ကုဒ်ဒါတွေအတွက် အမူအကျင့် (၅) ရပ်

ဒီနေ့လည်း ထုံးစံအတိုင်း Sixrevisions ကို ရောက်ဖြစ်ပါတယ်။ ရောက်ဖြစ်တိုင်းလည်း သဘောကျစရာ ကောင်းတာတွေပဲ တွေ့ရပါတယ်။ တကယ့်ကို လေးစားအားကျဖို့ ကောင်းတဲ့ အရေးအသားတွေပါပဲ။ ခုလည်း ကုဒ်ဒါတွေအတွက် အမူအကျင့် (၅) ရပ်ဆိုတဲ့ ဆောင်းပါးကို သဘောကျမိပါတယ်။ ဖတ်ထားသင့်တယ်လို့ ယူဆအတွက် ဖတ်ဖြစ်ပါတယ်။ ဖတ်စေချင်တဲ့အတွက် ဘာသာပြန်ဖြစ်ပါတယ်။ အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ပါစေ။

ကျွန်တော်တို့ ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ တိုးတက်မှုတွေ ရှိစေချင်ကြတာ ထုံးစံပါပဲ။ Web Development နယ်ပယ်မှာ အချိန်အများဆုံး အသုံးပြုရလေ့ရှိတဲ့ နေရာကတော့ Code တွေ ရေးတဲ့အချိန်ပါ။ အဲဒီလို Code ရေးတဲ့ နေရာမှာ HTML, CSS, JavaScript, PHP, Python, ActionScript စသည်ဖြင့် အခြား Language တွေလည်း အများကြီး ရှိကြပါတယ်။ ကိုယ် Web Site ရေးတဲ့နေရာမှာ သုံးတယ်ပေါ့။

အဲဒီလို Website တွေအတွက် Coding တွေရေးတဲ့ နေရာမှာ ပိုပြီး ထိရောက်စေဖို့ရယ်၊ Coder ကောင်းတစ်ယောက် ဖြစ်စေနိုင်ဖို့ရယ် စတဲ့ အချက်တွေ အတွက် ဒီ အာတီကယ်ကို ရေးရခြင်း ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို တိုးတက်ရာ တိုးတက်ကြောင်း အထောက်အပံ့ကောင်း ဆိုရင်လည်း မမှားပါဘူး။ ကျွန်တော့် အနေနဲ့ အချက် (၅)ချက်ကို အဆိုပြုချင်ပါတယ်။ ကုဒ်ဒါကောင်း တစ်ယောက်အတွက် အမူအကျင့် ငါးရပ်ပေါ့။

(၁) တစ်ချိန်မှာ တစ်ခုတည်း အာရုံစိုက် လေ့လာပါ

ကိုယ့်အနေနဲ့ Website တွေကို ဒီဇိုင်းလုပ်တဲ့အခါ ဒါမှမဟုတ် ဖန်တီးတဲ့အခါမှာ Languages တွေ အများကြီး ရင်းနှီးဖို့ လိုလာပါလိမ့်မယ်။ အဲဒီလို လိုလာတဲ့အခါ ဟိုဟာလုပ်ရ ကောင်းနိုးနိုး ဒီဟာ လုပ်ရကောင်းနိုးနိုးနဲ့ စိတ်တွေ ထွေပြားလာတတ်ပါတယ်။ ဟိုဟာ နည်းနည်း ထိလိုက်၊ ဒီဟာ နည်းနည်း ထိလိုက်နဲ့ ဘယ်ဟာမှ ခရီးမရောက်တော့တာမျိုးတွေ ကြုံတတ်ပါတယ်။ ဒီထက်ပိုဆိုးတာက ကိုယ်ရေးနေတဲ့ Website မှာ HTML၊ CSS၊ JavaScript၊ PHP၊ MySQL၊ FBML စသည်ဖြင့် အများကြီး ပေါင်းစပ်ပြီး ရေးရတော့မယ်ဆိုရင် သူတို့တွေ ဘယ်လို ချိတ်ဆက်နေကြလဲ၊ ဘယ်လို ပေါင်းစပ်ရင် ကောင်းမလဲ စသည်ဖြင့် စဉ်းစားနေတာနဲ့ အချိန်ကုန်တတ်ပါတယ်။

