Project ရေတိမ်မနစ်အောင် မေးသင့်သည့် မေးခွန်း (၂၀) အပိုင်း (၂)

Project ရေတိမ်မနစ်အောင် မေးသင့်သည့် မေးခွန်း (၂၀) ဒုတိယပိုင်း ဖြစ်ပါတယ်။ ပထမပိုင်းကို ဖတ်ချင်တယ် ဆိုရင်တော့

မှာ ဖတ်နိုင်ပါတယ်။

(၁၁) ဘယ် Website တွေကို သင်မကြိုက်ဘူးလဲ။

အပေါ်မှာတုန်းကတော့ ဘယ် Website တွေကို သင်ကြိုက်နှစ်သက် ပါသလဲလို့ မေးခဲ့ပါတယ်။ ဒီမေးခွန်းကတော့ ပြောင်းပြန်ပါ။ ဒါပေမယ့် တကယ်တန်း အဲဒီမေးခွန်း နှစ်ခုလုံးရဲ့ အဖြေတိုင်း တိကျတဲ့ ရလဒ်ထွက်လာဖို့တော့ မလွယ်ပါဘူး။ ဘာကြောင့် ကြိုက်ရတယ်၊ ဘာကြောင့် မကြိုက်ဘူးဆိုတာ ထည့်မေးနိုင်ရင် ပိုကောင်းပါတယ်။ အများအားဖြင့် သူတို့နဲ့ ကိုက်ညီတာထက် သူတို့ မျက်စိ ပသာဒဖြစ်တာကို ပိုပြီး ရွေးချယ် တတ်ကြလို့ပါပဲ။ ဒါပေမယ့် ဘာတွေကြိုက်တယ် ဘာတွေ မကြိုက်ဘူးဆိုတာကို သိတဲ့အတွက် ကိုယ်ဘာတွေ ရှောင်သင့်တယ် ဆိုတာလောက်တော့ သိလာနိုင်ပါတယ်။ တစ်ခါတစ်လေမှာ Client တွေ ကြိုက်တာ မကြိုက်တာကို ရွေးချယ်နိုင်ဖို့ သူတို့လိုအပ်ချက်နဲ့ အညီ ရွေးချယ်နိုင်ဖို့ သင်ကြားပေးဖို့ လိုတာမျိုးတွေလည်း ရှိတတ်ပါတယ်။

(၁၂) အဓိကကျတဲ့ Feature တွေ အနေနဲ့ ဘာတွေ ထည့်သွင်းချင်ပါသလဲ။

ဒီမေးခွန်းကလည်း နောက်တစ်ဆင့် Project Scope ကို သတ်မှတ်နိုင်ဖို့ မေးတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေက ကန့်သတ်ထားတဲ့ ဘောင်တွေ ဖြစ်လာမှာ ဖြစ်ပြီး Client တွေအနေနဲ့ နောင်တစ်ချိန်မှာ ဖြစ်လေဖြစ်ထရှိတဲ့ Requirement တိုးတိုးလာတဲ့ အခြေအနေကိုလည်း တစ်ခါတည်း ထိန်းထားပြီး ဖြစ်စေပါတယ်။ သူတို့ လိုချင်တဲ့ Feature တွေဆိုတာ blogs၊ Search၊ Social Media Integration စတာတွေ ဖြစ်တတ်ပါတယ်။ အားလုံးက သေသေချာချာ မေးပြီး သဘောတူညီချက် ရယူထားဖို့ လိုပါတယ်။ အဲဒီလို သဘောတူညီချက် မယူထားဘူးဆိုရင် နောင်တစ်ချိန် ကိုယ့်အတွက် အခက်အခဲတွေ ရင်ဆိုင်လာရ နိုင်ပါတယ်။

(၁၃) ယေဘူယျအားဖြင့် Website တွေ သုံးတဲ့အခါမှာ သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အရာတွေက ဘာတွေလဲ။

