အလကားရတာ သေချာလို့လား

ကျွန်တော်လည်း အလုပ်တွေ အရမ်းများနေတာနဲ့ စာမရေးဖြစ်တာ mmtuts လည်း ခြောက်ကပ်ကပ်ဖြစ်နေပြီ။ အဲဒီလို ဖြစ်နေရင် စိတ်ထဲမှာ နေလို့ မကောင်းဘူး။ ဒါနဲ့ တစ်ခုခုတော့ မဖြစ်ဖြစ်အောင် ရေးမယ်ဆိုပြီး ဟိုးတစ်နေ့က အဖြစ်အပျက်လေး တစ်ခု ခေါင်းထဲမှာ ရှိနေတာနဲ့ အဲဒီ အကြောင်းပဲ ချရေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်လောက်က သူငယ်ချင်းတစ်ယောက် ကွန်ပျူတာတစ်လုံး ဝယ်လာပါတယ်။ ကျွန်တော့်ဆီ ကွန်ပျူတာတွေ အစုံလိုက် မလာပြီး ဘာ Software တွေလိုဦးမလဲ၊ သူ့သားတွေ သူ့သမီးတွေ သုံးဖို့အတွက် ဘာတွေ ထည့်ပေးရဦးမလဲလို့ မေးပါတယ်။ အဲဒီတော့ ကျွန်တော်လည်း စက်ကိုဖွင့်ကြည့်ပြီး Software တွေကို စစ်ကြည့်ပါတယ်။ အဲဒီမှာ တော်တော်လေးကို စုံလင်အောင် ထည့်ပေးထားတာ တွေ့ရပါတယ်။ မြန်မာစာဖောင့်တွေလည်း အစုံပါပဲ။ ကျွန်​တော် တစ်ခုသတိထားမိတာက ကျန်တဲ့ မြန်မာစာဖောင့်တွေက ရောင်းတာလား အလကားပေးတာလား မသိပေမယ့် Win Myanmar စနစ်က ဖောင့်တွေကတော့ CD နဲ့ရောင်းတာ ဖြစ်တယ်ဆိုတာ ကျွန်တော်သိနေပါတယ်။ အဲဒီမှာ အခန့်သင့် ပါနေပါတယ်။ အဲဒါနဲ့ ကျွန်တော်လဲ သူငယ်ချင်းကို မင်း အဲဒီ မြန်မာဖောင့်တွေက ဝယ်ပြီးထည့်ထားတာလား ဆိုတော့ သူက တအံ့တဩနဲ့ ဟ အဲဒါတွေက ဝယ်ရတာလား၊ ဆိုင်က ထည့်ပေးလိုက်တာလေကွာလို့ ပြောပါတယ်။ သူ့ကြည့်ရတာတော့ ဝယ်ရတဲ့ဟာမှန်း သိကို သိပုံမရပါဘူး။ ဟာကွာ မင်းကလဲ CD ရောင်းတဲ့ဆိုင်မှာတို့ တစ်ချို့ ကွန်ပျူတာရောင်းတဲ့ ဆိုင်တွေမှာ ရောင်းနေတာ မတွေ့ဘူးလားကွာဆိုတော့ ငါက ကွန်ပျူတာ သမားမှ မဟုတ်တာ ဘယ်သိမှာလဲတဲ့။ သူပြောတာလဲ ဟုတ်တုတ်တုတ်၊ သူ ဘယ်သိမှာလဲ။ ဒီတော့ သူမသိတာ အပြစ်လား၊ အလကား ထည့်ပေးလိုက်တဲ့ ကွန်ပျူတာဆိုင်က အပြစ်လား။

တကယ်တော့ သူငယ်ချင်းကို မပြောဖြစ်လိုက်တာတွေ ရှိပါသေးတယ်။ ကျွန်တော်မေးဖြစ်လိုက်တာက တစ်ခွေမှ မြန်မာငွေ ၁၅၀၀/၂၀၀၀ ခန့်သာ ရှိတဲ့ Font CD ပါ။ တစ်ခြား Windows OS တို့ Photoshop တို့ စသည်ဖြင့် အလကား ထည့်ပေးလိုက်တဲ့ Software တွေရဲ့ တန်ဖိုးကိုသာ တွက်ပြလိုက်ရင် သူငယ်ချင်း အော်ပြေးသွားနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောလိုတာက သူငယ်ချင်းလို နည်းပညာနဲ့ မရင်းနှီးတဲ့သူတွေက သူ့သားသမီးတွေကို ကွန်ပျူတာ ဝယ်ပေးတယ်။ အဲဒီမှာ အားလုံးက အလကားရနေတယ်လို့ ထင်နေကြရင် မခက်ပါလားဆိုတဲ့ အတွေးပါ။ ကွန်ပျူတာဆိုင်က Neglect (လစ်လျူရှု) လုပ်ပြီးထည့်ပေးတယ်။ ဝယ်သွားတဲ့သူက Ignorance (မသိ) ဖြစ်ပြီး ယူသွားတယ်။ Ignorance ကနေ လက်ဆင့်ကမ်းရင် Ignorance ပဲ ကမ်းမှာ သေချာပါတယ်။ ဒီလိုဆို အကျိူးဆက်က ဘာတွေ ဖြစ်လာမလဲ၊ နည်းပညာကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေ ပျက်လာပါမယ်။ နည်းပညာဆိုတာ အိုင်ဒီယာ ထုတ်ကုန်ပါ။ ပညာထုတ်ကုန်ပါ။ အဲဒီတော့ အိုင်ဒီယာကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေ ပျက်လာမယ်။ ပညာကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေ ပျက်လာမှာပါ။ အဲဒီလိုသာ သွားနေလို့ကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နည်းပညာလောကလည်း ခိုးကူးတွေ နှိပ်စက်လို့ ပျက်သလို ပျက်ကုန်မှာ သေချာပါတယ်။

