လွှတ်တော်တွင် အိုင်တီနှင့် ပတ်သက်၍ ကျွန်တော်(တို့)​ ပြောဆို ဆွေးနွေးစေချင်သည့် အကြောင်းအရာများ

ဗူးထဲက နှံကောင်

ကျွန်တော် ဘားကမ့် ဒုတိယနေ့မှာ ပြောဖြစ်တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ကျွန်တော် အရင်ကတည်းက ကြိုကြားကြိုကြား ပြောဖြစ်နေပြီးသား ကိစ္စတစ်ခုလဲ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ အတိအလင်းကို ပြောဖြစ်တဲ့ အနေအထားပါခင်ဗျာ။

ကျွန်တော် ပုံပြင်လေး တစ်ပုဒ် The Voice မှာ ဖတ်ဖူးပါတယ်။ ဆရာ ဇေယျသူ ရေးတာပါ။ အဲဒီလို ပုံပြင်ထဲမှာ နှံကောင်လေး တစ်ကောင်ကို ဘူးထဲမှာ ထည့်ထားပါတယ်။ ဘူးကို စက္ကူနဲ့ ဖုံးထားပါတယ်။ နှံကောင်က ခုန်တဲ့အခါ ဘူးအဖုံးက စက္ကူကို ထိပြီးပြန်ကျပါတယ်။ နောက်တစ်ခါခုန် ပြန်ကျ၊​ နောက်တစ်ခါခုန် ပြန်ကျနဲ့ နောက်ဆုံး မခုန်တော့ပါဘူး။ ဒါပေမယ့် အဲဒီအချိန်ကျမှ ဗူးအဖုံးက ပွင့်နေပါတယ်။ နှံကောင်က မခုန်တော့ အပြင်ကို မရောက်တော့ပါဘူး။ ခုလက်ရှိအနေအထားကလဲ ဗူးအဖုံးပွင့်နေတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့တွေ နှံကောင်ကို အဖြစ်ခံလို့ မရပါဘူး။ ခုန်ရပါမယ်။ ဒါမှ ဗူးအပြင်ကို ထွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ဗူးအပြင်ကို ထွက်နိုင်ဖို့ တွန်းအားတွေ ပေးခဲ့တဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။

လွှတ်တော်နှင့် အိုင်တီ

နောက်တစ်ခုက လွှတ်တော်ပါ။ လွှတ်တော်ဆိုတာ ပြည်သူတွေရဲ့ နားနဲ့ ပါးစပ်လို့ ဆိုနိုင်ပါတယ်။ အဲဒီနေရာမှာ ပြောနိုင်မှသာ ကျွန်တော်တို့ အိုင်တီ ကဏ္ဍအတွက် အရေးပါတဲ့ ဥပဒေတွေ ပြဌာန်းနိုင် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ အိုင်တီအပေါ်မှာ သီးသန့်ဆွေးနွေးတာ တင်ပြတာ တစ်ခုမှ​ ကျွန်တော်တို့ မကြားရသေးပါဘူး။ အဲဒီလို မကြားရတဲ့ အခြေအနေမှာ အခြေခံအားဖြင့် နှစ်မျိုး ဖြစ်နိုင်ပါတယ်။ တစ်မျိုးက ပြောနိုင်တဲ့သူ မရှိတာ၊​ နောက်တစ်မျိုးက ပြောစရာမလိုသေးဘူးလို့ ယူဆတာ။ သေချာတာ တစ်ခုကတော့ ပြောနိုင်တဲ့သူ မရှိတဲ့ ပြသနာပဲ ဖြစ်မယ်ထင်ပါတယ်။

