Online Learning အကြောင်း
Online Learning အကြောင်းကို MysteryZillion ရဲ့ သုံးနှစ်မြောက် နှစ်ပတ်လည် အဖြစ် သမ္မတဟိုတယ် Egress Hall မှာ ကျင်းပတော့ ပြောဖြစ်ပါတယ်။ Online Learning အကြောင်းကို မပြောခင်မှာ MysteryZillion အကြောင်းကို နည်းနည်း ပြောဖြစ်ပါတယ်။ အင်တာနက်ကို Chatting လောက်သာ အဓိကထားသုံးနေကြတဲ့ အချိန်မှာ Blogging နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကိုညီလင်းဆက် ကို အမှတ်တရရှိနေရမှာ ဖြစ်သလို နည်းပညာ သီးသန့်ဖိုရမ်များကို မိတ်ဆက်ပေးခဲ့တဲ့ ကိုစေတန် ကိုလည်း အမှတ်တရ ရှိနေရမှာ ဖြစ်ပါတယ်။ ဘလော့တွေက Online Learner များအတွက် အကောင်းဆုံး လမ်းစတွေကို ဖော်ဆောင်နိုင်ခဲ့သလို နည်းပညာသီးသန့် ဖိုရမ်ဖြစ်တဲ့ MysteryZillion ကလည်း နည်းပညာလေ့လာ သူများအတွက် မြန်မာလို ရေးသားနိုင်သော နည်းပညာ ဖိုရမ်အဖြစ် Online Learner များအတွက် တံခါးတစ်ချပ်ကို တွန်းဖွင့်ပေးခဲ့ပါတယ်။
Online Learner များ မဖြစ်ခင်က ရိုးရိုး Learner များအနေနဲ့ အထူးသဖြင့် နည်းပညာ သမားများအတွက် စာအုပ်များကိုသာ အဓိကထားအားကိုး ခဲ့ကြရသည်။ အော်ရီဂျင်နယ် စာအုပ်တွေက စျေးကြီးတော့ ကော်ပီဆွဲထားတဲ့ စာအုပ်တွေကို အားကိုးခဲ့ရပေမယ့် တကယ် ကိုယ်လိုချင်တဲ့ စာအုပ်ထက် သူတို့မှာရှိတဲ့ စာအုပ်ကိုပဲ အဓိကထား ဖတ်ခဲ့ရသည်။ ရွေးချယ်စရာ သိပ်မရှိလှ။ Help File လေး ဖတ်လိုက် စမ်းလိုက်နဲ့ လေ့လာခဲ့ကြတယ် ဆိုတာ အားလုံး အမှတ်ရနေဦးမယ် ထင်ပါသည်။
နောက်ပိုင်း Online ကို အသုံးပြုခွင့် ရလာတဲ့ အခါမှာတော့ Free တွေကလည်း တစ်ပုံကြီး၊ E-Book တွေကလည်း တစ်ပုံကြီး စသည်ဖြင့် Resources တွေ အရမ်းများလာ ပါတော့သည်။ ရွေးချယ်စရာတွေ များလွန်းလို့ ဘယ်ဟာ ရွေးရမှန်းကို မသိတော့တဲ့ အခြေဆိုက် ပါတော့သည်။ ဒီတော့ ကျွန်တော် အမှတ်ရမိတာ တစ်ခုရှိသည်။ အင်္ဂလိပ်စာကို လေ့လာခါစက။ စာအုပ် အဟောင်းတန်းတွေ တစ်ပတ်ကို နှစ်ခါလောက် အနည်းဆုံး မွှေဖြစ်သည်။ မုန့်ဖိုးလေးစု စာအုပ်လေးဝယ်၊ အင်္ဂလိပ် ဝတ္ထုစာအုပ်တွေ့လည်း ကြားဖူးတဲ့ စာရေးဆရာဆို ဝယ်ဖြစ်သည်။ ဒီလိုနဲ့ စာအုပ်တွေဝယ် အိမ်က စာအုပ်စင်မှာထည့်၊ တစ်အုပ်ပြီး တစ်အုပ်နဲ့ စာအုပ်စင်ကြီး ပြည့်လာပါတော့သည်။ Online အသုံးပြုခွင့်ရတော့လည်း ထိုနည်း လည်းကောင်း။ E-Book တွေ တွေ့သမျှလိုက် ဒေါင်းသည်။ သူငယ်ချင်း ကောင်းမှု အကြောင်းပြုပြီး Rapidshare လည်း ရှိတော့ လာထား တစ်အုပ်ပြီး တစ်အုပ်၊ သူများက .Net ဆို .Net စာအုပ်တွေ ဒေါင်းသည်။ PHP ဆိုတော့လည်း မျိုးစုံ၊ ROR ဆိုတော့လည်း ပုံစံမျိုးစုံ Download ချသည်။ ပိုက်ဆံ မပေးရတော့ ပိုဒေါင်းဖြစ်တာလည်း ပါသည်။ ဒါပေမယ့် အရင်တစ်ခါ စာအုပ် ဝယ်စုတုန်းကနှင့် ယခု Online မှာ စု သည့်အခါ တူသည့်အချက် တစ်ခု ရှိသည်။ အဲဒါကတော့ တစ်အုပ်မှာ သေသေချာချာ မဖတ်ဖြစ်ခြင်းပင် ဖြစ်သည်။