အပေါ်မှာတုန်းက ဘယ်ဆိုက်တွေကို မကြိုက်ဘူးလဲလို့ မေခဲ့ပြီး ဖြစ်ပါတယ်။ ဒီမေးခွန်းကတော့ သူကြိုက်ပါတယ်ဆိုတဲ့ Website တွေမှာ ဘယ်အပိုင်းတွေ မကြိုက်ဘူးလဲဆိုပြီး ထပ်မေးတဲ့ မေးခွန်းဖြစ်ပါတယ်။ ပိုပြီး အသေးစိတ်သွားတဲ့ သဘောပေါ့။ ကိုယ့်အနေနဲ့ Website ရေးတဲ့အခါမှာ Feature တွေ ထည့်ပြီးမှ မကြိုက်ဘူးဆိုရင် ပြန်ပြင်ရ လွယ်တာဆို တော်သေးရဲ့။ အစအဆုံးပြန်လုပ်ရမယ့် ကိစ္စမျိုးဆိုရင် အတော် ဒုက္ခများနိုင်ပါတယ်။ အဲဒါကြောင့် မေးခွန်းတွေကို အသေးစိတ်သထက် စိတ်အောင် မေးနေခြင်းဖြစ်ပါတယ်။

(၁၄) ဘယ်လိုအရောင်တွေ မကြိုက်ဘူးလဲ။ ဘယ်လို Feature တွေ မပါချင်ဘူးလဲ။

ဒါလည်း ပိုပြီး အသေးစိတ်ကျတဲ့ မေခွန်းမေးခြင်းတွေပါပဲ။ Client တွေ အနေနဲ့ သူတို့ မကြိုက်တဲ့ အရောင်တွေ ရှိနေနိုင်ပါတယ်။ အဲဒါတွေ ကြိုတင် သိထားဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ Client တွေ အနေနဲ့ အရောင်သဘောကို နားမလည်တာမျိုး ဖြစ်နေနိုင်တဲ့အတွက် ဘာအရောင်ကို ကြိုက်လဲလို့ မေးတာထက် ဘယ်အရောင်တွေကို မကြိုက်ဘူးလဲလို့ မေးတာက ပိုပြီး ထိရောက်စေနိုင်ပါတယ်။ Client ရဲ့ ပြိုင်ဖက်တွေ သုံးထားတဲ့ အရောင်တွေကို မရွေးချယ်မိဖို့လည်း သတိထားရမှာ ဖြစ်သလို ရွေးချယ်မိပြီ ဆိုရင်လည်း သူတို့ထက်သာအောင် လုပ်ပေးနိုင်ဖို့ လိုလာပါပြီ။ အဲဒီအပြင် ဘယ်လို Feature တွေ ထည့်ချင်လဲလို့ မေးပြီးတဲ့အပြင် ဘယ်လို Feature တွေ ရှောင်ချင်လဲလို့ ထပ်ပြီး မေးတဲ့အတွက် ပိုပြိး တိကျတဲ့ Scope ကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

(၁၅) Site ရဲ့ Content တွေကို ကိုယ်တိုင် ရှေ့ဆက် ဖြည့်သွားမှာလား။ ဝန်ဆောင်မှု ပေးရမှာလား။

