Project ရေတိမ်မနစ်အောင် မေးသင့်သည့် မေးခွန်း (၂၀)
Client တစ်ယောက်နဲ့ Website အသစ်တစ်ခုဆောက်ဖို့ လုပ်ငန်းလက်ခံထားပြီ ဆိုပါစို့။ ဆိုက်ကလည်း လုံးဝအသစ်။ အဲဒီလိုဆိုရင် ကိုယ့်အနေနဲ့ Project ရဲ့ ဘောင်၊ Project ရဲ့ အဓိပ္ပါယ် စတာတွေကို ရှင်းရှင်းလင်းလင်း သိထား၊ ရှိထားဖို့ အင်မတန် အရေးကြီး လာပါပြီ။ နောင်တစ်ချိန်မှာ Client အနေနဲ့ ဘာတွေ လိုချင်လာမလဲ။ ဘာတွေ မျှော်လင့်ထားလဲ စတာတွေကိုလည်း အသေးစိတ် သိထားဖို့ လိုလာပြီ ဖြစ်ပါတယ်။ Client ရဲ့ Website ကို တည်ဆောက်တဲ့ နေရာမှာ လိုအပ်ချက်နဲ့ ကိုက်ညီဖို့၊ Client လိုချင်တဲ့ Features တွေပါဖို့၊ Client တွေ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာဖို့ ဆိုရင် ကိုယ့်အနေနဲ့ Client ကို အမှန်တကယ် အသုံးပြုသူတွေရဲ့ လိုအပ်ချက်၊ Website ရဲ့ ရည်ရွယ်ချက် စတဲ့အရာတွေ အားလုံးအတွက် အသေးစိတ် ပြောပြနိုင်အောင် တွန်းအားပေးဖို့ လိုပါတယ်။ အခြေခံ လိုအပ်ချက်တွေ အားလုံးကို ဖော်ထုတ်ထားပါမှ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို သိပါမှ Project လုပ်တဲ့အခါမှာ ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှာ ဖြစ်ပါတယ်။
အထူးသဖြင့် Client တော်တော်များများဟာ Website တစ်ခုကို တည်ဆောက်ချင် ကြသော်လည်း Website နဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းကို နားမလည်ကြသူများ ဖြစ်နေတတ်ပါတယ်။ အဲဒီတော့ သူတို့ ဘာလိုချင်တယ်၊ Website ရဲ့ Content တွေ ဘယ်လိုရှိတယ် စတာတွေကို အသေးစိတ် ရှင်းပြဖို့ ခက်နေတတ်ပါတယ်။ အဲဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုကတော့ မေးခွန်းအစီအစဉ်တွေ မေးမြန်းခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို မေးခွန်း အစီအစဉ်တွေကို ဖြေကြားခြင်းအားဖြင့် သူတို့ ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ ကိုယ့်အနေနဲ့ သိနိုင်မှာ ဖြစ်ပြီး သူတို့အနေနဲ့လည်း Web Design နည်းပညာကို သိစရာမလိုတော့ပဲ အေးအေးဆေးဆေး ဖြေပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အဖြေတွေကနေ ကိုယ့်ကို ဘာကြောင့် သူတို့က ပိုက်ဆံပေးပြီး ခိုင်းသလဲဆိုတဲ့ အဓိက အချက်ကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
Project ရေတိမ် မနစ်စေရအောင် ဘာတွေ ရှောင်မလဲ