သူငယ်ချင်းက​တော့ စိတ်ဝင်တစားရှိတာနဲ့ Win Myanmar စနစ်က ကိုဇော်ထွဋ်နဲ့ ပတ်သက်ရင် လေ့လာထားတာတွေ ရှိနေတဲ့အတွက် သူ့ကို ပြောပြဖြစ်ပါတယ်။ အဲဒီ Win Myanmar စနစ်ဆိုတာ မြန်မာ့ ကွန်ပျူတာ လောကမှာ Windows စနစ်အပေါ်မှာ ပထမဦးဆုံး မြန်မာစာစနစ်ကို ရအောင် စွမ်းဆောင်ပေးတဲ့သူ ဖြစ်ကြောင်း သူ နေ့မအိပ် ညမအိပ် ကြိုးစားခဲ့လို့ ခုလို ကွန်ပျူတာသုံး ပုံနှိပ်စနစ်ကို ကူးပြောင်းနိုင်ခဲ့တာ ဖြစ်ကြောင်း ပြောဖြစ်ပါတယ်။ သူငယ်ချင်းကလဲ စိတ်ဝင်စားလားပြီး မေးပါတယ်။ ဟာ ဒါဆို အဲဒီ ဖောင့်တွေ ရောင်းရတာနဲ့ ကိုဇော်ထွဋ်တို့ အရမ်းချမ်းသာ နေလောက်ပြီပေါ့တဲ့။ ကျွန်တော်လဲ ဘာပြန်ပြောရမှန်း မသိ၊ ကိုဇော်ထွဋ်ကိုသာ ပြေးပြီး မေးလိုက်ချင်မိတော့တယ်။ ဒါပေမယ့် ပြောဖြစ်လိုက်တာကတော့ မြန်မာပြည်မှာ Win Myanmar စနစ်သုံးသမျှ ကွန်ပျူတာတိုင်း ကိုဇော်ထွဋ် ပိုက်ဆံရမယ်ဆိုရင် မြန်မာပြည်မှာ ပထမဦးဆုံး နည်းပညာ သူဌေးက ကိုဇော်ထွဋ် ဖြစ်လာမယ်လို့ ထင်တယ်လို့။

ကျွန်တော်တို့တွေ မုန့်လုံးစက္ကူကပ် ဂျာအေးသူ့ အမေရိုက် တိုင်ပတ်နေတဲ့ ဘဝက တက်ကို မတက်လာတာ နှစ်တွေကြာနေပါပြီ။ မရှိလို့ မလှူ၊ မလှူလို့ မရှိဆိုသလို မတတ်နိုင်လို့ မဝယ်ရာကနေ တတ်နိုင်ရဲ့သားနဲ့ မဝယ်တဲ့ အဆင့်ကို ရောက်၊ နောက်တော့ ဝယ်ရမှန်း မသိတဲ့ အဆင့်ကို ရောက်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီတော့ မဝယ်လို့ မတိုးတက်၊ မတိုးတက်လို့ မဝယ်ဆိုတဲ့ သံသရာလည်ပါတော့တယ်။ ကျွန်တော့် သူငယ်ချင်းလို လူတွေ ဘယ်နှစ်ယောက် ရှိနေပြီလဲ။ အဲဒီလိုလူတွေက လက်ဆင့်ကမ်းလိုက်တဲ့ ကလေးတွေမှာ ဘယ်လို အသိတွေ သိသွားမလဲ။ သေချာတာကတော့ Ignorance ပါပဲ။ သိကို မသိတာပါ။ ပေးရမှန်း မသိ၊ ဘယ်လောက် တန်းဖိုးရှိမှန်း မသိ။ သူတို့အတွက် ရပိုင်ခွင့်လို့ကို ထင်လာမှာပါ။

