မတူညီခြင်း အနုပညာ အပိုင်း(၂)
ဒါကတော့ ဒုတိယပိုင်းပါ။ ပထမပိုင်းကို ဖတ်ချင်တယ်ဆိုရင် …
အပြုသဘောဆောင်သော အဖွဲ့ဆိုင်ရာ ပဋိပက္ခ
ကိုယ့်ရဲ့ အဖွဲ့အတွင်းမှာ ပဋိပက္ခတွေ ဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ။ အထူးသဖြင့် တီထွင်ဖန်တီးမှုဆိုင်ရာ ပဋိပက္ခတွေပေါ့။ အဲဒီလို အဖွဲ့တွင်း ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ဒါပေမယ့် တီထွင်ဖန်တီးမှု အသားပေး အဖွဲ့တွေအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး နည်းလမ်းကတော့ Conflict Resolution Network ရဲ့ Creative Response Kit ပါပဲ။
အဆိုပါ CR Network မှာ အရည်အချင်းဆိုင်ရာ သတ်မှတ်ချက် ၁၂ ခုရှိပါတယ်။ အဲဒီ ၁၂ ခုထဲက တစ်ခုကတော့ အဖျက်သဘော ဆောင်နေတဲ့ အာရုံစိုက်မှုတွေကို ဖြစ်နိုင်ချေဆိုတဲ့ အပြုသဘောဆောင်တဲ့ ဖက်ကို တွန်းပို့ဖို့ပါပဲ။ တိကျပြည့်စုံ ကောင်းမွန်မှု ဆိုတာထက် စူးစမ်းလေ့လာခြင်း ဆိုတဲ့ဖက်ကို တွန်းပို့တဲ့ သဘောပါ။
နာလည်အောင် ဆက်ရှင်းရမယ် ဆိုရင် Perfectionist နဲ့ Dicovery ဆိုတဲ့ နှစ်ခုကို ရှင်းဖို့ လိုပါမယ်။ Perfectionist ဆိုတဲ့ သူတွေဆိုတာ ဘာဖြစ်ဖြစ် ၁၀၀% သေချာမှလုပ်၊ မသေချာရင် ခြင်တောင် မရိုက်နဲ့ ဆိုတဲ့ သူမျိုးတွေပါ။ ပြဿနာတစ်ခု ဖြစ်လာပြီ အငြင်းအခုန်တစ်ခု ဖြစ်လာပြီ ဆိုတာနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အမြင်ဖက်က ချဉ်းကပ်လေ့ရှိပါတယ်။ သူတို့ အာရုံစိုက်လေ့ရှိတာက ဘယ်ဟာမှန်လဲ၊ ဘယ်ဟာမှားလဲ ဆိုတဲ့ အချက်တွေပါပဲ။ သူတို့က မှားမှာ အင်မတန် ကြောက်ကြပါတယ်။ Risk Taking ဆိုရင်လည်း ၁၀၀% လျော့ချထားမှ ယူလိုကြပါတယ်။ စွန့်စားရမှာ မှားမှာ အသေကြောက်တဲ့ သူတွေပေါ့။ အဲဒီလို လူတွေ ငြင်းကြပြီး ဆိုရင်တော့ တစ်ဖက်က အနိုင်/ တစ်ဖက်က အရှုံးဆိုတဲ့ ပုံစံတွေ ဖြစ်လာတာ များပါတယ်။ Winner/Loser ပေါ့။