သင့်တင့်လျောက်ပတ်တဲ့ ကိုယ်အာရုံစိုက်ရမယ့် နေရာတစ်ခုကို ရနိုင်ဖို့၊ ပုံဖော်နိုင်ဖို့ မေးခွန်း နှစ်ဆယ်လောက်ကို စီစဉ်ပေးထားပါတယ်။ Website တည်ဆောက်သူတိုင်း မဖြစ်မနေ မေးသင့်တဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။ အဲဒီ မေးခွန်းတွေ မေးရခြင်း ရည်ရွယ်ချက် အဓိပ္ပါယ်ကတော့
- Client ရဲ့ ပင်မစီးပွားရေး အပေါ်မှာ ဘယ်လိုတွေးထားလဲ၊
- သူတို့ရဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေက ဘာတွေလဲ၊
- သူတို့ ပစ်မှတ်ထားတဲ့ အမှန်တကယ် အသုံးပြုသူ End Users တွေက ဘယ်သူတွေလဲဆိုတာကို
သိနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို မေးခွန်းတွေ မေးလိုက်ခြင်းအားဖြင့် Client တွေအနေနဲ့ သူတို့ လိုချင်တဲ့ Website အပေါ်မှာ အိုင်ဒီယာ ကွန့်မြူးခွင့်တွေ ရလာစေပါတယ်။ ကိုယ့်အတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်အလက်တွေကို ရရှိလာနိုင်ပြီး ရှေ့ဘာဆက်လုပ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာနိုင်ပါတယ်။ နားထောင်သမားကောင်း တစ်ယောက်လည်း ဖြစ်လာစေပြီး တကယ့်ကို စမတ်ကျတဲ့ ခြေလှမ်းလည်း ဖြစ်ပါတယ်။
ဒီမေးခွန်း အားလုံးက အဖွဲ့အစည်း အရွယ်အစား သေးငယ်တဲ့ Web Team တွေ၊ Freelance တွေကို ရည်ရွယ်ပါတယ်။ Client ဆိုတဲ့ နေရာမှာလည်း အဖွဲ့အစည်း အရွယ်အစား အသေးစား၊ အလတ်စားတွေ အတွက်ပဲ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းတွေကို အရွယ်အစား အတန်အသင့်ကြီးတဲ့ Client အဖွဲ့အစည်းတွေမှာ သုံးရင်လည်း အတိုင်းအတာတစ်ခုအထိ လုပ်ငန်း မြန်ဆန်ချောမွေ့စေတာ တွေ့ရပါတယ်။ ဒီမေးခွန်းမေးခြင်း လုပ်ငန်းကို တတ်နိုင်သမျှ အစောဆုံး လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလို စောစော စထားမှသာ ကိုယ်ရေးရမယ့် Project ရဲ့ Scope ကို ခန့်မှန်းနိုင်မှာ ဖြစ်သလို အကြမ်းရေးဆွဲ ထားနိုင်မှာ ဖြစ်ပါတယ်။
Web Designer တွေအနေနဲ့ Client တွေကို မေးခွန်းတွေ ဖြေခိုင်းတယ်ဆိုတာ စိတ်မသက်သာစရာ ကိစ္စ တစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်တန်း Project ရေတိမ်နစ်မယ့်ဘေးကနေ အဓိက ကယ်တင်ပေးနိုင်တာ ဒီမေးခွန်းရဲ့ အဖြေတွေပဲဆိုတာ သိထားဖို့ လိုပါတယ်။
အဲဒီအပြင် မေးခွန်းတွေကို ပြင်ဆင်တဲ့အခါမှာ Client တွေအပေါ်မှာ မူတည်ပြီး သူတို့နဲ့ သင့်တော်တဲ့ ပုံစံကို ပြောင်းလဲ မေးတတ်ဖို့ လိုပါသေးတယ်။ တစ်ချို့ Client တွေအတွက် ဒီမေးခွန်းတွေက မသင့်တော်ဘူ ဆိုတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် မေးခွန်းတွေကတော့ Project အားလုံးနီးပါးနဲ့ ကိုက်ညီမယ်လို့ ယူဆပါတယ်။