ဒီလို အခြေအနေမျိုးတွေက ရှောင်လွဲလို့ ရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ အမြန်ဆုံး တိုးတက်ချင်တယ် ဆိုရင်တော့ နယ်ပယ်တစ်ခု တည်းကို အာရုံစိုက် ပြီးပြည့်စုံအောင် လုပ်တာ အကောင်းဆုံးပါပဲ။ ကိုယ်က CSS လုပ်မှာလား။ ဒါဆိုရင် CSS တစ်ခုတည်းကို အာရုံထားပါ။ HTML Frame တစ်ခုတည်းကို အသေထားပြီး CSS တွေ ကစားကြည့်ပါ။ ပုံစံမျိုးစုံ ပြောင်းလဲ စမ်းသပ်ကြည့်ပါ။ CSS Zen Garden ကတော့ HTML Markup တစ်ခုကို CSS နဲ့ ပုံစံမျိုးစုံပြောင်းလဲတဲ့ နမူနာတွေ ပြသထားပါတယ်။ သူတို့ နမူနာရေးပေးထားတဲ့ HTML နဲ့ CSS ဖိုင်တွေကိုလည်း Download ချပြီး လေ့လာလို့ ရပါတယ်။ ကိုယ့်အနေနဲ့ CSS2 ကို ကောင်းကောင်း သုံးတတ်တယ်။ ဒါပေမယ့် CSS3 ကိုလည်း အဆင့်မြင့်ချင်တယ်ဆိုရင် CSS3 နဲ့ ပတ်သက်တာတွေကို လေ့လာပြီး အဆင့်မြှင့်နိုင်ပါတယ်။

အဲဒီလို နည်းလမ်းကို JavaScript, PHP စတာတွေကို လေ့လာတဲ့ နေရာမှာလည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေ လေ့လာရာမှာတော့ Method ကျကျ သွားဖို့ အခက်အခဲတွေ ရှိနိုင်ပါတယ်။ တစ်ခြားနည်းလမ်း တစ်ခုကို ညွှန်းရမယ် ဆိုရင် Tutorials တွေကနေ တစ်ဆင့် သင်ယူတဲ့နည်းပါ။ အဲဒီလို Tutorials တွေကို လေ့လာရမှာလည်း ဘယ်ဟာကတော့ ဘယ်အပိုင်းအတွက် အသုံးဝင်တယ် စသည်ဖြင့် ခွဲခြားမှတ်သား ထားသင့်ပါတယ်။ ဒါမှသာ ကိုယ် လုပ်ချင်တဲ့ အလုပ်နဲ့ ကိုက်တဲ့ Tutorial ကို တန်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။

WordPress ဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဖြစ်ချင်လား Tutorials တွေက တစ်ပုံကြီးရှိပါတယ်။ အဲဒီလိုပါပဲ တစ်ခြား နယ်ပယ်တွေမှာလည်း Tutorials တွေ တစ်ပုံကြီးပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက ကိုယ်လုပ်နေတဲ့ နယ်ပယ်ကိုပဲ အာရုံစိုက်ပြီး လုပ်ဖို့ပါ။ တစ်ခုက မပြီးပြတ်သေးပဲ၊ အလုပ်ဖြစ်တဲ့ အဆင့် မရောက်သေးပဲ နောက်တစ်ဆင့် ပြောင်းတာမျိုး မဖြစ်သင့်ဘူး ဆိုတာပါပဲ။ PHP လေ့လာလို့မှ အလုပ်မဖြစ်ခင် HTML5 လေး လုပ်ဦးမှ CSS3 လေး လုပ်ဦးမှာ ဆိုပြီး မလုပ်သင့်ပါဘူး။ အဲဒီလိုဆိုရင် ဟိုရောင်ရောင် ဒီရောင်ရောင် ဖြစ်မှာ သေချာပါတယ်။

