညီ အဖြေတစ်ခုကို ချဉ်းကပ်ပုံဖော်တာပါ။ အဖျက်သဘောကတော့ အဲဒါရဲ့ ဆန့်ကျင်ဖက်ပေါ့။ အဲဒီလို ပြဿနာတွေ ဖြစ်လာတိုင်း အပြုသဘောဆောင်တဲ့ အမြင်နဲ့ ချဉ်းကပ်နိုင်မယ် ဆိုရင် တီထွင်ဖန်တီးမှုကဲတဲ့ နေရာတွေမှာဆိုတော့ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ပြဿနာ ဖြေရှင်းသူတွေ ဖြစ်လာနိုင်ပါတယ်။ အမှားတွေကို ရှောင်ရှားနိုင်ပါတယ်။ ကွဲပြားခြားနားမှုတွေကနေ သင်ခန်းစာတွေ ထုတ်ယူပြီး အကျိုးအမြတ်တွေ ရယူနိုင်ပါတယ်။ စိန်ခေါ်မှုတွေ ရင်ဆိုင်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို ကွဲပြားခြားနားမှုတွေကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ပြဿနာတွေဟာ အဖျက်သဘောကိုလည်း ဦးတည်သွားနိုင်ပါတယ်။ အလုပ်လည်ပတ်မှုကို ထိခိုက်မယ်၊ ပုဂ္ဂိုလ်ရေးတွေ ပါလာမယ်၊ ပိုမိုပြင်းထန်တဲ့ ပြဿနာတွေကို ဦးတည်မယ်၊ အလုပ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ သဘောတွေကို ထိခိုက်လာမယ်ဆိုရင်တော့ အဖျက်သဘော ဆောင်လာပြီပေါ့။ ကံကောင်းထောက်မစွာပဲ အဲဒီလို သဘောတူညီမှု မရတဲ့ အခြေအနေတွေကို ရှောင်လွဲနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ အဖျက်သဘောဆောင်တဲ့ လမ်းကြောင်းကို ဦးတည်မသွားအောင် လုပ်နိုင်စရာ နည်းလမ်းတွေ ရှိနေပါတယ်။ ဒီတော့ ခုချိန်က စပြီး လူအမျိုးမျိုး စိတ်အထွေထွေကို လေ့လာကြည့်ရအောင်။
ကွဲပြားခြားနားမှု ပြဿနာတွေရဲ့ သဘောတရားများ
ပြဿနာတွေ ဖြစ်လာပြီဆိုတာနဲ့ ဘယ်လိုတွေ ဖြစ်တတ်လဲ။ ကွဲပြားခြားနားမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေရဲ့ သဘောတရား ပုံစံတွေက ဘယ်လိုမျိုးတွေလဲ။ အဲဒီလို အမျိုးအစားပုံစံတွေကို သိထားခြားအားဖြင့် ပြဿတွေထဲက ကိုယ့်အနေနဲ့ ဒါမှမဟုတ် ကိုယ့်အဖွဲ့အနေနဲ့ ဘယ်လို အကောင်းဆုံး ရုန်းထွက်မလဲဆိုတာ သိလာနိုင်ပါတယ်။
(၁) ယှဉ်ပြိုင်ခြင်း (Competing) - ယှဉ်ပြိုင်ရင်ဆိုင် အနိုင်ရဖို့ ဆိုတော့ ကိုယ့်လှေ ကိုယ်ထိုး ပဲခူးရောက်ရောက် ဆိုသလို ကိုယ်နိုင်ဖို့က အဓိက၊ ကိုယ့်ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့က အဓိက ဖြစ်လာပါတယ်။ ပေါင်းသင်းဆက်ဆံရေးကိုတော့ ဘေးချိတ်ထားပေတော့။
(၂) ပူးပေါင်းဆောင်ရွက်ခြင်း (Collaborative) – ဒီလိုပုံစံကတော့ အားလုံးကြေနပ်မှု ရတဲ့ အခြေအနေအထိ သွားဖို့ပါ။ အားလုံးလည်း ကျေနပ် အားလုံးလည်း သဘောတူတဲ့ အဖြေတစ်ခုဆီသို့ လို့ဆိုရမှာပေါ့။
(၃) စေ့စပ်ညှိုနှိုင်းခြင်း (Compromising) – သူလည်း နည်းနည်းလျော့၊ ကိုယ်လည်း နည်းနည်းလျော့၊ အဖြေတစ်ခု ရတဲ့အထိ စေ့စပ်ကြမယ် ညှိုနှိုင်းကြမယ်။