အဲဒီလို Ignorance ဆိုတဲ့ အဆင့်ကို ရောက်နေတဲ့အခါမှာ Educate လုပ်မယ်ဆိုရင် ဘယ်လောက်ခက်တယ်ဆိုတာ လူတိုင်းသိမှာပါ။ ပထမ သိအောင်လုပ်ရပါမယ်။ Knowledge အဆင့်ကို ရောက်အောင် လုပ်ရပါမယ်။ အဲဒီလို သိပြီဆိုတာတောင် Neglect (လစ်လျူရှု) ရဲ့ ဒါဏ်ကို အလူးအလဲခံရပါဦးမယ်။ ဒါကလဲရှင်းပါတယ်။ အလကားရတယ်လို့ ထင်ထားတာကို ပိုက်ဆံသွားတောင်းတော့ မင်းက ဘာကောင်မို့ လာတောင်းတာလဲဆိုပြီး ထင်မှာ ထုံးစံပါပဲ။ အဲဒီလို Neglect ဆိုတာကို ဥပဒေတွေ ထုတ်ပြီး တားဆီးမယ်ဆိုရင်တောင် ခု သီချင်းခွေတွေလို ဖြစ်နေမှာပါ။ ဖမ်းမယ်ဟေ့ဆို သိမ်းထား၊ ပြီးတာနဲ့ ပြန်ရောင်း သံသရာ ပြန်လည်မှာပါ။

ကျွန်တော့်အမြင်အရတော့ Ignorance ဆိုတာကို တိုက်ဖျက်နိုင်ဖို့ သိအောင်လုပ်တဲ့ အပိုင်းမှာတောင် ကျွန်တော်တို့ အရမ်းကို အားနည်း နေပါသေးတယ်။ မဝယ်နိုင်လို့ ခိုးသုံးတာကို နည်းနည်း ခွင့်လွတ်လို့ရပေမယ့်၊ ဝယ်နိုင်ရဲ့သားနဲ့ ခိုးသုံးတာ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အဲဒီထက်ဆိုးတာက ခိုးသုံးထားတာကို မသိတဲ့သူတွေကို ပြန်ဖြန့်ဝေတာ ပိုးဆိုးပါတယ်။ Neglect ကနေ Ignorance ဆီကို ကူးသွားစေပါတယ်။ အနည်းဆုံး ၁၅၀၀ ပဲရှိပါတယ်။ ဝယ်ပါဆိုရင်တော့ Customer က ဝယ်မှာ သေချာနေတာကို မဝယ်ခိုင်းပဲ အလွယ် ထည့်ပေးလိုက်တာ မီးခိုးကြွက်လျောက် ထိခိုက်မှုတွေ များစေပါတယ်။

ကျွန်တော် နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်နဲ့ ပြောဖြစ်တာရှိပါသေးတယ်။ မြန်မာပြည်မှာ Android Apps Store လို ထောင်လို့ မဖြစ်နိုင်ဘူးလားလို့။ စိတ်ကူးယဉ်ဆန်တယ်ပဲ ပြောပြော၊ ချက်ချင်းလုပ် ချက်ချင်း ဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် တကယ်တန်း လုပ်မယ်ဆိုရင် အားလုံး ခိုးကူးသွားကြမှာပေါ့ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘာမှဆက်ပြောလို့ မရတော့ပါဘူး။ ယိုးဒယားမှာ ရှိတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တော့ မင်းတို့ဆီမှာ ခိုးကူးတွေ မရှိဘူးလားဆိုတော့။ ရှိတာပေါ့တဲ့။ ဒါပေမယ့် သူသိသလောက် တော်တော်များများက အမှန်အကန်ပဲ သုံးကြတယ်တဲ့။ ဒါကလဲ လာဖမ်းမှာ ကြောက်လို့ မဟုတ်ဘူးတဲ့။ ခိုးတာကြီးကို သိသိကြီးနဲ့ သုံးနေတော့ သူခိုးတွေလို မလုံဘူးတဲ့ အဲဒါနဲ့ ခိုးသုံးတောင် လူမသိအောင် သုံးကြတာကြောင့် ဖြစ်မယ်လို့ မှတ်ချက်ပေးပါတယ်။ ကျွန်တော်တို့ကော သူတို့လို ရှက်တတ်ပြီလား။ ကျွန်တော့်အထင်တော့ ရှက်ဖို့နေနေသာသာ ရှက်စရာလို့တောင် မထင်သေးပါဘူး။

