အရင်းတစ်ပိုင်း ဖြစ်တဲ့ သင့် Website ကို စွမ်းဆောင်ရည် မြှင့်တင်ပေးမယ့် ဖိုင်(၅)ဖိုင် မှာ Robots.txt နဲ့ Favicon.ico ကို ရေးခဲ့ပြီး ဖြစ်ပါတယ်။ အခု ဒီအပိုင်းမှာတော့ ကျန်တဲ့ ဖိုင်တွေအကြောင်း ဆက်ရေးပါ့မယ်။
Sitemap.xml
Sitemap.xml ဆိုတာ ကိုယ့်ဆိုက်မှာ ဘာတွေရှိတယ် ဆိုတာကို ပြဖို့ အကောင်းဆုံး လမ်းပြမြေပုံပါပဲ။ ဒါပေမယ့် လူတွေကို လမ်းပြတဲ့ မြေပုံတော့ မဟုတ်ပါဘူး။ Web Robots တွေလို့ခေါ်တဲ့ Search Engine Crawler တွေကို လမ်းပြပါတယ်။ Robots.txt က ဘယ်နေရာတွေ ဝင်ခွင့် မရှိဘူးဆိုတာ သတ်မှတ်ပေးပါတယ်။ ဒါပေမယ့် Sitemap.xml ကတော့ ဝင်ခွင့်ရှိတဲ့ နေရာတွေကို လမ်းပြပေးတဲ့ ဧည့်လမ်းညွှန် ဆိုပါတော့။
အဲဒီလို sitemap ဖိုင်တွေကို နာမည်ပေးရမှာ အကောင်းဆုံးကတော့ sitemap.xml လို့ ပေးဖို့ပါ။ တစ်ခြား နာမည်တွေနဲ့လည်း ပေးလို့တော့ ရပါတယ်။ ဒါပေမယ့် sitemap.xml ဆိုရင် Search Engine တွေက တန်းသိပါတယ်။ နောက်တစ်ချက် အရေးကြီးတဲ့ တစ်ချက်က Root Directory ထည့်ထားဖို့ပါ။
Search Engine တော်တော်များများက sitemap.xml ဘယ်မှာ ရှိလဲဆိုတာကို သွားပြောထားလို့ ရတာများပါတယ်။ Google မှာဆို Google Web Master ပေါ့။ တစ်ခြား Bing တို့ ဘာတို့မှာလည်း ရပါတယ်။ ဒါပေမယ့် အဲဒီလို သွားထည့်တယ်ဆိုတာ Google Search တွေ ကိုယ့်ဆီ လာအောင် သွားခေါ်တာ မဟုတ်ပါဘူး။ အဓိကက ကိုယ့် Site ကို Search Engine က ဘယ်လို သိနေလဲဆိုတာ သိဖို့ အတွက်ပါ။ sitemap.xml ကို ထည့်ထားတာနဲ့ Search Engine တွေက သိပါတယ်။
အဲဒီလို Sitemap ထည့်မယ်ဆိုရင် တစ်ခါတည်းတွဲ စဉ်းစားရမယ့် အချက်ကတော့ Pretty URL ပါပဲ။ Pretty URL ဆိုတာကို ရှင်းပြရရင်
- http://www.myanmartutorials.com/?p=5212
ဆိုတာထက်
- http://www.myanmartutorials.com/article/this-is-your-post
ဆိုတာက ပိုပြီး SEO (Search Engine Optimization) ဖြစ်ပါတယ်။ ဒါကြောင့် Pretty URL နဲ့ Sitemap ထားပေးမှသာ Search Engine တွေ အနေနဲ့ Keywork တွေကို သိမှာ ဖြစ်ပါတယ်။
ဒါကတော့ sitemap.xml နဲ့ အလွယ်ဆုံး ပုံစံတစ်ခုပါ။
<?xml version="1.0" encoding="UTF-8"?> <urlset xmlns="http://www.sitemaps.org/schemas/sitemap/0.9"> <url><loc>index.html</loc></url> <url><loc>contact.html</loc></url> </urlset>
ဘယ် sitemap.xml မဆို DTD(Document Type Definition) နဲ့စပါတယ်။ အဓိက လိုက်နာရတဲ့ ပုံစံကတော့ Official Sitemap Scheme အတိုင်း လိုက်နာပြီး ရေးရပါတယ်။
အဲဒီမှာ ရေးထားတဲ့ နည်းစနစ်တွေကို လိုက်နာပြီး ကိုယ့်ဆိုက်မှာ Sitemap.xml ထည့်ပေးထားမယ် ဆိုရင် လမ်းပြရှိတဲ့ ရပ်ကွက်ထဲကို ဝင်ရသလိုပဲ Search Crawler တွေအနေနဲ့ ဝင်ရလွယ်ကူစေပြီး ကိုယ့်ဆီမှာ ရှိတဲ့ Search Keywork တွေကို Search Engine မှာ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ Sitemap.xml မှာ အဓိကထည့်ပေးရမှာကတော့ URL တွေပါပဲ။