E-Book ကတစ်ဆင့် သင်ယူခြင်းသည် အမှန်တကယ်တော့ Online Learning စစ်စစ်မဟုတ်ပါ။ Online မှာ တက်ပြီး စာအုပ်ရှာတာလည်း ဖြစ်နိုင်သလို CD အရောင်းဆိုင်များမှ ဝယ်ပြီး လေ့လာတာလည်း ဖြစ်နိုင်သည်။ E-Book များကို မည်ကဲ့သို့ လေ့လာသင့်သည် ဆိုသော အချက်ကိုတော့ How to learn from e-book Part I နဲ့ How to learn from e-book Part II ဆိုပြီး နှစ်ခု ရေးခဲ့ပြီး ဖြစ်သည့်အတွက် ရေးစရာ မလိုတော့ ဟုထင်သည်။
Online Learner
အဓိက ပြောလိုသည်က Online Learning။ Online Learning အကြောင်း မပြောခင် Online Learner တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်း ပိုင်းကို အရင်ပြောလိုပါသည်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ အတွေ့အကြုံကို အခြေခံပြီး ပြောသည့်အတွက် ပြည့်စံချင်မှ ပြည့်စုံပါလိမ့်မည်ဟု ဝန်ခံပါသည်။
Self-learning
Online Learner တစ်ယောက်အနေနဲ့ Self-learning အလေ့အထကို အရင်ဆုံး လေ့ကျင့်ဖို့လိုသည်။ Self-learning ဆိုတာ ပြောရလွယ်သလောက် ကိုယ်တိုင် လုပ်ကြည့်သည့် အခါ မလွယ်ကြောင်း လူတိုင်း သိပါလိမ့်မည်။ သင်တန်းတက်ခြင်း အလေ့အထကိုသာ အဓိကထား နေသူအတွက် Self-learning လုပ်ဖို့ အခက်အခဲများစွာ တွေ့ရတတ်သည်။ သင်တန်းတက်သည့် အချိန်တွင် ကိုယ်မသိတာကို ဆရာ့မေးလိုက်လျှင် ရသော်လည်း Self-learning တွင်တော့ ကိုယ်တိုင်ရှာဖွေရတော့မှာ ဖြစ်သည်။ ဒီအတွက် စိတ်ဓာတ်ကျစရာတွေ စိတ်ပျက်စရာ တွေ တစ်ပုံတစ်ပင် ကြံုတွေ့ရမှာ ဖြစ်သည်။ Self-learning အလေ့အထကို အသားကျသည်အထိ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ထားမှသာ Self-learner တစ်ယောက် ဖြစ်နိုင်မှာ ဖြစ်သည်။
Self-paced Training
Online Learner တစ်ယောက်အနေနဲ့ နောက်ထပ် လေ့ကျင့်သင့်သည့် အလေ့အထ တစ်ခုကတော့ Self-paced Learning ဖြစ်သည်။ ကိုယ့်ဘာသာကိုယ် ပန်းတိုင်ချ၊ ကိုယ့်ဘာသာကိုယ် ရောက်အောင်သွား။ နောက်တစ်ခု ထပ်ချ ရောက်အောင်သွား ဆိုတော့ ပုံစံဖြင့် ချဉ်းကပ်ရ လေ့ရှိသည်။ တစ်ခြားမည်သူ တစ်ဦးတစ်ယောက်ကမျှ ကိုယ်ပန်းတိုင်ကို ချမှတ်ပေးမှာ မဟုတ်သလို မည်သူ တစ်ဦးတစ်ယောက်ကမျှ မိမိ ပန်းတိုင်ကို အသိအမှတ် ပြုမိမှာ မဟုတ်ပါဘူး။ Put First Things First ဆိုသလို ဦးစားပေးအဆင့်တွေ စီပြီး တစ်ခုချင်း အောင်မြင်အောင် ဆောင်ရွက်ရမှာ ဖြစ်သည်။