တစ်ဖက်က ကြည့်ပြန်တော့လဲ သူငယ်ချင်း အပြောနဲ့ ပြောရရင် မင်းပြောမှ ငါက သိရတာလေကွာ၊ အဲဒီလိုမှန်းသိရင် ငါ ပိုက်ဆံပေးဝယ်တာပေါ့။ ဘယ်လောက်မှလဲ ကုန်တာမဟုတ်ပဲ။ နောက် သူတို့ခင်ဗျာ၊ အများကြီးကြိုးစားခဲ့ရတာ ကြိုးစားသလောက် ထိုက်တန်တာတော့ ပြန်ရသင့်တယ်ဆိုတာ ငါလက်ခံပါတယ်တဲ့။ ကဲ မိတ်ဆွေ။ သူတို့လို လူတွေကို သိအောင် သင်တို့ ဘာကြောင့် မလုပ်ကြပါသလဲ။ သိအောင် လုပ်ဖို့ဆိုတဲ့ နေရာမှာ အွန်လိုင်း၊ စာနယ်ဇင်း၊ ပညာရှင်ပေါင်းစုံ၊ ကွန်ပျူတာနယ်ပယ်က Celebrities ပေါင်းစုံက တတွတ်တွတ်ပြောနေမှ တန်ကာကျမှာပါ။ ခုချိန်မှာ လေ့လာမိသလောက် ဘယ်သူမှ မပြောကြပါဘူး။ ကျွန်တော်တို့ ပြောရင် ကျွန်တော်တို့ လူမိုက်ဖြစ်မယ့် သဘောရှိပါတယ်။ ကျွန်တော် MYiD Group ဆိုတဲ့ လူငယ်တွေ အွန်လိုင်းမှာ စုပြီး နည်းပညာ အကြောင်းတွေ ပြောကြ လှူကြနဲ့ အင်မတန် ပျော်စရာကောင်းတဲ့ အဖွဲ့လေးနဲ့ သူတို့ဆီက အက်ဒမင်တွေနဲ့ ခင်ပါတယ်။ သူတို့တွေက အစပိုင်းမှာ vBulletin ကို ခိုးထားတဲ့ဟာ သုံးပါတယ်။ ကျွန်တော်က ခိုးထားတာ မသုံးစေချင်ကြောင်း အကြံပေးတော့ နောက်ပိုင်းမှာ ဝယ်သုံးလိုက်ပါတယ်။ အဲဒီလို ဝယ်သုံးလိုက်တော့ သူတို့ရဲ့ Technical Forum တွေကို ဝင်ခွင့်ရ ပြောရေးဆိုခွင့်ရတဲ့ အတော်လေးကို ဟန်ကျသွားပါတယ်။ နောက် အဲဒီလို ဝယ်သုံးထားတဲ့အတွက် ခပ်မာမာပဲ ဟေ့ မင်းတို့က ငါ့ကို မဖြေရှင်းပေးဘူးလား။ ခုချက်ချင်း ဖြေရှင်းပေးဆိုတာမျိုးတောင် သွားလုပ်လို့ ရလာပါတယ်။

ကျွန်တော့် အတွေ့အကြုံတစ်ခု ပြောပြပါ့မယ်။ ကျွန်တော့် mmtuts အတွက် iPad, iPhone မှာ ရဖို့အတွက် WP Touch Pro ဆိုတဲ့ Plugin တစ်ခု ဝယ်လိုက်ပါတယ်။ နောက် မြန်မာစာ မြင်ရဖို့ ကိုစေတန့်ရဲ့ ကျေးဇူးနဲ့ မြန်မာစာ မြင်ရအောင် လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်က ဝယ်ထားတာဆိုတော့ သူတို့ Technical Support Team မှာ သွားအော်ပါတယ်။ အဲဒီမှာ Support ပေးတဲ့ သူတစ်ယောက်ရဲ့ အပြောကို ပြန်ဖောက်သည် ချရမယ်ဆိုရင် သူ့အနေနဲ့ Myanmar(Burma) က ဝယ်သုံးတာဆိုတော့ အံ့ဩမိကြောင်း၊ သူတို့ဆီမှာ တစ်ခုတည်းသော မြန်မာနိုင်ငံက ဝယ်တဲ့သူ ဖြစ်ကြောင်း၊ အဲဒီအတွက် မြန်မာဖောင့်ကို မြင်ရအောင် လုပ်ပေးဖို့ ကျွမ်းကျင် ပညာရှင် မရှိကြောင်း အဲဒီအတွက် ဝမ်းနည်းပါကြောင်းဆိုပြီး Message ပို့လာပါတယ်။ ကျွန်တော်ကတော့ စိတ်ထဲမှာ ကြိတ်ပြီး ဝမ်းသာနေပါတယ်။ ငါတို့ မြန်မာတွေလဲ ဝယ်သုံးတယ်ဆိုတာ သူသိသွားပြီဆိုပြီးတော့ပါ။ အဲဒီလိုသာ ဝယ်သုံးလာတာ များလာရင် ကျွန်​တော်တို့ဆီမှာ ဈေးကွက်ဆိုတာ ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ iPhone Apps တွေ တစ်ထောင်လောက် ပေးရတာ ဘယ်သူမဆို ဈေးကွက်ထဲမှာ ဝယ်သုံးနိုင်လာပါမယ်။ အဲဒီလို အွန်လိုင်း ဈေးကွက်ကြီးလာရင် ကိုယ့်နိုင်ငံကလူတွေလဲ ဝင်ကျဲလို့ ရလာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ခုတော့ Global မပြောနဲ့ Local မှာတော့ ခပ်မှိန်မှိန် ဖြစ်နေရပါတယ်။