ဒါကြောင့် တစ်ခုခုမှာ အသေကပ် ဆရာဖြစ်တဲ့အထိ ချ၊ ပြီးမှ နောက်တစ်ခု ဆက်ပါ။

(၂) ကိုယ်စဉ်းစားထားတဲ့ Logic တွေကို Comment အနေနဲ့ မှတ်သားထားပါ

ဒါကတော့ Coding ရေးတဲ့နေရာမှာ Comment တွေ သုံးဖို့ပါ။ Code တွေကို ဒီအတိုင်းရေးသွားမယ် ဆိုရင် နောင်တစ်ချိန် ကိုယ်က ပြန်ပြင်ချင်ရင်ပဲ ဖြစ်ဖြစ်၊ သူများကို လက်လွဲပေးရမှာပဲ ဖြစ်ဖြစ် နားလည်ဖို့ ခက်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ရေးသွားတဲ့ coding ရဲ့ Logic တွေကို Comment အနေနဲ့ ရေးထားသင့်ပါတယ်။ ဘယ် Language မှာ မဆို Comment အတွက် ရေသားဖို့ နည်းစနစ်တွေ ပါပြီးသားပါ။

အဲဒီလို Comment စနစ်တွေ ပါတာကို အသုံးချပြီး စက်နားလည်တဲ့ ဘာသာစကားကို Coding လုပ်နေရင်း လူနားလည်တဲ့ ဘာသာစကားနဲ့လည်း Comment လုပ်သွားနိုင်ပါတယ်။ အဲဒီလို လုပ်တဲ့အတွက် ကိုယ်နောက်တစ်ချိန်မှာ ပြန်ကြည့်တဲ့အခါ ပြန်ပြင်ချင်တဲ့အခါ တစ်ခြားသူကို လွဲပြောင်း ပေးတဲ့ အခါမှာ လွယ်ကူစေရုံသာမက တစ်ခြား တန်ဖိုးတွေလည်း အများကြီး ရနိုင်ပါသေးတယ်။

ဥပမာအနေနဲ့ ကိုယ်က Function တွေရေးသားရမှာ အိုင်ဒီယာ မူကွဲတွေ ရှိနေရင် Comment ကိုသုံးပြီး ရေးထားနိုင်ပါသေးတယ်။ အဲဒီလို နည်းစနစ်တွေကို Apache ရဲ့ httpd လို ဖိုင်တွေမှာ အများကြီး တွေ့နိုင်ပါတယ်။ ကိုယ့်က လိုအပ်လို့ ပြောင်းချင်တဲ့အခါ Comment လို့ သတ်မှတ် ထားတွေကို ဖယ်လိုက်ရုံပါပဲ။ အရမ်း စနစ်ကျတဲ့ WordPress ရဲ့ Coding စနစ်ကို လေ့လာကြည့်မယ်ဆိုရင်

/**
 * Check whether serialized data is of string type.
 *
 * @since 2.0.5
 *
 * @param mixed $data Serialized data
 * @return bool False if not a serialized string, true if it is.
 */
function is_serialized_string( $data ) {
	// if it isn't a string, it isn't a serialized string
	if ( !is_string( $data ) )
		return false;
	$data = trim( $data );
	if ( preg_match( '/^s:[0-9]+:.*;$/s', $data ) ) // this should fetch all serialized strings
		return true;
	return false;
}

အဲဒီလို Comment တွေ သေသေချာချာ ရေးထားတာ တွေ့ရပါလိမ့်မယ်။ အဲဒီလို Comment တွေ ရေးသွားတယ်ဆိုတာ ကိုယ်ရေးတဲ့ Coding ကို Documentation လုပ်ပြီးသား တစ်ခါတည်း ဖြစ်သွားစေပါတယ်။