Discovery ဆိုတဲ့ အမြင်ကတော့ သူနဲ့ ဆန့်ကျင်ဖက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Discovery သမားတွေက ပဋိပက္ခ ဖြစ်လာပြီ ဆိုတာနဲ့ ပြဿနာလို့ မမြင်ပဲ သူတို့အတွက် သင်ယူဖို့ အခွင့်အရေးရပြီလို့ မြင်ကြပါတယ်။ အစပိုင်းမှာ မတူညီတဲ့ အမြင်တွေ ဖြစ်ချင်ဖြစ်နေမယ် နောက်ဆုံးမှာတော့ သစ်လွင်တဲ့ အိုင်ဒီယာ တစ်ခု ဖြစ်လာတော့မယ်လို့ မြင်ကြပါတယ်။ အဖွဲ့တစ်ခုအတွင်းမှာ Discovery စတိုင် သွားမယ်ဆိုရင် Risk (စွန့်စားမှု) များများယူရမယ်၊ စမ်းသပ်မှုတွေ လုပ်ရမယ်၊ အောင်နိုင်သူ/သင်ယူသူ ဆိုတဲ့ ပုံစံမျိုး ဖြစ်ရမယ်ဆိုတဲ့ အမြင်တွေနဲ့ ချဉ်းကပ်ဖို့ လိုပါတယ်။ Winner/Learner ပေါ့။ Winner/Loser မဖြစ်ရပါဘူး။ Dicovery အတိုင်းသွားတဲ့ အဖွဲ့တွေမှာ အဖွဲ့ဝင်တွေကို သူတို့ရဲ့ သစ်လွင်တဲ့ အိုင်ဒီယာတွေကို လွပ်လွပ်လပ်လပ် တင်ပြခွင့် ပြုလေ့ရှိကြပြီး စိတ်ဓာတ်တက်ကြွလာအောင် နှိုးဆော်ပေးပါတယ်။ မိမိရဲ့ မတူညီတဲ့ အမြင်တွေ အိုင်ဒီယာတွေအတွက်လည်း အခွင့်အရေးတွေ ရှိစေပါတယ်။
Client နှင့် ပဋိပက္ခဖြစ်ခြင်း
အရမ်းတော်တဲ့ Web Designer ပဲ ဖြစ်ဖြစ်၊ အရမ်းတော်တဲ့ Web Developer ပဲ ဖြစ်ဖြစ် တစ်ချိန်မဟုတ် တစ်ချိန်မှာ Client တွေနဲ့ ပြဿနာဆိုတာ ရှိလာမှာပဲ ဖြစ်ပါတယ်။ ကိုယ်အကောင်းဆုံး လုပ်ပေးလိုက်တဲ့ အလုပ်ကို Client အနေနဲ့ မကြိုက်တဲ့ အနေအထားဆိုတာ ရှိလာနိုင်ပါတယ်။ တီထွင်ဖန်းတီးမှုနဲ့ ဆိုင်တဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက် စိတ်ခံစားမှုကလည်း ပြင်းထန်တတ်ပါတယ်။ ဒီဇိုင်းတွေဆိုတာ တစ်ခါမှာ တစ်ခုဆိုသလောက်သာ ထွက်တတ်ပြီး အဲဒီလို ထွက်လာတဲ့ ဒီဇိုင်းကလည်း အရမ်း ပြည့်စုံနေတတ်ပါတယ်။ အဲဒီလို ပြည့်စုံတာကို ကိုယ်ကိုယ်တိုင်က သိသော်လည်း Client အနေဲ့ မသိတာမျိုးတွေ ရှိနေတတ်ပါတယ်။ တစ်ခါတစ်လေမှာ Client အနေနဲ့ သိသော်လည်း အခြား အကြောင်းအရာ တစ်ခုကြောင့် မသိဟန်ဆောင်ပြီး ပြန်ပြင်ခိုင်းတာမျိုး ရစ်တာမျိုးတွေ ကြုံလာရနိုင်ပါတယ်။ အဲဒီလို အခြေအနေဆိုရင် တီထွင်ဖန်တီးသူ အနေနဲ့ ဆွဲထိုးပစ်ချင်စိတ်တွေ တစ်ဖွားဖွား ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် စိတ်လိုက်မာန်ပါ လုပ်လို့ မဖြစ်ပါဘူး။ ပဋိပက္ခ ဖြစ်တဲ့ အနေအထားအလိုက် တုန့်ပြန်ပုံကို အကောင်းဆုံး ရွေးချယ် တုန့် ပြန်နိုင်ဖို့ လိုပါတယ်။