မေးလေ့မေးထ ရှိတဲ့ မေးခွန်းကတော့ CMS သုံးမှာလားပေါ့။ သုံးမယ်ဆိုရင် Content တွေကို Regular Update လုပ်ပေးဖို့ လိုလာပါပြီ။ Client အနေနဲ့ ကိုယ်တိုင် Update လုပ်ပါမယ်လို့ ပြောပြီး မလုပ်နိုင်တဲ့အခါ ကိုယ့် Website ပုံပေါ်မလာတဲ့ အနေအထားတွေ ဖြစ်နိုင်ပါတယ်။ ကိုယ့်အနေနဲ့ Content Provide လုပ်ဖို့ တာဝန်ယူမယ်ဆိုရင်လည်း လအလိုက်ဝန်ဆောင်ခ ဖြစ်ဖြစ်၊ Content အလိုက် ဝန်ဆောင်ခ ဖြစ်ဖြစ် ယူဖို့ လိုလာ ပါလိမ့်မယ်။ ဒါကြောင့် Site ရဲ့ Content တွေအပေါ်မှာ ဘယ်လို ပြုမူ ဆောင်ရွက်ပေးရမယ်ဆိုတာ သေချာအောင် သဘောတူညီချက်ရအောင် မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ CMS တွေ သုံးမှာလားလို့ မေးလိုက်ပြီး သုံးမယ်လို့ ဆိုတာနဲ့ Development Process လည်း ပိုပြီး တိုးလာမယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ Scope လည်း ပိုကျယ်လာပါပြီ။

(၁၆) သင့်ရဲ့ Website ကို ဘယ်အချိန်မှာ လွင့်တင်ချင်ပါသလဲ။

ဒါကတော့ အရေးအပါဆုံး မေးခွန်းတစ်ခုပါပဲ။ ဝန်ထုပ်ဝန်ပိုး အကြီးဆုံးလို့လည်း ပြောလို့ရပါတယ်။ အဲဒီ အဖြေပေါ်မူတည်ပြီး ဘယ်အချိန်မှာ Project ပြီးရမယ်ဆိုတာ သတ်မှတ်ရပါလိမ့်မယ်။ Deadlines၊ Deliverable နဲ့ Benchmarks ဆိုတာတွေ အတွက် သတ််မှတ်ရမယ် ဆိုပါတော့။ ဘယ်အချိန်က ကိုယ့်ရဲ့ နောက်ဆုံးအပြီးသတ်ရမယ့် အချိန်လဲ။ ဘယ်အချိန်က လွဲပြောင်းပေးရမယ့် အချိန်လဲ။ ဘယ်ကာလက စမ်းသပ်ကာလလဲ စသည်ဖြင့် သတ်မှတ်ရပါတော့မယ်။ ဒီနေရာမှာ အချိန်အပေါ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ အတွက် လိုလာတာတွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်အနေနဲ့ လုံလောက်တဲ့ အချိန်ကို ရယူထားဖို့ လိုသလို အချိန်ကိုက် မဆောင်ရွက်နိုင်တဲ့ Project တွေများလာရင် ယုံကြည်မှုပါ ထိခိုက်လာနိုင်တဲ့ အတွက် အထူးသတိပြုရမယ့် မေးခွန်းပဲ ဖြစ်ပါတယ်။

(၁၇) ယခုလွင့်တင်မယ့် Website မှာ User Registration (အသင်းဝင် မှတ်ပုံတင်ခြင်း) လိုမလား၊ အချက်အလက်တွေ သိမ်းဖို့ လိုမလား။

နည်းပညာစကားနဲ့ ပြောရရင်တော့ Database လို့ခေါ်တဲ့ အချက်အလက် သိမ်းဆည်းမှု လုပ်ငန်း ပါမလားပေါ့။ Project တော်တော်များများ အနေနဲ့ Dynamic Components (လိုအပ်သလို ဖြုတ်လို့ တပ်လို့ရတဲ့ အစိတ်အပိုင်းတွေ) တွေ Databases (အချက်အလက် သိုလောင်မှု ဘဏ်)တွေ ပါလာပြီ ဆိုရင် အရင် Project Scope ထက် အများကြီး ကျယ်သွားပြီး စျေးနှုန်းပိုင်း၊ အချိန်ကာလပိုင်းက အစ အကျိုးသက်ရောက်မှု အများကြီး ရှိသွားစေပါတယ်။