ကျွန်တော် ဒီနေရာမှာ တစ်ခုပြောလိုတာက ကျွန်တော်တို့ အိုင်တီနည်းပညာဆိုတာ စီတီ နည်းပညာ မဟုတ်ပါဘူး။ Information Technology ပါ။ Communication Technology မဟုတ်ပါဘူး။ တစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ် ဆက်စပ် ပတ်သက်နေတယ် ဆိုပေမယ့် အိုင်တီဆိုတဲ့ အခန်းကဏ္ဍမှာ သီးသန့် အစိတ်အပိုင်းတွေ ရှိနေပါတယ်။ Communication Technology အရ နည်းပညာဆိုင်ရာ ပစ္စည်းတွေ ဥပမာ အင်တာနက်လို တယ်လီဖုန်းလို စသည်ဖြင့် ဘယ်လောက်တိုးတက်အောင် လုပ်လုပ် အိုင်တီအပေါ်မှာ အတိုင်းအတာတစ်ခုအထိ ထောက်ပံ့နိုင်တာကလွဲလို့ တကယ့် အိုင်တီရဲ့ အစစ်အမှန် သဘောကိုတော့ အထောက်အပံ့ ပေးနိုင်စွမ်း မရှိပါဘူး။ ကျွန်တော်တို့ အိုင်တီကို သီးသန့် ပြောဖို့ လိုပါတယ်။

လွှတ်တော်ဖက်ကို ပြန်သွားရမယ်ဆိုရင် ကျွန်တော်တို့ လွှတ်တော်မှာ အိုင်တီနဲ့ ပတ်သက်ပြီး ပြောမယ့်သူမရှိဘူး။ အဲဒီလိုတော့ ကျွန်တော် အိုင်တီ နည်းပညာလောကသားများ အနေနဲ့ ပြောမယ့်သူ ရှိအောင် ဘယ်လိုလုပ်မလဲ။ ကြားဖြတ်ရွေးကောက်ပွဲကနေ တစ်ဆင့် ပြောတတ်တဲ့သူကို ထည့်မလား။ ဒါမှမဟုတ် ၂၀၁၅ မှ ထည့်မလား။ ကြားဖြတ်ရွေးကောက်ပွဲ အတွက်ကတော့ မှီတော့မယ် မထင်ပါဘူး။ အတိုင်းအတာတစ်ခု အထိတော့ ပြောနိုင်ဆိုနိုင်စွမ်း ရလာတန်ကောင်းရဲ့လို့ ယူဆပေမယ့် ကျွန်တော်တို့အတွက် မသေချာပါဘူး။ အဲဒီတော့ ၂၀၁၅ အထိစောင့်မလား။ အဲဒီလို ဆိုရင်တော့ ကျွန်တော်တို့အတွက် အတော့်ကို ဆိုးသွားပြီလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ သွားနေတာ အိုင်တီပါ။ ၅ နှစ်လောက် နောက်ကျ ကျန်ခဲ့မယ်ဆိုရင် နိုင်ငံတကာမှာ အိုင်တီတိုးတက်မှု နှုန်းအရ နှစ် နှစ်ဆယ်၊​ နှစ်ဆယ့် ငါးနှစ် အဲဒီထက်ပိုတဲ့ နှစ်တွေ နောက်ကျ ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်လောကသားများ အနေနဲ့ သူတို့ လိုအပ်ချက်တွေ အပေါ်မှာ စုစုစည်းစည်း တောင်းဆိုမှုတွေ ပြုခဲ့တဲ့ အတွက် အခုအချိန်မှာ အသီးအပွင့်တွေ ခံစားနေရပြီလို့ ဆိုနိုင်ပါတယ်။