အဲဒီလို ပဋိပက္ခတွေ ဖြစ်မလာစေဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကြိုတင် ပြင်ဆင်ခြင်းပါပဲ။ ကြိုတင်ပြင်ဆင်မှု ကောင်းလေ ပဋိပက္ခ နည်းလေပါပဲ။ အလုပ်တစ်ခုကို မစခင်ကတည်းက အသေးစိတ် ဆွေးနွေးတိုင်ပင်မှုများ၊ သဘောတူညီချက်များ ရယူထားဖို့ လိုပါတယ်။ ပထမပိုင်းမှာတုန်းက အားလုံး အေးဆေး ဆိုပြီး လွယ်လွယ် စထားရင် တကယ်တန်း နဖူးတွေ့ ဒူးတွေ့ အလုပ်ကို လွဲတော့မယ့် အချိန်မှာ Client ရဲ့ လိုအပ်ချက် အသစ်တွေ ပြဿနာ အသစ်တွေနဲ့ ပဋိပက္ခ ဖြစ်လာနိုင်ပါတယ်။ လွပ်လပ်စွာ တီထွင်ဖန်းတီးခြင်း ဆိုတာ ကောင်းမွန်တဲ့ အချက်ပါ။ ဒါပေမယ့် ဦးတည်ချက် မရှိတဲ့ လွပ်လပ်စွာ တီထွင်ဖန်တီးခြင်းမှာတော့ ပြဿနာတွေ ရှိနေပါတယ်။ မိမိ တစ်ကိုယ်တည်း ကြိတ်ပြီး တီထွင်ဖန်တီးမှုအတွက် ဦးတည်ချက်ဆိုတာ ထားစရာ လိုချင်မှ လိုမှာ ဖြစ်ပေမယ့် Client တွေနဲ့ ဆက်ဆံရတဲ့ အခါမှာတော့ ဦးတည်ချက် မရှိလို့ မဖြစ်တော့ပါဘူး။ Client ကလည် သူဘာကြောင့် လုပ်ချင်မှန်းမသိ၊ ဘာအတွက် လုပ်မှန်းမသိ၊ ကိုယ်ကလည်း လုပ်ချင်တာလုပ် ဆိုရင်တော့ ပြန်ပြင်လို့ကို ဆုံးမှာ မဟုတ်တော့ပါဘူး။
အဲဒီအပြင် Client နဲ့ ပဋိပက္ခ မဖြစ်စေရန် အခြား ဆောင်ရွက်သင့်တာ တစ်ခု ဖြစ်တဲ့
- ပရောဂျက် ရေတိမ် မနစ်စေရန် မေးသင့်သည့် မေးခွန်း ၂၀ အပိုင်း (၁)
- ပရောဂျက် ရေတိမ် မနစ်စေရန် မေးသင့်သည့် မေးခွန်း ၂၀ အပိုင်း (၂)
စတာတွေကိုလည်း လုပ်ထားဖို့ လိုပါတယ်။ အဲဒီလို မေးထားမှသာ Client နဲ့ လိုအပ်ချက်နဲ့ လိုချင်တာတွေကို ခွဲခွဲခြားခြား နားလည်နိုင်မှာ ဖြစ်ပါတယ်။
အောင်မြင်စွာ ဆုတ်ခွာခြင်း
Client နဲ့ အကြိမ်ကြိမ် ညှိနှိုင်းပေမယ့် ဘယ်လိုမှ အဆင်မပြေတော့တဲ့ အခြေအနေမျိုး ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေဆိုရင် အောင်မြင်စွာ ဆုတ်ခွာဖို့ လိုလာပါပြီ။ အဲဒီလိုမှ မဆုတ်ခွာပဲ ရှေ့ဆက်တိုးနေမယ်ဆိုရင် အချိန်ကုန် လူပန်းနဲ့ အကျိုးမရှိတော့တဲ့ အနေအထား ဖြစ်လာပြီ ဆိုပါတော့။ ဒီနေရာမှာတော့ Customer isn’t always right ပါ။ ဒါပေမယ့် ဒီအခြေအနေတွေဆိုတာ ဘယ်တော့မှ မဖြစ်သင့်တဲံ အမြဲရှောင်ရှားသင့်တဲ့ အနေအထား ဖြစ်ပါတယ်။ မလုပ်မဖြစ် လုပ်ရပြီဆိုရင်လည်း သတိကြီးစွာထားပြီး လုပ်ဖို့ လိုပါတယ်။