Content တွေကို Database သိမ်းစည်းတာမျိုးထက် ဥပမာ – ကုန်ပစ္စည်းစာရင်းတွေ ပြုစု သိမ်းဆည်းဖို့ လိုလာတဲ့ အနေအထားက အများကြီး တာသွားပါတယ်။ အဲဒီအတွက် အင်မတန် အရေးပါတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘောအရ Client တော်တော်များများမှာ အချက်အလက်တွေ သိမ်းဆည်းထားချင်လားလို့ မေးရင် သိမ်းချင်တယ်လို့ ပြောတတ်ကြပြီး ဒါဆို အချိန် ဘယ်လောက်ကြာမယ်၊ ဘယ်လောက်ကုန်ကျမယ် ဆိုရင်တော့ လက်လန် သွားတတ်ကြပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် အချက်အလက် သိမ်းဆည်းဖို့ လိုတဲ့ အနေအထားက ခုမှ စလုံးရေ စမဲ့သူတွေထက် အမှန်တကယ် လည်ပတ်နေတဲ့ Website တွေမှသာ Requirement တက်လာ တတ်လို့ပါ။ သို့ပေမယ့် တစ်ချို့ Website တွေမှာတော့ စကတည်းက အချက်အလက်တွေ သိမ်းဖို့ လိုနေတတ်ပါတယ်။

User Registration Data သိမ်းဆည်းတာ လောက်ကတော့ အခြားအချက်အလက်တွေ သိမ်းဆည်းသလိုမျိုး မဟုတ်ပဲ CMS တွေမှာ တစ်ခါတည်း တွဲပါပြီး ဖြစ်နေတတ်တဲ့အတွက် ခေါင်းစားစရာ သိပ်မလိုပါဘူး။ အဆင်ပြေသလို ညှိနှိုင်းပေးနိုင်ပါတယ်။

(၁၈) အခု လုပ်မယ့် Project မှာ ဘယ်သူက အဓိက အကျဆုံး ပုဂ္ဂိုလ်လဲ။ ဘယ်သူက လက်မှတ်ထိုးပြီး ဘယ်သူရဲ့ ဆုံးဖြတ်ချက်က အတည် ဖြစ်မှာလဲ။

ဒီလိုပြောတော့ ကိုယ့်ကို လာအပ်နေတဲ့ Client က အဓိက ပုဂ္ဂိုလ်ပဲ မဟုတ်ဘူးလားလို့ ရယ်စရာကြီးလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် ချောက်ပေါက်က ဒီနေရာမှာ ရှိနေတတ်ပါတယ်။ တကယ်တန်းက စအပ်တဲ့သူက တစ်ယောက် အရေးပါတဲ့သူ၊ အဓိက ကျတဲ့သူက တစ်ယောက် ဖြစ်နေတတ်ပါတယ်။ ကိုယ်က ပထမလူပြောတဲ့အတိုင်း ဟုတ်မိဟုတ်ရဲ့ တည်ဆောက်ထားတာတွေကို တကယ့် အရေးပါသူနဲ့ တွေ့မှ အစက ပြန်လုပ်ရတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဘန်းစကားနဲ့ ပြောရရင်း တကယ့် ခလုပ်တစ်ချက်တည်း နှိပ်ရမယ့် နေရာကို ရှာဖို့ လိုတဲ့အတွက် ဒီမေးခွန်းကို မေးရတဲ့ သဘောပါ။ တကယ့်အရေးပါတဲ့သူ၊ ဒါမှမဟုတ်လဲ တကယ့် အရေးပါတဲ့ အဖွဲ့နဲ့ တွေ့မှ ကိုယ့် Website Requirement ကို တိတိကျကျသိနိုင်မှာ ဖြစ်ပါတယ်။

(၁၉) ယခု လွင့်တင်မယ့် Website မှာ Web Form ကနေ တစ်ဆင့် ဆက်သွယ်တာမျိုးကို ထည့်သွင်းဖို့ လိုမလား။

