Online Learning အကြောင်း
Mysteryzillion မှာ ကျွန်တော် ပြောဖို့ စီစဉ်ထားတဲ့ Online Learning အကြောင်းနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင်ထားတာတွေကို ဒီမှာလည်း တစ်ခါတည်း ဖောက်သည်ချချင်ပါတယ်။ အဲဒီလို ပြောခွင့်ရတဲ့အတွက် MZ ကို ကျေးဇူးတင်ကြောင်းလည်း ပြောချင်ပါတယ်။
ဟိုယခင်က Learning
ယခု Online Learning
ကျွန်တော် Learning နဲ့ ပတ်သက်ပြီး သတိရမိတာ တစ်ခုရှိသည်။ ယခင်က သူငယ်ချင်းများနှင့် အင်္ဂလိပ်စာ လေ့လာကြတုန်းက ဖြစ်သည်။ စာအုပ် အဟောင်းတန်းကို နေ့စဉ်လိုလို ရောက်ဖြစ်သည်။ အင်္ဂလိပ် ဝထ္တုကြီးတွေ တစ်အုပ်ပြီး တစ်အုပ်ဝယ်သည်။ ဆရာက ဘယ်စာအုပ် ကောင်းသည်ဆို လျှင် ပြေးဝယ်လိုက်ပြန်သည်။ ဒီလိုနဲ့ စာအုပ်စင်ကြီး ပြည့်လာသည်။ ဒါပေမယ့် တစ်အုပ်မှ ရေရေရာရာ မဖတ်ဖြစ်၊ တကယ်ဖတ်ဖြစ်သည်က Reader’s Digest။ ဒါတောင် ဟာသတိုလေးများသာ အဓိက ဖတ်ဖြစ်သည်။
နောက် Online မှာ ကျင်လည်လာတော့ စာအုပ်တွေနဲ့ ပတ်သက်ရပြန်သည်။ ဒီတစ်ခါတော့ အဟောင်းတန်းသွားစရာ မလိုတော့ ကွန်ပျူတာ ရှေ့ထိုင်လိုက်သည်။ ပြီးရင် ဟိုနေရာက စာအုပ်တွေဒေါင်း၊ ဒီနေရာက စာအုပ်တွေဒေါင်းနှင့် HDD တွေ ပြည့်လာသည်။ စာအုပ်တုန်းက ပိုက်ဆံရှိမှသာ ဝယ်လို့ရတော့ စာအုပ်စင်တစ်ဆင့် ပြည့်ဖို့ အချိန်အတော်ယူရသည်။ Online မှာတော့ 10G ရှိသော HDD နေရာအတွက် အချိန် ဘယ်လောက်မှ မယူလိုက်ရ။ သေချာတာတစ်ခုကတော့ အပြင်မှာ စုသည်ထက် ပိုများသည်။ PHP ဆိုလျှင်လည်း စာအုပ်ပေါင်းစုံ၊ သူက ASP.NET ဆိုတော့လည်း လိုက်ဒေါင်းလိုက်ပြန်သည်။ ဟိုက ROR ဆိုတော့လည်း လာထား။ ဒါပေမယ့် အရင် စာအုပ်များနှင့် လေ့လာသည်နှင့် တူသည့် အချက်တစ်ခု ရှိသည်။ အဲဒါကတော့ ဘာစာအုပ်မှာ သေသေချာချာ မဖတ်ဖြစ်ဆိုသော အချက်ဖြစ်သည်။
စာအုပ်တွေ တစ်ပုံတစ်ပင်
PDF တွေ တစ်ပုံတစ်ပင်
ဒီလို အဖြစ်မျိုးကို Online Learner တိုင်း ကြုံဖူးကြမည် ထင်သည်။ တကယ်တော့ စာအုပ်စုတတ်သည့် ဝါသနာသည် ကောင်းသော အလေ့အထ တစ်ခုသာ ဖြစ်သော် စုသာစု ပြီး မဖတ်သော် ဘာမှမထူးဟုသာ ဆိုရမည်။ အင်္ဂလိပ်စာလေ့လာတုန်းက သူငယ်ချင်း တစ်ယောက် အကြောင်းကို သတိရမိသည်။ သူငယ်ချင်း၏ အဖိုးဖြစ်သူက အင်္ဂလိပ်စာအုပ်များ၊ မြန်မာစာအုပ်များ စုတာလည်း ဝါသနာပါသလို၊ စာဖတ်တာလည်း အင်မတန် ဝါသနာပါသည်။ ဒီတော့ သူငယ်ချင်းက သူ့အဖိုးစာအုပ်စင်မှ စာအုပ် အထူကြီးတွေ တစ်နေ့ တစ်အုပ်လောက် ယူလာသည်။ ယူလာတာ ဘာကြောင့်လဲလို့ မေးကြည့်တော့ လူရှိန်အောင်ဟု ပြောသည်။ ကောင်မလေးတွေ အထင်ကြီးအောင်လည်း ပါမည်ထင်သည်။
ကျွန်တော့်အထင် စုတာက တစ်ဖက် လေ့လာတာက တစ်ဖက် ထားသင့်သည်။ စာအုပ်ပဲ လေ့လာလာ၊ PDF ပဲ ဖတ်ဖတ် အဓိကကျသော အချက်ကတော့ စာဖတ်ဖို့သာ ဖြစ်သည်။ စာဖတ်သည့်အခါမှာတော့ တစ်ယောက်တစ်မျိုး မတူကြ။ ဟိုးယခင် ဆရာကြီးများကတော့ စာအုပ်များကို အနည်းဆုံး သုံးအုပ်လောက် ပြိုင်ဖတ်ကြောင်း သိရသည်။ တစ်အုပ်ငြီးငွေ့ရင် တစ်အုပ်ပြောင်းဖတ်၊ ဒီလိုနဲ့ သုံးအုပ်လုံးပြီးအောင် ဖတ်သွားခြင်းမျိုး ဖြစ်သည်။ ဒါပေမယ့် အွန်လိုင်းမှာ နည်းပညာ လေ့လာသူတွေအနေနဲ့ အဲဒီလို လုပ်လို့ မဖြစ်ဟု ကျွန်တော့်အတွေ့အကြံုအရ သိရသည်။ တစ်အုပ်ကို သေသေချာချာ ဖတ်ပြီးလေ့ကျင့်ပြီးမှသာ နောက်တစ်အုပ်ဖတ်သင့်သည် ထင်သည်။ တစ်ခုတော့ ရှိသည်။ စာအုပ် Level ချင်း တူနေရင်တော့ ပြိုင်ဖတ်လို့ ရကောင်း ရနိုင်ပါသည်။ ကျွန်တော့် အတွေ့အကြံုအရ Level တူလျှင် စာတွေလည်း တူနေတတ်သည်။
ကျန်တာတွေတော့ MZ ပွဲကို လာရင်း နားထောင်ဖို့ ဖိတ်ခေါ်လိုပါသည်။ MZ ပွဲပြီးသွားမှာ ကျွန်တော် ဒီမှာ ပြန်တင်ပေးပါ့မယ်ခင်ဗျာ … ကြော်ငြာဝင်တာ ဆိုပါတော့။ MZ ရဲ့ သုံးနှစ်မြောက် နှစ်ပတ်လည်ပွဲကို လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။
MZ 3rd Anniversary
Place : Thamada Hotel Business Suite
Time : 10:00AM – 5:00 PM
Date : 25/4/2010 Sunday
Facebook comments:







အကိုရေ MZ မှာ ဆွေးနွေးပေးသွားတာကို
အသက်ရှင်လျှက်လာနားထိုင်ပါတယ်
အကို့ site ကနောက်ဆို ပိုက်ပိုက်တောင်းမှာမဟုတ်လား
အကို site နဲ့ mz ရည်ရှည်ရပ်တည်နိုင်ပါစေ လို့
ဆုတောင်းပေးပါတယ် trust(mz member)
Myanmar Tutorials က ပိုက်ဆံမတောင်းပါဘူးဗျ။ Portfolio တွေတော့ လုပ်နေတယ်။ အဲဒါတော့ Commercial လုပ်ဖြစ်မယ်။ ဒီဘလော့ကတော့ နည်းပညာတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့ အမြဲ ဒီအတိုင်းဆက်သွားမှာပါ။