ဒီတော့ Coding ရေးမယ်ဆိုရင် Comment ရေးဖို့ မမေ့ပါနဲ့။

(၃) Templates တွေ Plugins တွေနဲ့ Open Source Code တွေကို လေ့လာပါ

Web ဆိုတာ တကယ့်ကို Resources ဟင်းလေးအိုးကြီးပါပဲ။ အထူးသဖြင့် Web နဲ့ ပတ်သက်တဲ့ Communities တွေ အတွက်ပေါ့။ အဲဒီလို ပေါင်းလန်အောင် ရှိနေတဲ့ Web Resources တွေရှိနေတဲ့ အထဲကနေ ကိုယ်နဲ့ သင့်တော်ရာ သင့်တော်ရာ ဆွဲထုတ်အသုံးချနိုင်လေ Coder ကောင်း တစ်ယောက် ဖြစ်ဖို့ ပိုပြီး နီးစပ်လေပေါ့။

ဥပမာ အနေနဲ့ ကိုယ်က HTML ကို စလေ့လာတော့မယ် ဆိုပါတော့။ Online မှာ Free Template တွေ အပုံအပင် ရှိနေပါတယ်။ အလွယ်တကူ Download ချပြီး မိမိစိတ်ကြိုက်ပုံစံ ပြောင်းလဲရေးသား နိုင်အော် လေ့လာလို့ ရနိုင်ပါတယ်။ အများအားဖြင့် Free Template တွေဟာ HTML နဲ့ CSS ပဲ သီးသန့် ပါဝင်နေတတ်ပြီး တစ်ခါ တစ်လေမှသာ JavaScript လေး ပါတတ်ပါတယ်။ Download ချ ကိုယ့်စက်ထဲက Browser ထဲမှာ ခေါ်ကြည့်နိုင်ပြီး သူတို့ရေးထားတာတွေကို အလွယ်တကူ အတုယူနိုင်ပါတယ်။ အဲဒီလို အတုယူရင်း tag တွေကို ကိုယ့်စိတ်ကြိုက် ပြောင်းလဲ ကြည့်ပြီး လေ့လာမှု စွမ်းအားနဲ့ အရည်အချင်းကိုလည်း မြှင့်တင်နိုင်ပါသေးတယ်။

ဒါပေမယ့် အရေးတကြီး ပြောစရာ တစ်ခုတော့ ရှိပါတယ်။ အဲဒီလို Free Template တွေ စမ်းသပ်တာလည်း စမ်းသပ်တာပေါ့။ Standards တွေကိုလည်း မလွတ်သွားအောင် သိထားဖို့ လိုဦးမှာ ဖြစ်ပါတယ်။ Free Template တွေ ဆိုတာ အမျိုးမျိုး ရှိနိုင်ပါတယ်။ Web Standard တွေ နဲပ မကိုက်တာတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် Standards နဲ့ ပတ်သက်တဲ့ Resources တွေကိုလည်း တစ်ပြိုင်တည်း လေ့လာသင့်ပါတယ်။ ဒါမှသာ သူများတွေရဲ့ Coding ရေးတဲ့ နေရာမှာ မကောင်းတဲ့ အလေ့အထတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို Standards နဲ့ Coding တွဲပြီး လေ့လာတယ်ဆိုတဲ့ အလေ့အထဟာ PHP, JavaScript အစရှိတဲ့ HTML, CSS တို့ထက် ပိုပြီး ရှုပ်ထွေးတဲ့ Language တွေကို လေ့လာရာမှာ ပိုပြီး အသုံးဝင်ပါတယ်။