(၁) သင့်ရဲ့ စီပွားရေးလုပ်ငန်း (သို့) အဖွဲ့အစည်း အကြောင်းကို ပုံဖော် ရှင်းပြနိုင်မယ့် စာကြောင်း တစ်ကြောင်း ရေးပြပါ။
အံ့သြစရာပါပဲ။ အဲဒီ ရိုးရှင်းလှတဲ့ မေးခွန်းကို သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတိုင်း ဖြေဆိုဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။ သူတို့ တစ်ခါမှာ အချိန်ယူပြီး မစဉ်းစားထားတာ တွေ့ရပါလိမ့်မယ်။ အဲဒီမေးခွန်းကို ဖြေလာမယ့် အဖြေဟာ ကိုယ့်ရေးရမယ့် Project ရဲ့ အဓိက ချည်တိုင် ဖြစ်လာ ပါလိမ့်မယ်။ အကယ်၍များ Client အနေနဲ့ မဖြေနိုင်ဘူး၊ မဖြေထားဖူးဆိုရင် နောက်ပိုင်းမှာ ရှုပ်ထွေးတဲ့ Site တစ်ခု အဖြစ်၊ ရှေ့ဆက်ဖို့ မလွယ်တဲ့ ဆိုက်တစ်ခုအဖြစ်၊ ဦးတည်ချက် မရှိတဲ့ ဆိုက်တစ်ခု အဖြစ် တစ်ဖြည်းဖြည်းချင်း ဖြစ်သွားပါလိမ့်မယ်။
(၂) သင့်ရဲ့ စီးပွားရေး လုပ်ငန်း (သို့) အဖွဲ့အစည်းကို စကားလုံး သုံးလုံးနဲ့ ရှင်းပြပေးပါ။
အပေါ်က မေးခွန်းထက် ပိုပြီး ခက်လာပါတယ်။ ဒါပေမယ့် အရမ်း အရေးကြီးပါတယ်။ အဲဒီ စကားလုံးသုံးလုံးဟာ သူတို့ စီးပွားရေး လုပ်ငန်းအနေနဲ့ Website ကို ဘာကြောင့် လုပ်ရတယ်၊ ဘာတွေ ပေးမယ်၊ ဘာတွေ အလေးထားတယ် ဆိုတာကို ဖော်ပြနိုင်စွမ်း ရှိပါတယ်။ အဲဒီ စကားလုံး သုံးလုံးက Website ကို အမှန်တကယ် အသုံးပြုသူတွေ အတွက် ဘယ်လို ထိရောက်တဲ့ Message တွေ ပေးမယ်ဆိုတဲ့ အပိုင်းကို တည်ဆောက်နိုင်မှာ ဖြစ်ပြီး အခြား Website နဲ့ ပတ်သက်တဲ့ အရောင်တွေ သတင်း အချက်အလက်ပေးတဲ့ နည်းလမ်းတွေ အထိပါ သက်ရောက်မှု ရှိသွားမှာ ဖြစ်ပါတယ်။ SEO လို့ခေါ်တဲ့ Search Engine Optimization အထိပါ သက်ရောက်မှု ရှိနိုင်တဲ့ အစွမ်းတွေ ရှိနေတတ်ပါတယ်။
(၃) အားလုံးထဲမှာ ဗိုလ်ဆိုတဲ့ အနေအထားကို ဘယ်အချက်တွေက ပံ့ပိုးပေးထားတာလဲ။
ဒီထက်ပိုပြီး နားလည်အောင် ပြောရရင် “သင့်ကို လူတွေက ဒီနေမှာဆို ထိပ်ဆုံးပဲ၊ အဓိက အကျဆုံးပဲလို့ မြင်လာအောင် ဘာတွေက ပံ့ပိုးပေးထားလဲ၊ သင့်ရဲ့ အဓိက ဝန်ဆောင်မှု၊ ဒါမှမဟုတ် ထုတ်ကုန်က ဘာလဲ” လို့ မေးတဲ့ သဘောပါပဲ။ အဲဒါမျိုးက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတိုင်းမှာ ရှိတတ်ပါတယ်။ ဒီဆိုင်ကတော့ ဒီဝန်ဆောင်မှုမှာ ထိပ်တန်းပဲ၊ တစ်ခြားသူတွေ ဘယ်သူမှ မယှဉ်နိုင်ဘူးဆိုတဲ့ တစ်ခုကောင်းတွေ ရှိတတ်ပါတယ်။ အဲဒါကို သိအောင်လုပ်တဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အဲဒီ အဖြေကိုသိမှ Website ရေးတဲ့အခါမှာ ရှေ့တန်းတင်ပြီး ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း သုံးစွဲသူတွေအနေနဲ့ Website ကို အလွယ်တကူ အကျွမ်းတဝင် ရှိလာမှာ ဖြစ်ပါတယ်။