လွန်ခဲ့တဲ့ TED@Youth ပွဲတစ်ပွဲမှာ ကိုငွေထွန်းပြောသွားတာ မှတ်မိပါသေးတယ်။ ၂၀၁၃ မှာ ကျွန်တော်တို့ နိုင်ငံအတွက် WIPO က အသက်ဝင်တော့မှာ ဖြစ်ကြောင်း အဲဒီအချိန်ကျ ခိုးထားသမျှ အကုန် တိုင်ပတ်တော့မှာ ဖြစ်ကြောင်း ပြောသွားတာပါ။ ၂၀၁၃ ဆိုတာ ဘာမှကို မလိုတော့တာပါ။ ကျွန်တော်အထင် ၂၀၀၆ ခုနှစ်က အသက်ဝင်မယ်ပြောပြီး ရွေ့လိုက်တာ ၂၀၁၃ ဆိုတော့ ဒီတစ်ခါတော့ ထပ်ရွေ့မယ် မထင်တော့ပါဘူး။ ဒီလိုပဲ အီးရော အီးရောနဲ့ ဖြစ်လာလိုက်တာ ၂၀၁၁ ရောက်လို့ ၂၀၁၃ နားကပ်တော့မယ်။ ဘာမှ ထူးခြား မလာသေးပါဘူး။ ၂၀၁၂ မှာ ကမ္ဘာကြီး ပျက်မှာပဲ ဒီတော့ မထူးပါဘူးဆိုပြီး ဆက်သုံးနေကြသလားမသိ။ အဲဒီလိုသာ ဆက်သွားနေလို့ကတော့ WIPO လည်း WACO (We All Copy Only) ဖြစ်သွာမှာ သေချာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အိုင်ဒီယာကို တန်ဖိုးမထား၊ တစ်ယောက်နဲ့ တစ်ယောက် အိုင်ဒီယာကို မလေးစား၊ Credit မပေး ခိုးယူ၊ ခိုးထားတာတွေကို ပြန်ဖြန့်၊ ဒီတော့ ကျွန်တော့် မိတ်ဆွေကို ပြောလို ပြောရမယ်ဆိုရင် သူငယ်ချင်း မင်းအလကားရတာ သေချာလို့လားလို့ ပြောရုံမှတပါး အခြား မရှိနိုင်တော့ပေ။

(မှတ်ချက် – ကျွန်တော်ကိုယ်တိုင်ပင် အမူအကျင့်တွေ အများကြီး ပြင်ရဦးမည် ဖြစ်ပါသည်။ မင်းဒါတွေ ရေးနေတာ မင်းကရော ဘယ်လောက် သန့်စင်လို့လဲလို့ မေးလာရယ် ကျွန်တော် ၆၀% သန့်စင်ပါသည်ဟု ဖြေရပါလိမ့်မည်။ လွန်ခဲ့သည့် တစ်နှစ်က ၀% ကနေ အခု ၆၀% ဆိုတော့ တော်တော်သန့်လာပြီဟု ဆိုနိုင်ပါသည်။ ဒါပေမယ့် ကျန်သည့် ၄၀% ကို သန့်စင်ရပါဦးမယ်။)

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေ ..

Facebook comments:

23 Responses

  1. saturngod says:

    So, should we go SAAS :D
    Btw, I am 80% pure more than you … LOL!!! I can’t run away from photoshop =( I use photoshop only .. hehe … other app and software that I bought or free …

  2. Alphazero says:

    ကျွန်တော့်အတွေ့အကြုံ ပြေပြမလို့ဗျို့၊ ဖြစ်ပုံက ကျွန်တော့်ကို နိုင်ငံခြားသားတစ်ယောက်က သူ့စက်ကို Windows 7 တင်ခိုင်းရော်၊ အဲသလိုနဲ့ သူကမေးတယ် “ငါက Windows 7 Original ဝယ်ပေးဖို့လိုလားတဲ့” ကျွန်တော်ကလည်း လုံးဝမလိုဘူးလို့ ကျွန်တော်လုပ်တတ်တယ်လို့ ပြောရော်။ သူကမယုံသလိုလိုနဲ့ ကျွန်တော့်ကိုကြည့်နေရော်၊ Windows 7 လည်း တင်ပြီးရော် ကျွန်တော်က Crack ဖြည်ဖို့ Crack ဖိုင်ကို ဖွင့်လိုက်ရော် English လိုဆဲထားတဲ့ စာကြီးက ပြူးနေတာပဲ။ သူက ကျွန်တော့်ကို ဘာပြောလဲ ဆိုတော့ “ဟရောင် ငါတို့တော့အဆဲခံလိုက်ရပြီတဲ့ တစ်သက်နဲ့တစ်ကိုယ် အဲသလိုအဆဲမခံရဘူးတဲ့” ကျွန်တော်က ပိုက်ဆံမပေးဘဲ Software ခိုးသုံးတာဆိုတော့ အဲသလောက်တော့ ရှိမှာပေါ့ဗျာ လို့ ပဲပြောလိုက်ရတယ်။ သူတို့ဘက်က Copy Right ကိုတန်ဖိုးထားတာ ကို အဲတော့မှ ကိုယ်တိုင်တွေ့ဘူးလိုက်တယ်။ ကျွန်တော့်ကိုတော့ Cracked Windows ကို ပြန်ဖြုတ်ချခိုင်းပြီး Original Windows 7 ကို၀ယ်ပြီး ပြန်တင်ခိုင်းပါတယ်။ ကိ

    • THIHA says:

      အဲဒီလို ဖြစ်တာ မြန်မာပြည်ထဲမှာလားဗျ၊ တကယ့်ကို လေးစားစရာ ကောင်းတဲ့ စိတ်ဓာတ်ပဲဗျာ

  3. waiphyo says:

    Ha..ha…I am only 50% .I can’t go away PS,3dsmax,autocad..;(
    But i tried for my country product is as much as i can.;)
    When our income will be cover for those software,i must buy them.