ဒါကတော့ Online Contact Form ပုံစံပါ။ ကိုယ့်ကို ဆက်သွယ်တဲ့နေရာမှာလည်း သုံးလို့ရသလို End User Data စုဆောင်းရမှာလည်း သုံးလို့ ရနိုင်ပါတယ်။ ဒါကြောင့် ထည့်ပေးရမလားလို့ မေးတာပါ။

(၂၀) ကျွန်တော်တို့နဲ့ အခြားဆက်သွယ် ဆောင်ရွက်စရာတွေ ရှိသေးလား။ ဘာတွေ ပြောချင်သေးလဲ။

ဒါကတော့ မေးခွန်းတွေ အဆုံးသတ်တဲ့ မေးခွန်းပါ။ ဘာပြောဦးမလဲလို့ မေးပေမယ့် ပြောစရာက တော်တော်ကုန်နေပါပြီ။ ဒါကြောင့် အားလုံး သဘောတူညီချက် လက်မှတ်ထိုးတဲ့ အဆင့်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ Client အနေနဲ့ ဖြစ်ချင်တာတွေ များနေတာမျိုးနဲ့ ကြံုရတတ်ပါတယ်။ အဲဒီလိုမျိုး အခြေအနေဆိုရင်လဲ တစ်ခါတည်း ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရတဲ့အထိ သွားဖို့ လိုပါတယ်။ သဘောတူညီချက် မရထားရင် နောက် Project လုပ်တဲ့အခါမှာ အခက်အခဲတွေ အများကြီး ရှိလာမှာ ဖြစ်ပါတယ်။

အကယ်၍များ Client အနေနဲ့ မေးခွန်းတွေကို မဖြေခဲ့ဘူးဆိုရင် ဘာလုပ်မလဲ။

အကယ်၍များ Client အနေနဲ့ မေးခွန်းတစ်ခုမှ မဖြေနိုင်ဘူးဆိုရင် ဘာလုပ်မလဲလို့ မေးစရာရှိပါတယ်။ မေးခွန်းတစ်ခုမှ မဖြေနိုင်ရင် အလုပ်ကို လက်မခံတာ အကောင်းဆုံးပါပဲ။ တကယ်တန်း ပြောချင်တာတော့ လုံးဝ လက်မခံပါနဲ့လို့ ပြောချင်တာပါ။ သူတို့ Business နဲ့ ပတ်သက်ပြီး Clear Definition မပေးနိုင်တဲ့ အနေအထားမှာ ကိုယ်က လိုက်ပြီး Define လုပ်လို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ Client အနေနဲ့ သူတို့ရဲ့ Business ကို ကောင်းကောင်း ရှင်းပြနိုင်ပေမယ့် နည်းပညာနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို နားမလည်တဲ့ အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ ခက်ခဲတဲ့ အနေအထားမျိုး ရှိနေတတ်ပါတယ်။ အဲဒီလို အခြေအနေဆိုရင်တော့ ကိုယ့်အနေနဲ့ Client တွေ သိသင့်သိထိုက်တဲ့ နည်းပညာရပ်ဆိုင်ရာတွေကို ရှင်းပြပေးဖို့ လိုလာပါလိမ့်မယ်။

Reference : Sixrevisions မှ 20 Questions to know for avoiding website project disasters ကို နားလည်သလို ပြန်ရေးထားခြင်း ဖြစ်ပါသည်။

Facebook comments:

2 Responses

  1. Moe Sweet says:

    ဆူလွယ်နပ်လွယ် project လေးတွေ၊ ဥပမာ $500 အောက်ဆိုရင်တော့၊ requirement study time ကိုများများသုံးရတာ မကိုက်ဘူး ဗျာ။

  2. Lucifer says:

    ဖတ်မှတ်သွားပါတယ်ခင်ဗျာ.. နောက်ပို့စ် တွေလည်း မျှော်နေပါတယ်..

Leave a comment


*