(၄) သင့် Website ကို အဓိကထား အသုံးပြုမယ့် သူတွေက ဘယ်သူတွေလဲ။
သင့် Website ကို လူငယ်တွေ သုံးမှာလား၊ လူကြီးတွေလား၊ Web အကြောင်း ကောင်းကောင်း သိသူတွေလား၊ စသည်ဖြင့် အမှန်တကယ် အသုံးပြုသူတွေရဲ့ ပုံရိပ်လွှာကို ပုံဖော်နိုင်တာနဲ့ အမျှ ကိုယ်ရေးဆွဲမယ့် Website မှာ အရောင်တွေ၊ အဆင့်ဆင့်ရွေးချယ်မှု ပုံစံတွေ၊ Font Size တွေ၊ Style တွေ အားလုံးကို တိတိကျကျ ရွေးချယ် နိုင်လာစေပါတယ်။
ဒီနေရာမှာ သတိချပ်စေချင်တာ တစ်ခုက Client တွေအနေနဲ့ သူတို့ရဲ့ အမှန်တကယ် အသုံးပြုသူတွေကို ပုံဖော်တဲ့နေရာမှာ သူတို့ စံသတ်မှတ် ထားတဲ့ End User တွေ ဖြစ်နေတတ်ပြီး အမှန်တကယ် Website ကို လာလည်တဲ့သူ ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ဆိုတာပါပဲ။ ဒါပေမယ့် Client ရဲ့ အမြင်ကို ရယူထားပြီး နောက်တစ်ချိန် Website ကို Run နေတဲ့အခါ Analytics Report (ဝင်ရောက်သုံးစွဲသူများနှင့် ပတ်သက်ပြီး မှတ်သားထားသော အချက်အလက်များ) အပေါ် အခြေတည်ပြီး ဆက်လက် ဆောင်ရွက်စရာတွေ ရှိနေပါတယ်။ ဆိုက်အသစ်တစ်ခု ဆိုရင်တော့ Client ယှဉ်ပြိုင်ရမယ့် နယ်ပယ်တူ၊ လုပ်ငန်းတူတွေနဲ့ ပတ်သက်တဲ့ Website တွေကို လေ့လာလို့ရမယ့် အခွင့်အရေးတွေ ရလာနိုင်ပါတယ်။
(၅) အမှန်တကယ် အသုံးပြုသူတွေ အနေနဲ့ သင့် Website ကို တစ်ခါ လာလည်တိုင်း အချိန်ဘယ်လောက် ကြာကြာ နေမယ်လို့ သင်ထင်ပါသလဲ။ နေစေချင်ပါသလဲ။
အဲဒီ မေးခွန်းကလည်း အလွန်အရေးပါတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ အချိန်ကြာကြာနေဖို့ လိုတဲ့ Community လိုဆိုက်မျိုးတွေမှာ ဆိုရင် အချိန်ကြာကြာနေအောင် ဂိမ်းတွေ ထည့်ပေးတာမျိုး၊ အသုံးပြုသူတွေပါ ပူးပေါင်းပါဝင်နိုင်တဲ့ အစီအစဉ်တွေ ထည့်သွင်းတာမျိုး စသည်ဖြင့် စီစဉ်ပေးဖို့ လိုပါလိမ့်မယ်။ လိုရင်တိုရှင်းပြဖို့လိုတဲ့ Website၊ အသုံးပြုသူတွေအနေနဲ့ အော် သူတို့က ဒါတွေ ရောင်းတာပါလား၊ ဒါတွေ ပေးတာပါလား စသည်ဖြင့် အလွယ်တကူ သိသွားဖို့ လိုတဲ့ Website၊ Website အသုံးပြုတဲ့အခါမှာ အချိန်အကြာကြီး နေခိုင်းစရာ မလိုတဲ့ Website တွေအတွက် ပုံစံ တစ်မျိုး စီစဉ်ရမှာ ဖြစ်ပါတယ်။ ဝင်လာတာနဲ့ ပေးချင်တဲ့ Message ကို တန်းကနဲပေးနိုင်အောင် စီစဉ်ရတာမျိုးတွေ ရှိလာပါမယ်။ Navigation စနစ်တွေကလည်း အရေးပါတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