Client အနေနဲ့ ကိုယ့်ရဲ့ နာမည်ကို ထိခိုက်လာအောင် ဆောင်ရွက်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။ အဲဒီလို နာမည်ဖျက်တဲ့ ဘေးကလွတ်အောင် ဘယ်လို စွန့်ခွာမလဲ။ အကောင်းဆုံး နည်းကို ပြောပါဆိုရင် ရိုးသားမှုပါ။ ရိုးသားမှု ရှိဖို့ လိုပါတယ်။ Client အနေနဲ့ ကိုယ့်ကို ဘယ်လိုစကားလုံးမျိုးနဲ့ တိုက်ခိုက်ပါစေ။ ရိုးရိုးသားသား အေးအေးဆေးဆေး တုန့်ပြန်ဖို့ လိုပါတယ်။ အဲဒီလို စွန့်ခွာရတယ် ဆိုတဲ့ အနေအထားကလည်း ကိုယ့်ဖက်က ထောင်စေ့အကွက်စေ့ လုပ်ပေးနိုင်ပါလျှက် Client ရဲ့ အပြောင်းအလဲကြောင့်သာ စွန့်ခွာရတာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က Client ရဲ့ လိုအပ်ချက်ကို မဖြည့်စည်း နိုင်တာမျိုး ဆိုရင်တော့ တစ်မျိုးပါ။ အဲဒီလို အခြေအနေဖြစ်ပြီး ထွက်ပြေးတာမျိုးဆိုရင် ရိုးသားမှု မရှိတော့ဘူးလို့ ဆိုနိုင်ပါတယ်။ အောင်မြင်စွာ ဆုတ်ခွာခြင်းဆိုတဲ့ အဆင့်က ထွက်ပြေးခြင်းကို ဆိုလိုရင်း မဟုတ်ပါဘူး။
ကိုယ့်အနေနဲ့ Client နဲ့ သဘောတူညီချက် ရယူထားတဲ့ အချက်တွေနဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို တစ်ခုခြင်း ရှင်းပြဖို့လိုပါတယ်။ ကိုယ့်အနေနဲ့ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး ဖြည့်စည်းပေးထားတယ်ဆိုတာ သိသာထင်ရှားစေဖို့ လိုပါတယ်။ ဒီတော့ Client ကို ဘယ်လို ပညာသားပါပါ လမ်းခွဲမလဲ၊ လေ့လာကြည့်ရအောင်
စျေးတင်လိုက်မယ် – Client ရဲ့ ထပ်တိုးလာတဲ့ လိုအပ်ချက်တွေအတွက် သေသေချာချာ တွက်ချက်ပြီး စျေးတင်လိုက်တဲ့ သဘောပါ။ ဒီနေရာတွေအတွက်တော့ ပြီးပြီ၊ ဒါတွေ လုပ်ချင်သေးတယ်၊ ထပ်လိုချင်သေးတယ်ဆိုရင် ထပ်ပေးရမယ် စသည်ဖြင့် စျေးနှုန်း သတ်မှတ်လိုက်တာပါ။ အဲဒီလို စျေးတင်လိုက်တယ် ဆိုတာနဲ့ သေချာပါတယ်၊ Client တော့ လစ်ပြေးမှာပါပဲ။