  4. Aung Aung says:

    ကျွန်တော်​တော့ ရာ​ခိုင်​နှုန်း ဘယ်လောက် သန့်​လည်း မ​ပြော​တတ်​ဘူး​ဗျ . . .
    ဝင်း​ဒိုး​က အတု၊ စီ​အက်စ် ၃ က အတု၊ ကျန်​တာ​တွေ​တော့ Free and Open source တွေ​သုံး​ဖြစ်​ပါ​တယ်။ Linux တော့ အပြိုင်​သုံး​ဖို့ စဉ်းစား​ထား​ပါ​တယ် ဘယ် distro သုံးရမယ်မှန်း မဆုံးဖြတ်နိုင်သေးလို့ပါ။
    စကားမ​စပ် Opensource မှာ​သုံး​တဲ့ free ကို​တော့ အခ​မဲ့ လို့​ဘာသာ​ပြန်​သုံး​တာ ပို​သဘောကျ​ပါ​တယ်။

  5. myintkt says:

    I can’t agreed with you, sorry :( Even if we want to buy, we simply can’t. So education is useless when there is no other option to buy legitimately. To share one of my exp, I went to buy a new iPod 4. The shop asks me for additional 30000 kyats for jailbreak and illegal apps. For 30000 kyats, I can buy about 60 apps on apple store with 0.6 US$ per app. It’s more apps than anybody will use. But we can’t cuz we don’t have credit cards.

    ps: I turn down the stupid offer from the shop and jailbreak myself and download all apps for FREE. bel ya ma lae kwa :P

    • THIHA says:

      Yeah! It’s also another looming problem. But we should keep valuable on property right. Not to be ignorance and neglect. Use it with respect. But for iPhone and iPad, I don’t know bro. :P

  6. trh says:

    ကျနော်ကတော့ လင်းနက်စ်သမားဆိုတော့ သိပ်ပြဿနာ မရှိပါ။ ဖောင့်တွေကလွဲရင် တစ်ြခားဆောဖ့်ဝဲတွေ ခိုးသုံးစရာ မလိုဘူးလို့ ဆိုရမယ်။

  7. Jia_Li (DragonVirus) says:

    ပြောရရင်တော့ခက်သား ..
    ခုဒီမှာ software တွေက official ၀ယ်လို့ရပြီဆိုပေမယ့် .. copy တွေကလည်းရှိနေသေးတော့ .. အရင်ကတည်းကအရိုးစွဲ နေတဲ့ အကျင့်တွေကပြင်မရဘူးဖြစ်နေကြတာ ..
    အရင်တုန်းကတော့၀ယ်လို့မရလို့ copy ရှာကြ … ခု ၀ယ်လို့ရတော့လည်း copy ပဲရှာနေကြတာ ..
    ခုတောင် လွန်ခဲ့တဲ့ ၂နှစ်လောက်က၀ယ်ထားတဲ့ Laptop မှာပါလာတဲ့ original vista home premium လေးကိုပဲ သုံးနေတာ .. .. home version တွေကတခြား version တွေထက်စာရင်နဲနဲလေးတော့ .. သူများတွေက window ပြန်လဲဖို့ပြောကြသေးတယ် … သူများတွေ window 7 သုံးတဲ့အချိန်မှာသုံးတော့သုံးချင်တာပေါ့ .. ဒါပေမယ့် ..original လေးကိုမဖျက်ရက်ဖြစ်နေလို့မလဲဖြစ်သေးဘူး .. ဟိုတလောက window 7 ကို upgrade လုပ်တဲ့ original CD တွေရောင်းတာတွေ့တယ် .. ဒါပေမယ့် သူတို့ကလည်း original ဆိုပေမယ့် laptop မှာပါတဲ့ CD တွေပြန်ရောင်းတာနဲ့တူပါတယ် .. ပြီးတော့ဈေးကလည်း USD 65 ဆိုတော့မ၀ယ်ဖြစ်လိုက်ဘူး ..
    ဘယ်လိုပဲဖြစ်ဖြစ်တက်နိုင်ရင် original ပဲ၀ယ်သုံးချင်တာ .. လိုချင်တာအားလုံး၀ယ်မရတာနဲ့ … မတက်နိုင်တာနဲ့ free လေးတွေပဲရှာသုံးနေရတယ် …

    ကိုစေတန်ပြောသလိုပဲ photoshop လေးကိုတော့လက်မလွှတ်နိုင်သေးဘူး .. .
    official လေးရရင်တော့၀ယ်သုံးချင်တယ် …..

    ကိုယ့်ဘာသာပြောရမယ်ဆိုရင်တော့ window original လေးနဲ့ free တွေနဲ့ ဆိုတော့ .. ၅% လောက်ပဲ clean ဖြစ်သေးတယ်လို့ပြောလို့ရတယ် ..

  8. THIHA says:

    USD 65 ဆို မဆိုးဘူးဗျ၊ ဘယ်နားမှာ ရောင်းတာလဲ

    • Jia_Li (DragonVirus) says:

      Thein Minn မှာ .. Ocean မှာပြပွဲလုပ်တုန်းကတွေ့လိုက်တာ ..
      ဒါပေမယ့် .. Dell အတွက်ပဲထင်တယ် .. အခြားဟာတွေရမရတော့မသိဘူး ..
      vista က နေ 7 ကို upgrade လုပ်တဲ့ဟာ ..
      ထင်တာကတော့ laptop နဲ့ပါလာတာတွေပြန်ရောင်းတာလားမသိဘူး ..