(၄) ရှောင်ရှားခြင်း (Avoiding) – ပြဿနာကို ရှောင်လိုက်တာပေါ့။ အဲဒီလို ရှောင်သင့်တယ် ဆိုတဲ့ အခြေအနေတွေ ကလည်း ရှိတတ်ပါတယ်။ အဲဒီလို လက်ရှောင် လိုက်တာနဲ့ ပြဿနာက အလိုလို ငြိမ်းသွားပါလိမ့်မယ်။
(၅) စတေးခြင်း (Accommodating) - ထိပ်တိုက်ရင်ဆိုင်ရမှာ စိုးရိမ်တဲ့အတွက် ကိုယ့် အိုင်ဒီယာတွေ၊ ကိုယ့်အမြင်တွေကို စတေး လိုက်တာပေါ့။
ကိုယ်နဲ့ ကိုယ့်အဖွဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အပေါ်က အချက်တစ်ခု မဟုတ် တစ်ခုနဲ့ တိုက်ဆိုင်နေမှာပါ။ အဲဒီလို အခြေအနေ အားလုံးအပေါ်မှာ သုံးသပ်ပြီး ကိုယ်တီထွင်ဖန်းတီးထားတဲ့ ပုံစံအပေါ်မှာ အသေရပ်တည်ပြီး ရှေ့ဆက်မလား၊ ပြုပြင်ပြောင်းလဲ ညှိနှိုင်းမလား၊ ပြဿနာထဲကနေ ရုန်းထွက်မလား၊ ဘာလုပ်မလဲ စဉ်းစား ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။
တီထွင်ဖန်တီးမှုနဲ့ ဆန်းသစ်တီထွင်မှု စီမံခန့်ခွဲမှုအနေနဲ့ စစ်တမ်းကောက်ယူမှုအရ အပေါ်မှာ ပြောခဲ့တဲ့ ပြဿနာ ပုံစံတွေ အနေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာပေမယ့် တီထွင်ဖန်တီးမှုဆိုင်ရာ ကောင်းမွန်တဲ့ ရလဒ်တွေ အများအားဖြင့် ဖြစ်လာတတ်တယ်လို့ သိရပါတယ်။ အဲဒီလို သုတေသနပြုချက်တွေကို Design Team တွေ အငြင်းအခုန်တွေပြုပြီး မတူညီတဲ့ အိုင်ဒီယာတွေ ညှိနှိုင်းကြတဲ့ အချိန်မှာ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေက တစ်ဆင့် ကောက်ယူခဲ့တာပါ။ စစ်တမ်းကောက်ယူသူတွေ အနေနဲ့ ကွဲပြားခြားနားမှုပုံစံတွေကို အသေးစိတ် လေ့လာပြီး ဘယ်လိုပုံစံက ဘယ်လို ရလဒ်ထွက်တယ် စသည်ဖြင့် အသေးစိတ် လေ့လာခဲ့ပါတယ်။
အဲဒီလို သုတေသနသမားတွေ တွေ့ရှိချက်အရ ဆရာကြီးတွေများတဲ့ အဖွဲ့တွေမှာ ဆန်းသစ်တီထွင်မှုတွေ အတွက် တိုက်ကြခိုက်ကြတာတွေ ပြိုင်ကြဆိုင်ကြတာတွေ အလျော့ပေးညှိနှိုင်းကြတာတွေ အဖြစ်များပြီး အပျက်သဘောဆောင်တဲ့ အဖြစ်အပျက်တွေလည်း အဖြစ်များတယ်လို့ သိရပါတယ်။ အခြားတစ်ဖက်မှာ ရှိတဲ့ ဆရာကြီးတွေ မဟုတ်တဲ့ ဖက်မှာတော့ ပူးပေါင်းဆောင်ရွက်မှု ပုံစံကို အကောင်အထည် ဖော်နိုင်လေ့ရှိတယ်လို့ သိရပါတယ်။ ဆရာကြီးများ လှေစီးခရီး ထွက်ကြသည်၊ ထို့ကြောင့် လှေကြီး မှောက်သွားသည် ဆိုသလိုမျိုးပေါ့။ ဒါပေမယ့် တစ်ဖက်မှာ ကြည့်ပြန်တော့လဲ ဆရာကြီးတွေများလေး အိုင်ဒီယာတွေ ဆန်းသစ်လေ၊ ပိုပြီး တီထွင်မှုကဲတဲ့ ပုံစံတွေ ထွက်လေလို့ ဆိုပြန်ပါတယ်။ ဆရာကြီး မဟုတ်တဲ့ဖက်မှာတော့ ထပ်နေတဲ့ အိုင်ဒီယာတွေထဲမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတတ်ပြန်ပါရော။ ဒီတော့ သုတေသနသမားတွေရဲ့ မှတ်ချက်စကားအရ တီထွင်ဖန်တီးမှုကဲတဲ့ လုပ်ဆောင်ချက်တွေမှာ သဘောတူညီချက်တွေ ကနေ ဖြစ်လာတာထက် ရင်ဆိုင် ယှဉ်ပြိုင် အနိုင်လုကြရကနေ ထွက်လာကြတယ်လို့ သိရပါတယ်။