အခြား လုပ်ရမည့် Project Schedule များကို ပြသခြင်း – ဒါကတော့ Client ရဲ့ လိုအပ်ချက်တွေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ မိမိမှာ အချိန်မရှိတော့ကြောင်း တစ်ခြား Project များနှင့် ပြည့်နှက်နေပြီ ဖြစ်ကြောင်း ပြလိုက်တဲ့ သဘောပါ။ ကိုယ့်အနေနဲ့လည်း သူအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ ပေးပြီးပြီ။ သူနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကိုလည်း ဖြည့်ဆည်းပေးပြီးပြီ။ ဒါကိုမှ မကျေနပ်သေးရင် အချိန်ထပ်ပေးရပါတော့မယ်။ အဲဒီအတွက် တစ်ခြား Project Schedule တွေပြလိုက်တာ ယဉ်ကျေးစွာ ငြင်းပယ်ခြင်း တစ်မျိုးပါပဲ။
သဘောတူညီချက်ကို ဆုတ်ကိုင်ပြီး ငြင်းဆိုခြင်း – Client အနေနဲ့ ရှေ့ဆက်ပြီး ရစ်နေမယ်။ ဘယ်လိုမှ အခြေအနေတွေကို ညှိနှိုင်းလို့ မရတော့ဘူးဆိုရင် ကနဦး သဘောတူညီချက်ကို အသေဆုတ်ကိုင်ပြီး ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့ အကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုဖို့ ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ပိုက်ဆံ ပြန်မအမ်းရဖို့အတွက် အဓိကအကျဆုံး ဖြစ်ပြီး အလုပ်နဲ့ ပတ်သက်ပြီး ကျန်ငွေတွေကို ရအောင် တောင်းရတဲ့ အနေအထားတွေ ပါလာနိုင်ပါတယ်။ ပညာရှိ ရန်ဖြစ်နည်းနဲ့ ရန်ဖြစ်ကြတဲ့ အဆင့်ပေါ့ဗျာ။
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို အကြောင်းပြ ငြင်းဆိုခြင်း – ဒါလည်း ယဉ်ကျေးတဲ့ ငြင်းဆိုမှုပါ။ ဒါပေမယ့် သိပ်တော့ မမိုက်ဘူးလို့ ထင်ပါတယ်။ အမေအသည်းအသန် ဖြစ်နေလို့ ရှေ့မဆက်နိုင်တော့ပါ။ ရွာပြန်ပြီး အဖေ့ကို ပြုစုရမှာမို့ တစ်ခြားနည်းလမ်း ရှာပါတော့ စသည်ဖြင့် ငြင်းဆိုတဲ့ နည်းပါ။ သိပ်တော့ မမိုက်ပေမယ့် အများစု အသုံးအများဆုံး တစ်ခု ဖြစ်မယ်ထင်ပါတယ်။
မလုပ်နိုင်ဘူး – ဒါကတော့ အပြတ်အသားဆုံး စကားပါပဲ။ မလုပ်နိုင်ဘူး၊ အဲဒီအတွက် ကြိုက်တာသာ လုပ်တော့လို့ ဆိုလိုပါတယ်။
အကောင်းမြင်ဝါဒနှင့် ရှေ့ဆက်ခြင်း