Self-motivation
Online Learner တစ်ယောက်အနေနဲ့ Self- နဲ့ စကားလုံး တော်တော်များများကို လိုက်နာရမှာ ဖြစ်သည်။ Self-motivation ကတော့ အရေးအပါ ဆုံးဖြစ်မည် ထင်သည်။ Self-learner ဖြစ်ခြင်းကြောင့် တစ်ခါတစ်လေ အခက်အခဲများ ပြဿနာများ ဖြေရှင်းရသည့်အခါ စိတ်ဖိစီးမှုများ ခံစားရလာ နိုင်သည်။ ပြဿနာ၏ အဖြေကို ရှာမရသောအခါ ပိုဆိုးသည်။ စိတ်ဓာတ်တွေ ကျလာသည်။ စိတ်တူကိုယ်တူ သူငယ်ချင်းများ ရှိလျှင်တော့ တော်သည်။ မရှိပါက အားပေးနှစ်သိမ့်မည့်သူမရှိ တစ်ယောက်တည်း အထီးကျန်ဆန်လာတော့သည်။ တစ်ခါတစ် လုပ်နေရင်း လမ်းပျောက်သွား တာမျိုးလည်း ရှိသေးသည်။ Self-learner အတွက် အကောင်းဆုံး နည်းကတော့ Self-motivation သာ ဖြစ်သည်။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုသလို၊ မိမိဘာသာ အားပေးပေတော့။ မိမိဘာသာ စိတ်ဓာတ် မြှင့်တင်ရမည်။ မိမိကိုယ်ကို စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာ နည်းလမ်းကောင်းများကို အသုံးချပြီး စိတ်ဓာတ်မြှင့်တင်ထားမှသာ ရှေ့ဆက် စခန်းသွားလို့ရမှာ ဖြစ်သည်။
Self-assessment
ဒါကတော့ မိမိဘာသာ အကဲဖြစ်မှု ဖြစ်သည်။ သင်တန်းသွားတက်ရင်တော့ အကဲဖြတ်သည့် ကိစ္စကို သင်တန်းက ဆောင်ရွက် ပေးမှာ ဖြစ်သည်။ ကိုယ့်ဘာသာ လေ့လာတဲ့အခါမှာတော့ မိမိဘာသာ အကဲဖြတ်ရတော့မည် ဖြစ်သည်။ တစ်ခြားသူများက အကဲဖြတ်ပေးသည့်အခါ လက်ခုတ်လက်ဝါး တီးပြီး အသိအမှတ် ပြုနိုင်သည်။ Certificate ဆိုသည့် အရာများဖြင့် အသိအမှတ် ပြုပေးနိုင်သည်။ ဒီတော့ ပတ်ဝန်းကျင်ဆိုင်ရာ Recognition များ ရှိသည့်အတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝမ်းမြောက်စရာများ ရှိသည်။ ကိုယ့်ဘာသာ လေ့လာသည့်အခါမှာတော့ ထိုသို့သော အသိအမှတ် ပြုမှုများ မရှိတော့။ မိဘ၊ ညီအကို မောင်နှမများ၏ ကဲ့ရဲ့ပြစ်တင်မှုများပါ ခံလာရနိုင်သည်။ “မင်း လုပ်နေရတာ ဘာတွေလဲ၊ ပိုက်ဆံကော ရရဲ့လား၊ ဘာရမှာလဲ” စသည့် မေးခွန်းများ မေးလာသည့်အခါ အကျပ်ရိုက်တော့သည်။ ထိုအတွက် အကောင်းဆုံး အဖြေက မိမိဘာသာ အကဲဖြတ်ပါဟုသာ ဆိုချင်သည်။ သူများအကဲဖြတ်တဲ့ အချက်တွေအပေါ်မှာ မှီခိုနေတာတွေ လျော့ချပါ။ Self-assessment ကို အဓိကထားပါဟု ပြောရမည်။ ဒါပေမယ့် ကိုယ်လေ့လာတာတွေကို အများက အသိအမှတ်ပြုနိုင်စရာ နည်းလမ်းများလည်း ရှိပါသည်။ MCSE လို Certificate Exam များ ဝင်ဖြေခြင်းမျိုး ကိုလည်း ဆောင်ရွက်နိုင်သည်။
Online Influencing Power