ဥပမာ အနေနဲ့ WordPress လို Engine တွေကို လေ့လာမယ်ဆိုရင် အမျိုးမျိုးသော PHP Script တွေကို အခြေခံပြီး တကယ့် Core Functionality တွေကို စွမ်းဆောင်နိုင်အောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီအပြင် ကိုယ့်အနေနဲ့ ထပ်မံ ချဲ့ထွင်ချင်တဲ့အခါ ထပ်ဖြည့်ချင်တဲ့အခါ ဖြည့်လို့ရအောင်လည်း စီစဉ်ထားတတ် ကြပါတယ်။ အဲဒီလို Plugin တွေကလည်း တစ်ပုံကြီး ရှိနေပါတယ်။ WordPress ရဲ့ Core Code တွေသာမက Plugin တွေ အားလုံးကလည်း Open Source တွေပါပဲ။ ဒါကြောင့် အဲဒီ Open Souces တွေကို လွယ်လွယ်ကူကူ လေ့လာလို့ရပါတယ်။ ကိုယ့်အနေနဲ့ Plugins တစ်ခုကို လေ့လာနေတယ် ဆိုပါစို့။ အဲဒီ Plugin ထဲမှာ ရေးသားထားတဲ့ Code တွေကို PHP standards Coding နဲ့ သော် လည်းကောင်း WordPress ရဲ့ Standard Core Coding တွေနဲ့သော်လည်းကောင်း တစ်ခါတည်း ချိန်ညှိပြီး လေ့လာလို့ ရပါတယ်။

နောက်ထပ် ဒီ အလေ့အထနဲ့ ဆိုင်တဲ့ မလုပ်သင့်တဲ့ အရာတစ်ခုကိုလည်း ပြောလိုပါတယ်။ ဘယ်တော့မှာ သူများ ကုဒ်တွေကို ကူးမချပါနဲ့။ ကိုယ့်အနေနဲ့ သူများ Coding တွေကို လေ့လာတယ်ဆိုတာ သူတို့ ဘယ်လို ရေးသလဲ သိနိုင်ဖို့ ကိုယ့်အလှည့်ကျရင် ဘယ်လိုရေးမလဲဆိုတဲ့ လမ်းကို ဖော်နိုင်ဖို့ ဖြစ်ပါတယ်။ နည်းနည်းပါးပါးပြောင်းပြီး ကိုယ်ရေးထားတဲ့ ပုံစံမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ အဲဒီလို ကူးချတတ်တဲ့ အလေ့အကျင့်ဆိုးကို မမွေးမိပါစေနဲ့။

ကဲ ဒီတော့ Coder ကောင်းတစ်ယောက် ဖြစ်လိုရင် Templates တွေ၊ Plugins တွေ Open Source Code တွေကို လေ့လာပါ။

(၄) စာအုပ်တွေ ဖတ်ပါ

Web ပေါ်မှာ ကိုယ့်ရဲ့ Development Processes အတွက် Resources တွေ (ဥပမာ – Blog, Forums စသည်ဖြင့်) အများကြီး ရှိစေဦး။ ကိုယ်အတွက် စာအုပ်ကောင်း တစ်အုပ် ဖတ်လိုက်ရတာလောက် မပြည်စုံနိုင်ပါဘူး။ Blog တွေ အနေနဲ့ Articles တွေ Tutorials တွေအတွက် ပြည့်စုံကောင်းမွန်လွန်းတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်အရတော့ အကောင်းဆုံး စာအုပ်တစ်အုပ်ကိုတော့ မမှီနိုင်ဘူးလို့ ယူဆပါတယ်။ စာအုပ်တွေဆိုတာ ကိုယ့်အတွက် အကောင်းဆုံး အခြေခံနဲ့ အကောင်းဆုံး နားလည်မှုတွေကို တည်ဆောက် ပေးနိုင်ပါတယ်။ ကိုယ်အနေနဲ့ PHP ကို လေ့လာမယ်ဆိုပါစို့ Blog တွေကနေ အခြေခံအကျဆုံး အချက်အလက်တွေ သိနိုင်တယ် ဆိုပေမယ့် စာတစ်အုပ်လောက် စုစည်းပေးထားနိုင်စွမ်း မရှိတာ တွေ့ရပါလိမ့်မယ်။