  9. Wai Phyo says:

    ဝယ်သင့်တယ်ဆိုလို့ အခြားတဘက် အမြင်နဲ့ပြောရမယ်ဆိုရင် မြန်မာပြည်ထုတ်ဆော့ဝဲတွေအများစုက ထုတ်ရုံသက်သက်ပဲထုတ်တာ ဝယ်တဲ့သူကိုပြန်မကြည့်ဘူး သေချာအောင် Test Run မလုပ်ဘူး။ Beta ဆော့ဝဲတောင်မထုတ်ပါဘူး။ ကျွန်တော့်ဝန်းကျင်မှာ တကယ်ဝယ်သုံးတဲ့ သူတွေကိုတွေ့ပါတယ်။ ဒါပေမယ့် After Sale Service နဲ့ ကိုယ့်ဆော့ဝဲပေါ်မှာ တာဝန်ခံမှုက တော်တော်ကို အားနည်းပါသေးတယ်။ အဲဒီအတွက် ဝယ်သုံးရမယ့်သူက ဝယ်ချင်ပေမယ့် တခုခုဖြစ်ရင် တာဝန်ယူတဲ့သဘော ဖြေရှင်းပေးတာမျိုးတွေ လုပ်မပေးခဲ့တဲ့ သာဓကတွေက ရှိခဲ့ဖူးတော့ ဘယ်သူကဝယ်သုံးမှာလဲ။ အဲဒီအပိုင်းတွေဖြေရှင်းဖို့သင့်ပါတယ်။ သေချာတဲ့ ဥပမာပြောရရင် မြန်မာစာဖောင့် ထုတ်တဲ့ ကုမ္ပဏီကြီးတခုပါပဲ တခုသော ကွန်ပြူတာပြပွဲမှာ ရောင်းလိုက်တဲ့ ခွေတွေ Windows XP SP3 မှာ ပြဿနာတက်ပြီး ဝင်းဒိုးမတက်တော့တဲ့ထိဖြစ်တာကို အသိမပေး ဘာမှမတောင်းပန်ပဲထားခဲ့တာမျိုးက လက်တွေ့ဖြစ်နေတာတွေပါ။

    I can’t type Burmese Unicode in 64bit Windows 7. So I type in Zawgyi. Sorry for this :)

    • THIHA says:

      နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ ရှုထောင့်တစ်ခုပါပဲဗျာ၊ ကျေးဇူးတင်ပါတယ်ခင်ဗျ

    • Aung Aung says:

      >>>I can’t type Burmese Unicode in 64bit Windows 7
      use NHM. u don’t even need to install :)

  10. Kaung Htet Zaw says:

    I disagree with you on certain grounds.

    You can’t really blame users with pirated softwares. I don’t know about other perspectives. But most of the apps are really out of reach for students like me. I’m also pursuing web and mobile development and I have a huge respect for developers, their hard work and their intellectual properties. But that doesn’t make me being able to afford for all the awesome softwares that I can’t live without. Most of all my Mac apps are pirated

    • THIHA says:

      ကျွန်တော်ဆိုလိုတာက မဝယ်နိုင်လို့ ဝယ်မသုံးတာကို အပြစ်မတင်လိုပါဘူး။ ဒါပေမယ့် ဝယ်နိုင်ရဲ့သားနဲ့ ရောင်းလည်း ရောင်းနေတဲ့ဟာကို အလွယ်တကူ အလကားထည့်လာတာမျိုးတွေကို ဆိုလိုပါတယ်။ ဥပမာ – Win-Myanmar ရဲ့ Font CD လိုမျိုးပေါ့။ မဝယ်နိုင်လို့ Pirate သုံးတယ်၊ ဒါပေမယ့် အဲဒီလို Pirate သုံးတယ်ဆိုရင် ရေရှည်သဘော မဆောင်ပါဘူး။ ကျွန်တော့် ဆရာတွေ လက်ထက်ကလည်း ခိုးသုံးတယ်၊ ကျွန်တော်တို့ လက်ထက်လည်း ထိုနည်းလည်းကောင်း ခိုးတာပဲ၊ နောက်မျိုးဆက် ရောက်တော့လည်း ခိုးတာပဲဆိုရင် အိုင်တီမှာ အိုင်ဒီယာတွေ အလုပ်ဖြစ်လာဖို့ မမြင်ပါဘူး။ ခိုးပေးမယ့် အသိလေးနဲ့ ခိုးမယ်၊ နောက်တော့ တတ်နိုင်သမျှဝယ်မယ်၊ နောက်တော့ လုံးဝဝယ်သုံးမယ်ဆိုတဲ့ အဆင့်ကို သွားရမှာပါ။ အဲဒီလို သူများဟာကို ဝယ်မှာ ကိုယ့်ဟာလဲ ရောင်းလို့ရမယ် ထင်ပါတယ်။
      နောက် ကျွန်တော်တို့ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပြီး အဲဒီလို ပညာကို ခိုးတာလောက် အပြစ်ကြီးတာ မရှိတာကို ဘာဖြစ်လို့ အလွယ်တကူ လုပ်နေကြသလဲ မသိဘူးဗျ။ ကျွန်​တော် စိုးရိမ်တာက သိသိကြီးနဲ့ ခိုးနေတာတဲ့ အဆင့်ကနေ ခိုးမှန်း မသိတော့တဲ့ အဆင့်ရောက်သွားမှာကိုပါ။ ခု ကျွန်တော့် သူငယ်ချင်းဗျာ၊ Win Myanmar Font Pack ကို စက်ဝယ်တာနဲ့ ပါတယ်လို့ ထင်နေတယ်၊ အဲဒီမှာ မသိပဲနဲ့ ခိုးမိတဲ့ အဆင့်​ရောက်သွားပြီ။ သူက သူ့ကလေးတွေ မေးရင် မြန်မာဖောင့်တွေက စက်ဝယ်တာနဲ့ ပါလာတာပဲလို့ ပြောလိုက်ရင် သူ့ကလေးတွေက ရပိုင်ခွင့်လို့ ထင်သွာမယ်။ ခိုးထားမှန်းတောင် သိမှာ မဟုတ်တော့ဘူး။