(၆) Website ရဲ့ ပထမဦးစားပေး ရည်ရွယ်ချက်က ဘာလဲ။ ဒုတိယ ဦးစားပေး ရည်ရွယ်ချက်က ဘာလဲ။
အများစုသော Client တွေရဲ့ ဆန္ဒမှာတော့ သူတို့ Website တွေကို လူတိုင်းအတွက် ဘာမဆို ဖြည့်ဆည်း ပေးနိုင်တာတွေ ဖြစ်ချင် တတ်ကြပါတယ်။ အဲဒီလို Website ရဲ့ ရည်ရွယ်ချက်တွေကို တစ်ခုခြင်းစီ ချရေး ခိုင်းလိုက်တဲ့အတွက် သူတို့ ဦးတည်ချက် အစစ်အမှန်ကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အဆက်အသွယ်တွေ စုဆောင်းမှာလား၊ ကုန်ပစ္စည်းရောင်းမှာလား၊ လာလည်သူတွေကို သတင်းပေးရုံ သက်သက်လား၊ တစ်ချို့ အပြင်မှာ လုပ်ရမယ့် ကိစ္စတွေကို သက်သာချင်လို့လား၊ စသည်ဖြင့် သိလာမှာ ဖြစ်ပါတယ်။
(၇) သင့်အနေနဲ့ Website ကို လာလည်တဲ့ သူတွေကို ရေရှည်သဘောဆန်တဲ့ အစဉ်မပြတ် လာလည် စေချင်တာလား၊ ဒါမှမဟုတ် ရေတိုသဘော ခဏတစ်ဖြုတ် လာလည်စေချင်တာလား။
အဆိုပါ အချက်အလက် အပေါ်မှာ အခြေခံပြီး Content တွေကို ဘယ်လိုတင်ဆက် မလဲ ဆိုတဲ့အပိုင်းကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ရိုးရိုး Visiting Card သာသာ၊ ကြော်ငြာသာသာ Website အတွက် ရေရှည်သဘော အသုံးပြုသူတွေကို ဆွဲဆောင်ထားဖို့ မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့ Content တွေက သေနေတဲ့အတွက် တစ်ခါ လာလည်ပြီးရင် နောက်တစ်ခါ လာအောင် ဆွဲဆောင်ဖို့ မလွယ်ပါဘူ။ အဲဒီလိုမဟုတ်ပဲ ထပ်ကာ ထပ်ကာ လာနေဖို့ လိုတယ်ဆိုရင်တော့ Blog တွေ ထည့်ပေးတာမျိုးတွေ လုပ်ပေးဖို့ လိုလာပါပြီ။ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို အချိန်နှင့်အမျှ တင်ဆက်ပေးဖို့ လိုလာပါပြီ။ ဒါမှလည်း Client လိုချင်တဲ့ ပန်းတိုင်ကို အရောက်ပို့ပေးနိုင်မှာ ဖြစ်ပါတယ်။
(၈) အကယ်၍ အသုံးပြုသူ တစ်ယောက်က သင့် Website မှာ နှစ်မိနစ်လောက် နေတယ် ဆိုပါစို့။ အဲဒီ အသုံးပြုသူကို သင့် Website ကနေ သိသွားစေချင်တဲ့ အချက် ၃ ချက်ကို ပြောပြပေးပါ၊ ဦးစားပေး အဆင့်အတိုင်း စီပေးပါ။
ဒီမေးခွန်းကလည်း Website ရဲ့ Scope ကို သတ်မှတ်တဲ့ မေးခွန်း အမျိုးအစားပါပဲ။ အပေါ်မှာ မေးခဲ့တဲ့ မေးခွန်းတွေရယ်၊ ခုမေးလိုက်တဲ့ မေးခွန်းက ရလာတဲ့ အဖြေတွေ ပေါင်းစပ်ပြီး ရေးရမယ့် Website အပေါ် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ Client ရဲ့ အမြင်ကိုလည်း ပိုပြီး တိတိကျကျ ဖမ်းဆုပ် နိုင်လာပါလိမ့်မယ်။
(၉) သင့်ရဲ့ အဓိက ပြိုင်ဖက်တွေက ဘယ်သူတွေလဲ။