ဘယ်လို ပဋိပက္ခမဆို ကောင်းကောင်း ဆိုးဆိုး၊ ကျွန်တော်တို့ကို သင်ကြားပေးနေတဲ့ အရာတွေပါပဲ။ ပဋိပက္ခတွေကနေ သင်ခန်းစာတွေ ထုတ်ယူပြီး သင်ယူရမှာ ဖြစ်ပါတယ်။ အဲဒီလို ပဋိပက္ခတွေကနေ ကျွန်တော်တို့ ဘယ်လို လုပ်ရမယ်ဆိုတဲ့ နည်းလမ်းအသစ်တွေ ထွက်လာနိုင်သလို၊ ကျွန်တော်တို့ ဘာကြောင့် လုပ်ရတယ် ဆိုတဲ့ သဘောတရား အသစ်တွေလည်း မွေးဖွားလာနိုင်ပါတယ်။ အဲဒီလို ရှေ့ဆက်ပြီး နာမည်ကောင်းရှိတဲ့ ဝင်ငွေကောင်းတဲ့ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ သူတစ်ယောက် ဖြစ်လာတဲ့အခါမှာ မိမိစိတ်ကြိုက် အဖွဲ့၊ မိမိ စိတ်ကြိုက် Client တွေ ရလာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီလို မရောက်ခင် အချိန်အထိ ပဋိပက္ခဆိုရင် စိန်ခေါ်မှုလို့ သတ်မှတ်ပါ။ သင်ယူစရာဟု သတ်မှတ်ပါ။ အရေထူလာတာနဲ့ အမျှ ခံနိုင်ရည်လည်း ပိုရှိလာပြီး ရေရှည်မှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမှာ မလွဲပါလားဗျာ။
Ref: Sixrevisions မှ When Creative Conflict is a good thing ကို နားလည်သလို ပြန်ရေးထားခြင်း ဖြစ်ပါသည်။
Facebook comments:




“”"Perfectionist ဆိုတဲ့ သူတွေဆိုတာ ဘာဖြစ်ဖြစ် ၁၀၀% သေချာမှလုပ်၊ မသေချာရင် ခြင်တောင် မရိုက်နဲ့ ဆိုတဲ့ သူမျိုးတွေပါ။ ပြဿနာတစ်ခု ဖြစ်လာပြီ အငြင်းအခုန်တစ်ခု ဖြစ်လာပြီ ဆိုတာနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အမြင်ဖက်က ချဉ်းကပ်လေ့ရှိပါတယ်။ သူတို့ အာရုံစိုက်လေ့ရှိတာက ဘယ်ဟာမှန်လဲ၊ ဘယ်ဟာမှားလဲ ဆိုတဲ့ အချက်တွေပါပဲ။ သူတို့က မှားမှာ အင်မတန် ကြောက်ကြပါတယ်။ Risk Taking ဆိုရင်လည်း ၁၀၀% လျော့ချထားမှ ယူလိုကြပါတယ်။ စွန့်စားရမှာ မှားမှာ အသေကြောက်တဲ့ သူတွေပေါ့။”"”
အသက်ငယ်သေးတဲ့သူတွေမှာ တအားမတွေ့ရဘဲ ၊ အသက်ကြီးလာလေလေ အဲဒီ့ စိတ်ဝင်လာလေလေ လို့မြင်ပါတယ်။
အသက်ကြီးတဲ့သူတွေက စွန့်စားရမှာ ကြောက်လာကြတယ်။ အရာရာ ဘက်စုံတွေးမှ ကောင်းတယ်လို့ထင်ကြတယ်။ ဒါပေမယ့် လူငယ်တွေကတော့ Do or Die စိတ်ရှိကြတယ်။ ဝုန်းဝုန်းဒိုင်းဒိုင်းဘဲ…
IMO, လူကြီး ၊ လူငယ် နှစ်ဦးလုံး ပါတဲ့ Team တစ်ခုမှာ ပြဿနာပိုများနိုင်ပါတယ်။ လူကြီးဘက်က နားလည်မှုမပါဘဲ သေချာ လမ်းမညွှန်နိုင်ရင် ပိုဆိုးသွားနိုင်ပါတယ်။
ဟုတ်တယ်ဗျ sha ွပြောတာမှန်တယ် လူကြီး လူငယ် ပြဿနာကလည်း အဲဒီလို အခြေအနေတွေအပေါ် မူတည်နေတတ်တယ်