  11. frozencity says:

    In my opinion, I think this is happened because we have lack of original resources, All of my software in my laptop are pirates. I’m planning to buy an Antivirus which, I think, is an original. I can’t find any other useful applications that are not pirates.

  12. Mg phyo says:

    I want to say; Are you see the “Social Network” movie?
    The facebook founder of Mark Zuckerberg is stole the Idea of his friends but they give the money finally. And then his partner friend want to get more money. I think we should see that film all of Myanmar people.

  13. APK says:

    NO VISA, NO MASTER, NO PAYPAL, NO EPASSPORTE, NO EDUCATION, NO HUMAN

  14. APK says:

    Hello Ko Thiha,

    I’ve lost your number.
    pls leave it via my mail.

    Rgds,
    Pauk Gyi

  15. naung naung says:

    original လည်း၀ယ်သုံးချင်ပါတယ်။
    ထွက်သမျှအခွေတွေလည်း သုံးချင်ပါတယ်။
    ဒါပေမဲ့ လစာလေး ၆၀၀၀၀၊၇၀၀၀၀ လောက်နဲ့တော့ original ၀ယ်မသုံး နိုင်သေးတော့ စိတ်မကောင်းတော့ၿဖစ်မီတယ်ဗျ။

  16. mgpyone says:

    SuperUser က အဖြေမှာ Pirated software link သွားတင်မိလိုက်တာ ဝိုင်းပြီး vote down လုပ်လိုက်တာကို သတိရမိသေးတယ် :D

    ခုတော့ ရုပ်ရှင်ရယ် သီချင်းရယ်က လွဲရင် ကျန်တာ အလကား ရတာ ရှာသုံးပါတယ်။ စိတ်ထဲ မရှင်းလို့တော့ မဟုတ်ပါဘူး.. သုံးချင်လို့ သုံးတာပဲ .. Mac ရော Windows ရော. အရင်တုန်းက TextMate မှပဲ သုံးတယ်.. ခုတော့ TextWraggler ဒါမှမဟုတ် Vi နဲ့ ကြိုးစားကြည့်တာပဲ… VLC ကို ရုပ်ရှင် ကြည်ဖို့သုံးတယ် iTunes ကို သီချင်းအတွက် .. Photoshop လား..မသုံးတော့ဖူး .. တတ်နိုင်သမျှ မသုံးဖို့ ရှောင်တယ်.. ပုံ crop လုပ်ချင်တယ်လား M$ Paint နဲ့ ဖြတ်လိုက်တယ်.. Gimp လည်း သုံးတယ်.. မသုံးလို့ မဖြစ်လို့ သုံးကြရမယ်ဆို သုံးရတာပဲဗျ.. choice မရှိဖူး.. IE 6, OpenOffice ကို ခု မသုံးချင်လည်း သုံးနေရတာပဲ..

    အလကား ရတာတွေလည်း ကောင်းတယ်ဆိုတာကို လူတွေ သိဖို့ လိုမယ် ထင်တာပဲ. ပိုက်ဆံ ပေးဝယ်ရတဲ့ဟာနဲ့ ယှဉ်ရင်တော့ ဟ နေမှာပေါ့.. တကယ်အသုံးလိုတဲ့ဟာမျိုးကိုတော့ ၀ယ်ဖို့ အားပေးပါတယ်ဗျာ.. ( ကျွန်တော်တော့ HotFile တစ်နှစ်စာဝယ်ပြီး ရုပ်ရှင်တွေ ဒေါင်းလုပ်ဆွဲတယ် ဟမ်.. :D )

  17. knwin says:

    I agree with you ko thi ha. You talked about Win font. Actually most laptop are pre-loaded with pirate OS in Myanamr and the sale people do not explain it very well and as if it were a present for the buyer.
    For home use, i think there are enough free staff from OS to application. But normal people are not used to non-windows OS.
    and there is no training i heard that teach like open source office suite.

Leave a comment


*