ကျွန်တော့် အတွေ့အကြံု တစ်ခုကို ပြောပြရမယ်ဆိုရင် Table တွေသုံးပြီး Website တွေ ရေးနေတဲ့ အချိန်က ဆိုပါတော့။ Table တွေနဲ့ရေးရတာ စိတ်တော်တော် ကုန်နေခဲ့ပါတယ်။ နောက်ဆုံးမှာ DIVs တွေကို ပြောင်းသုံးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ ဒီလိုနဲ့ blog တကာ လှည့်လည်ပြီး Div နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ အကုန်လျှောက်လေ့လာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် CSS ရဲ့ Div သဘော တရားတွေ အားလုံးကို သဘောပေါက်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဟိုနားတစ်စ ဒီနာ တစ်စ ဖြစ်နေတဲ့ Resources တွေကို ပေါင်းစပ် လေ့လာတဲ့ နေရာမှာ အခက်အခဲတွေ တွေ့နေခဲ့ပါတယ်။

နောက်ဆုံးမှာ Stylin’ With CSS ဆိုတဲ့ စာအုပ်တစ်အုပ်ကို ဝယ်ဖတ် ဖြစ်ပါတယ်။ အဲဒီတော့မှပဲ အနာနဲ့ ဆေးတည့် သွားပါတော့တယ်။ စာအုပ်ရဲ့ ပထမပိုင်း Chapter တွေမှာတင်ပဲ အခြေခံ Concepts တွေ တော်တော်များများကို ဖမ်းဆုတ်နိုင်ခဲ့ပါတယ်။ အဲဒီစာအုပ်ဟာ ကျွန်တော့်အတွက် စဉ်းစားပုံ၊ ယူဆပုံက အစ ပြောင်းလဲပေးခဲ့ပြီး အလုပ်ဖြစ်အောင် လုပ်တတ်ဖို့လည်း တစ်ခါတည်း သင်ပေးသွားခဲ့ပါတယ်။ စာအုပ်ကို တစ်ရက်လောက် ဖတ်လိုက်တာဟာ blog တွေ forum တွေမှာ ပြန့်ကျဲနေတဲ့ Resources တွေ စုပြီး လနဲ့ချီ လေ့လာခဲ့ရတာတွေနဲ့ သွားတူနေတာ တွေ့ရပါတယ်။

ဒါကြောင့် Coder ကောင်းတစ်ယောက် ဖြစ်ချင်ရင် စာဖတ်ပါလို့။

(၅) စမ်းသပ်ပါ

နောက်ဆုံး အမူအကျင့် အနေနဲ့ ပြေလိုတာက စမ်းသပ်ပါ ဆိုတာပါပဲ။ သူများ စမ်းသပ်ထားတာတွေကိုလည်း လေ့လာပါ။ ကိုယ်ကိုယ်တိုင်လည်း စမ်းသပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလို စမ်းသပ်တယ်ဆိုတာ အင်မတန် ပျော်ဖို့ ကောင်းပါတယ်။ အဲဒီလို စမ်းသပ်တယ်ဆိုတဲ့ နေရာမှာ Tutorials တွေ လိုက်လုပ်ကြည့်တာတွေက အဓိက ပါဝင်ပါလိမ့်မယ်။ အခု ခေတ်စားနေတဲ့ CSS3 ကို စမ်းသပ်ကြည့်မလား။ ဒါဆိုရင် CSS3 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပထမစုဆောင်းပါ။ ပြီးရင် သူများတွေ စမ်းသပ်ထားတာတွေကို လေ့လာပါ။ ပြီးရင် ကိုယ်တိုင် စမ်းသပ် တီထွင်ကြည့်ပါ။