ဒီမေးခွန်းကလည်း အရေးပါတဲ့ မေးခွန်းတစ်ခုပါပဲ။ ဒီအဖြေကို သိမှာသာ Client ရဲ့ အဓိက ပြိုင်ဖက်တွေရဲ့ ခြေလှမ်းတွေကို မှန်းဆနိုင်မှာ ဖြစ်ပြီး တင်ထားပြီး Website တွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို လေ့လာနိုင်တာနဲ့အမျှ ပြိုင်ဖက်တွေထက် နှာတစ်ဖျားသာအောင် ဘယ်လို လုပ်မလဲဆိုတဲ့ အချက်ကိုလည်း စဉ်းစားလို့ ရလာမှာ ဖြစ်ပါတယ်။ ဒါမှလည်း Client လည်းကျေနပ်မှုရ ရေရှည်သဘောဆန်တဲ့ ဆက်ဆံရေးတွေလည်း ထူထောင်နိုင်မှာ ဖြစ်ပါတယ်။
(၁၀) ဘယ် Website တွေကို သင်ကြိုက်သလဲ။
ဒီလို မေးလိုက်ခြင်းအားဖြင့် Client မျက်စကျနေတဲ့ Website တွေကို လေ့လာနိုင်မှာ ဖြစ်ပြီး သူတို့ ကြိုက်နှစ်သက်နိုင်မယ့် Design တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သူတို့ ကြိုက်နှစ်သက်ပါတယ် ဆိုတဲ့ Website တွေက ဘယ်လို Content တွေ ပါသလဲ၊ ဘယ်လို Feature တွေက Client ကို ဆွဲဆောင်ထားတာလဲ၊ ဘယ်လို Layout Design လဲ စသည်ဖြင့် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဒီနေရာမှာ သတိထားဖို့ လိုတဲ့အချက်က Client တွေအနေနဲ့ တစ်ခါတစ်လေမှာ သူတို့ ကြိုက်တဲ့ Website တွေနဲ့ တစ်ပုံစံတည်း၊ တစ်ထေရာတည်း တူတာကို လိုချင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ ကိုယ့်အနေနဲ့ အခြား ပုံစံတူတွေကို ပြပေးဖို့ လိုလာပါလိမ့်မယ်။ Client အနေနဲ့ ဘယ်လို ပုံစံမျိုး လိုချင်တယ်ဆိုတာ စောစောစီးစီး မဖော်ထုတ်ထားဘူးဆိုရင် နောက်တစ်ချိန်မှာ ခေါင်းကိုက် ခေါင်းခဲစရာတွေ ဖြစ်လာနိုင်ပါတယ်။
ဒုတိယပိုင်း ဆက်ပါဦးမယ် …
Facebook comments:




ကိုသီဟလည်း ကိုးရီးယားကား ချည်း ရိုက်နေတော့တာပဲ
ဖတ်လို့ကောင်းပြီလားဆို “ဒုတိယပိုင်း ဆက်ပါဦးမယ် …” ဆိုတာကြီးပဲ
ဘာပဲဖြစ်ဖြစ် အားပေးနေတယ်ဗျာ . . .
ဟီးဟီး ကိုရီးယားကားက နှစ်ပိုင်းတည်းပါဗျာ …
Post က တကယ် လန်းတယ် ကို သီဟရေ …
အတွေ့ အကြုံ ဗဟုသုတ တော်တော်များများကို ဒီ Post ကနေပဲ တော်တော် ရသွားတယ် ဗျာ …
ဖတ်သွားတယ်ဗျ.. တော်တော်လှတဲ့ မင်သမီးပဲ နောက်အပိုင်းတွေလည်း ကြည့်မယ်နော်.. အဲ… ဖတ်မယ်..
လာရောက် ဖတ်ရှုလေ့လာ မှတ်သားသွားပါတယ်ဗျာ
[...] Project ရေတိမ်မနစ်အောင် မေးသင့်သည့် မေးခ… [...]
VCD ခွေဗျကိုသီဟ…တစ်ချပ် ၁ဝ ပုဒ်နဲ့ ၂ ချပ်တွဲ….:P
အခုလိုဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါခင်ဗျာ
[...] [...]
[...] အသေးစိတ်ကိုတော့ Project ရေတိမ်မနစ်အောင် မေးသင့်သည့် မေးခ… မှာဖတ်နိုင်ပါတယ်။ ပြီးရင်တော့ client [...]