အပေါ်မှာ ပြောသွားသည့် အချက်များသည် Online Learner များမှမဟုတ် အခြား Learner များအတွက်ပါ အရေးပါသော အချက်များ ဖြစ်သည်။ Online Influencing Power ကတော့ Online Learner များအတွက် သီးသန့် ရှိရမည့် အရည်အချင်း ဖြစ်သည်။ Online ကို ကောင်းကောင်း သုံးတတ်ဖို့ လိုသည်။ Online ကို ကောင်းကောင်း သုံးတတ်သည် ဆိုရာတွင် Chatting သုံးတတ်ရုံ E-mail သုံးတတ်ရုံဖြင့် မလုံလောက် Search Engine ကို ကောင်းကောင်း အသုံးချတတ်ဖို့ လိုသည်။ Blogging၊ Forums စသည်တို့နှင့် အကျွမ်းတဝင်ရှိဖို့ လိုသည်။ ITunes နှင့် အခြား လေ့လာရေးဆိုင်ရာ WebSite များကို အကျွမ်းတစ်ဝင် ရှိရမည် ဖြစ်သည်။ Online Influencing Power မြင့်လေလေ၊ ကိုယ် Online တွင် သင်ယူနိုင်သည့် Power မြင့်လေလေဟု ဆိုရမည် ဖြစ်သည်။
Drawbacks
အားနည်းချက်များအနေနှင့် ပြောရမည်ဆိုလျှင် အပေါ်က အချက်များတွင် ပါဝင်ပြီး ဖြစ်မည်ထင်သည်။ အများသူငါ ညီအကို မောင်နှမ ဆွေမျိုး သားချင်းများ၏ အသိအမှတ်ပြုမှု အားနည်းတတ်သည်။ အပြင်က အသိအမှတ်ပြုခံရမှု ကင်းမဲ့နေတတ်သည်။ ကိုယ်စိတ်ဝင်စားရင် စိတ်ဝင်စားသလို လေ့လာနေတတ်သည့်အတွက် Time Management အောက်နေတတ်သည်။ နေ့နဲ့ ညမှားပြီး အချိန်တွေ လွဲနေတတ်သည်။ နောက်ဆုံး သတိထားရမည့် အချက်ကတော့ Team Collaboration အပိုင်းဖြစ်သည်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှုများ ခေါင်းပါးလာတတ်သည်။ တစ်ယောက်တည်း ကြိတ်နေသည့်အတွက် လူမှုပေါင်းသင်းဆက်ဆံရေးတွက် ထိခိုက်လာနိုင်သည်။
အပိုင်း (၂) ဆက်လက်ဖတ်ရှုပါရန် ….
Facebook comments:




ပွဲနေ့ကတည်းက ကိုပီဇီပြောတာကို သဘောကျခဲ့တာ အခုလိုမျိုးစာသားနဲ့တကွပြန်လည်ဖတ်ရှုရတော့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီwww.myanmartutorials.com ကနေ နေ့စဉ်နဲ့အမျှပညာတွေရပါတယ်။ နေတိုင်းတိုင်း post အသစ်တွေတင်သလို တင်တဲ့ပိုစ်တိုင်းကလည်း အသုံးဝင်ပါတယ်။ အခွင့်ရမယ်ဆိုရင် အကီနိုလည်း ဝင်ရောက်ဝေမျှချင်ပါတယ်။
ဝင်ရေးမယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့ဗျာ … Myanmar Tutorials က Tutorials တွေကို အဓိကထားတယ် ဆိုပေမယ့် တစ်ခြား အကြောင်းအရာတွေလည်း အစုံရေးစေချင်နေတာ … myanmartutorials(at)gmail.com ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော် အကောင့်ဆောက်ပေးမယ်ဗျ။
Openly to say, MZ and its related persons are the masters for me, I even forget to close my mouth to read MZ and its related sites. Thanks a lot.