အဲဒီလို ကြိုတင်စမ်းသပ်ထားခြင်း အားဖြင့် ကိုယ်တိုင် တကယ်ရေးရတော့မယ့် နေရာမှာ အများကြီး အထောက်အကူ ရစေပါတယ်။ တကယ်တော့ Coder တွေ တော်တော်များများက အသစ်တစ်ခုခုထွက်တာနဲ့ စမ်းသပ်ချင်ကြတာ ထုံးစံပါပဲ။ အဲဒီလို အသစ်ထွက်တိုင်း ဘာလဲ၊ ဘယ်လိုလဲ စသည်ဖြင့် လေ့လာထားသင့်သလို ကိုယ့်ကိုယ်ပိုင် စမ်းသပ်ခန်းထဲ ဆွဲသွင်းပြီးလည်း စမ်းသပ်ထားသင့်ပါတယ်။ CSS3 လား၊ HTML5 လား၊ ဘာလာလာ စမ်းထားပြီးသား ဆိုရင် ကိုယ့်အနေနဲ့ Real Project တွေမှာ အသုံးချတဲ့အခါ အထောက်အကူရမှာ မလွဲပါဘူး။

ဒါကြောင့် Coder ကောင်း တစ်ယောက် ဖြစ်ချင်ရင် များများ စမ်းသပ်ပါလို့။

Sixrevisions မှ Matt Ward ရေးသားသော 5 Good Habits That Will Make You a Better Coder ကို ဆီလျှော်သလို ဘာသာပြန်ဆို ရေးသားထားခြင်း ဖြစ်ကြောင်း ဝန်ခံပါသည်။

Facebook comments:

10 Responses

  1. everlearner says:

    Thanks you, I just finished reading original article. Now I found translation, very good to read and I got more clear understanding, digest and idea you added on.

    Thank you, very much.

  2. Goo Goo says:

    ဟား ဟား.. ကုဒ်ဒါတွေရဲ့ ကီးဘုတ်က အဲလိုဖြစ်နေရမှာ… ကိုသီဟ.. ကျနော့် နက်ဘုတ်က အဲလောက်တော့ မဆိုးသေးပါဖူးနော်…. ဟဲဗီး ကုဒ်ဒါမစစ်သေးဖူးလို့ ဆိုရမယ်… :D

  3. rockstar says:

    web layout concept လိုမျိုး post တောင်းဆိုချင်ပါတယ် ။
    ရေးပေးကြပါ ခင်ဗျာ

  4. fokhwar says:

    ပထမဆုံး အချက်ကိုပဲ စလိုက်နာရမှာပဲ အဲ့တစ်ချက်ကစပြီး ပြဿနာတက်နေတာ :)

  5. nayray says:

    အရမ်းမိုက်တယ်ဗျာ… ဝါးရုံပင်ကို တွယ်တက်တယ်၊ လှုပ်ချတော့ ဘယ်ဟာဆွဲရမှန်းမသိဘဲ ပြုတ်ကျတယ်၊ ဝါးတစ်ချောင်းတည်း တွယ်တက်တယ်၊ လှုပ်ချတယ်၊ တစ်ချောင်းတည်း မြဲမြဲ ကိုင်ထားတဲ့အတွက်ပြုတ်မကျဘူး အဲ့ပုံပြင် လေးကို သတိရမိတယ်… တကယ်အဖိုးတန်တဲ့ ဆောင်းပါးလေးပါ…. ဘာလုပ်ရမှန်းမသိလို့ စိတ်တွေညစ်၊ ခေါင်းတွေပူ နေရတဲ့အချိန်တွေအတွက် ဒါလေးက တကယ်ကို စိတ်ရှင်းသွားအောင် လမ်းညွှန်ပေးနိုင်ပါတယ်ဗျာ… ကျေးဇူးတင်ပါတယ် မျှဝေမှုတွေအားလုံးအတွက်ပါ….. ရွှင်လန်းချမ်းမြေ့ပါစေ။

  6. Goo Goo says:

    ကျေးဇူးပဲဗျာ… နံပါတ် (၁) အချက်ကလွဲလို့ ကျန်တာ အကုန်ပြည့်စုံတယ်ဗျို့.. ( ပုံထဲက ကီးဘုတ်လောက်တော့ မညစ်ပတ်သေးဖူးဗျ.. အများကြီး ရိုက်ရဦးမယ်… ဟီး… :D )

Leave a comment


*