ဒီတော့ ကိုယ့်အဖွဲ့ထဲမှာ မတူကွဲပြားခြားနားတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ စိတ်ပျက်စရာ ကိစ္စမဟုတ်ပါဘူး။ အိုင်ဒီယာတွေများလေ ပြဿနာများလေ၊ ဆရာကြီးများလေ ပြဿနာများလေ ဖြစ်ပေမယ့် တကယ်တန်း သစ်လွင်တဲ့ တီထွင်ဖန်တီးမှုတွေ အတွက်ကတော့ အဲဒီလို မတူလေ ပိုကောင်းလေလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လွပ်လပ်စွာ သဘောထားကွဲလွဲခွင့်၊ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှု၊ အလုပ်ပြီး မြောက်မှုကို ရှေ့တန်းတင်မှု၊ EQ မြင့်မှု စတဲ့အချက်တွေ အပေါ်မှာ အခြေခံပြီး တည်ဆောက်ပါမှ အဖွဲ့တွေ ကွဲကြတဲ့ အဖြစ်က ရှောင်ရှားနိုင်ပါလိမ့်မယ်။ အချိန်ပြည့် သဘောတူ ခေါင်းညိမ့် နည်းနည်းလေးမှ မချိတ်ကြရင် ဆန်းသစ် တီထွင် ဖန်တီးမှုတွေ ဆွံ့အသွားပြီး ပျင်းစရာ ကောင်းတဲ့ တိုးတက်မှု မရှိတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်။
ဆက်ပါဦးမယ်ခင်ဗျာ …
အချိန်မရတဲ့ကြားက ရေးရတာ ဖြစ်တဲ့အတွက် ကျွန်တော် ကိုရီးယားကား လွင့်ပါတော့မယ်။
အားလုံးကို တောင်းပန်ပါတယ် ခင်ဗျ။ ရွှင်လန်းချမ်းမြေ့ပါစေ …
Facebook comments:



ကိုးရီးယားကားကတော့ ဇာတ်လမ်းကောင်းရင် ဘယ်နှစ်ပိုင်းဖြစ်ဖြစ် ကြည့်တာပဲလေ . .
စကားမစပ်ဗျာ . . . smiley သုံးရင် ဘာကြောင့် စာကြောင်းက အောက်တစ်ကြောင်း ဆင်းသွားတာလဲ မသိဘူး
ကျွန်တော်အထင် lazy_loader JS ကြောင့်ဖြစ်မယ်ထင်တယ်ခင်ဗျ၊ ခုလို အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ
notification option လေးပါထည့်ပေးရင် ကောင်းမယ်ထင်တယ်ဗျ.. အခုက ကိုယ့် comment ကို reply လုပ် မလုပ် မသိရဘူးလေ
notification လိုချင်တဲ့သူက check ပေးလိုက်ပေါ့၊ မလိုချင်တဲ့သူက ဒီအတိုင်းထားပေါ့ဗျာ . .
Organization တစ်ခုထဲမှာ အလုပ်လုပ်တဲ့ အခါ …
ယှဉ်ပြိုင်ခြင်း (Competing) ဆိုတဲ့ အချက်ပေါ်အမြင်ကတော့ မိမိကိုယ်ကို ပြန်ယှဉ်ပြိုင်နေခြင်းမျိုးကို ပဲ သဘောကျပါတယ် ။
ဒီနေ့ ငါက မနေ့က ကောင်ထက် သာတယ် ကွ ဆိုတဲ့ ယှဉ်ပြိုင်မှု စိတ်ထားမျိုးပါ ။
(၂) ပူးပေါင်းဆောင်ရွက်ခြင်း (Collaborative)
(၃) စေ့စပ်ညှိုနှိုင်းခြင်း (Compromising)
ဆိုတဲ့ နှစ်ချက်ကိုတော့ အရမ်းသဘောကျသလို လိုအပ်ရင်လည်း
ဒီ အချက် ”’ (၄) ရှောင်ရှားခြင်း (Avoiding) ”’ ကို သုံးရပါတယ် …
နောက်ဆုံးအချက်ဖြစ်တဲ့ ဒီအချက်နဲ့ ကြုံတွေ့လာရရင်တော့ …
(၅) စတေးခြင်း (Accommodating)
[...] မတူညီခြင်း အနုပညာ အပိုင်း (၁) [...]