ကိုယ့်ထည့်လိုက်တဲ့ URL တိုင်းဟာ <url> နဲ့ <loc> ကြားမှာ ရှိရပါမယ်။ အင်မတန် ရိုးရှင်းတဲ့ ရေးသားမှုပါပဲ။ User Level အနေနဲ့ပါ ရေးထည့်လို့ လွယ်တဲ့ အနေအထား ဖြစ်ပါတယ်။
အဲဒီလို SiteMap တွေကို ကိုယ့်ဘာသာ မရေးချင်လို့ Software အကူအညီရယူပြီး သုံးမယ်ဆိုရင် A1 Sitemap Generator လိုမျိုးတွေ ရှိသလို တစ်ခြား Software တွေလည်း ရှိပါတယ်။ အဲဒီလို Software အကူအညီတွေ ရယူပြီး ထွက်လာတဲ့ ဖိုင်ကို Root မှာ တင်ပေးရင် ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်း Update လုပ်နေတဲ့ ဆိုက်တွေမှာဆိုရင်တော့ Auto Generate တွေ လုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။ WordPress လို Blog Engine တွေမှာဆိုရင်တော့ Google Sitemap Plugin တွေ သုံးလို့ရနိုင်ပါတယ်။ အဲဒီလိုသုံးထားပြီ Post အသစ်တင်တိုင်း Sitemap အသစ် အလိုအလျှောက်ရေးခိုင်းထားလို့ ဖြစ်နိုင်ပါတယ်။
Sitemap ကို ကိုယ့်ဆိုက်မှာ Reference လုပ်ချင်တယ်ဆိုရင်
<head> <link rel="sitemap" type="application/xml" title="Sitemap" href="sitemap.xml" /> <head>
head tag ထဲမှာ ထည့်ထားပေးဖို့ လိုပါမယ်။
အခြား Sitemap Tag များ
ကိုယ့်အနေနဲ့ Sitemap.xml မှာ ရိုးရိုး URL တွေပဲ ထည့်ပေးမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တစ်ခြား အသုံးဝင်တဲ့ Tag တွေလည်း ရှိပါသေးတယ်။ အဲဒီလို အရေးပါတဲ့ Tag တွေ ပေါင်းထည့်လိုက်မှ Sitemap.xml အနေနဲ့ ပိုပြီး ပီပြင်လာပါလိမ့်မယ်။ Search Crawler တွေ အနေနဲ့လည်း ပိုပြီး ပြည့်စုံအောင် သိနိုင်မှာ ဖြစ်ပါတယ်။
<lastmod> ဆိုတဲ့ Tag ကတော့ နောက်ဆုံး Modify လုပ်ခဲ့တဲ့ အချိန်ကို YYYY-MM-DD ဆိုတဲ့ ပုံစံနဲ့ သိမ်းထားတာပါ။ အဲဒီ နေရာမှာ <changefreq> ဆိုတာကို ထည့်ထားလို့ ရပါတယ်။ <changefreq> နေရာမှာ always, hourly, daily, weekly, monthly, yearly and never ဆိုပြီး သတ်မှတ်ပေးလို့ ရပါတယ်။ ကိုယ့်ဆီမှာ အပြောင်းအလဲ ရှိတဲ့အပေါ် မူတည်တာပေါ့။ ကိုယ့် နေ့စဉ် ပြောင်းလဲတယ်ဆိုရင် Daily ပေါ့။
နောက်တစ်ခု အသုံးဝင်တဲ့ Tag ကတော့ <priority> ဆိုတဲ့ tag ပါ။ ဦးစားပေးအဆင့် သတ်မှတ်တာပါ။ ဘယ်ကိုတော့ ဦးစားပေး အရင်သွားပါ။ စသည်ဖြင့် သတ်မှတ်ပေးနိုင်ပါတယ်။ 0.0 ကနေ 1.0 အတွင်း သတ်မှတ်လို့ ရပါတယ်။ ဘယ်ဖိုင်က အရေးအကြီးဆုံးလူသိ စေချင်တာလဲဆိုတာ သတ်မှတ်ပေးလို့ ရတာပေါ့။
နမူနာအနေနဲ့
<lastmod>2010-05-13</lastmod> <changefreq>monthly</changefreq> <priority>0.8</priority>
Sitemap.xml ဟာ အင်မတန် အသုံးဝင်ပါတယ်။ Website တိုင်းမှာ အလွယ်တကူထည့်ထားနိုင်ပြီး အင်မတန်အကျိုးများပါတယ်။
အခုတစ်လော အလုပ်တွေ အရမ်းများ နေတာကြောင့် ပြီးအောင် မရေးနိုင်သေးတဲ့အတွက် တောင်းပန်ပါတယ်။ နောက်တစ်ပိုင်းကို အားတာနဲ့ ဆက်တင်ပေးပါ့မယ်။