ကျွန်တော်တို့ ဘာတွေတောင်းကြမလဲ

ကျွန်တော်တို့ဖက်ကို ကြည့်လိုက်မယ်ဆိုရင် လူကြီးတွေက ဥပမာ နိုင်ငံတော် သမ္မတကြီးက မင်းတို့တွေ ဘာတွေ ဖြစ်ချင်လဲ ပြောကြ တောင်းကြဆိုရင် ကျွန်တော်တို့ ဘာတောင်းရမှန်း သိကြမယ် မထင်သေးပါဘူး။ Functional Based အရ ကွန်ပျူတာ တက္ကသိုလ်တွေက Wi-Fi Area ထားရှိရေး လိုအပ်ချက်တွေ၊​ ကျောင်းတွေ ဝေးနေတာကို နီးအောင် လုပ်ပေးဖို့ လိုအပ်ချက်တွေ စသည်ဖြင့် အများကြီး တောင်းဆိုစရာတွေ ရှိပေမယ့် Strategic Based နည်းဗျူဟာမြောက်တောင်းဆိုမှုတွေ အတွက် ကျွန်တော်တို့မှာ အသင့် မဖြစ်သေးဘူးလို့ မြင်ပါတယ်။

ဒီနေရာမှာ အိုင်တီနဲ့ ပတ်သက်ပြီး Corporation ကြီးတွေဖက်က လိုအပ်ချက်နဲ့ တစ်ဦးခြင်း တစ်ယောက်ချင်းစီဖက်က လိုအပ်ချက်တွေ တူမှာ မဟုတ်ပါဘူး။ ကော်ပိုရေးရှင်းများ အနေဖြင့် သူတို့ ဘာတွေ တောင်းဆိုသင့်တယ်ဆိုတာကို ကောင်းကောင်း သိပါလိမ့်မယ်။ သူတို့က ကော်ပိုရေးရှင်းတွေ​ ဖြစ်တာနဲ့အညီ အိုင်တီသမား တစ်ယောက်ခြင်းစီရဲ့ လိုအပ်ချက်၊ ရပိုင်ခွင့်အပေါ်မှာ တောင်းဆိုပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယူဆပါတယ်။ အဲဒီတော့ ဘယ်သူတွေ တောင်းဆိုကြမလဲ ကျွန်တော်တို့ တစ်ဦးခြင်း တစ်ယောက်ခြင်းစီတွေကပဲ တောင်းဆိုရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာတွေတောင်းရမယ်ဆိုတာကို ဘာကြောင့် မသိကြတာလဲ

ဟုတ်ပါတယ်။ ခုအခြေအနေမှာ ကျွန်တော်တို့ ဘာတောင်းရမှန်းကို မသိသေးတဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။ အဲဒီလို ဘာတောင်းရမှန်း မသိတဲ့ အနေအထားတွေက ဘာကြောင့် ဖြစ်လာရတာလဲ။ ကျွန်တော် လေ့လာသုံးသပ်မိသလောက် ပြောရမယ်ဆိုရင် ..

တီထွင်ဖန်တီးတတ်သည့် အလေ့အထ အားနည်းခြင်း

ကျွန်တော်တို့ အိုင်တီ နည်းပညာနယ်ပယ်မှာ တီထွင်ဖန်တီးလိုမှုအပေါ် အခြေခံပြီး သွားတဲ့ လမ်းကြောင်းတွေ အင်မတန် နည်းပါးနေပါတယ်။ အိုင်တီနည်းပညာရဲ့ အဓိကအကျဆုံး အနှစ်သာရက တီထွင်ဖန်တီးမှုပါပဲ။ ကျွန်တော်တို့မှာ တစ်ခုခုကို တီထွင်ဖန်တီးပြီး တစ်ခုခုဖြစ်လာဖို့ထက် အဲဒီလို တီထွင်ဖန်တီးလိုမှု စိတ်ဓာတ်ပိုင်းမှာပါ အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။

ကျွန်တော် တစ်ခါက ရုပ်ရှင်တစ်ကား ကြည့်ဖူးပါတယ်။ အဲဒီရုပ်ရှင်ကား နာမည်က မမှတ်မိပေမယ့် အဲဒီ ရုပ်ရှင်ကားက အဖြစ်အပျက်ကိုတော့ မှတ်မိနေပါတယ်။ အဲဒီ ရုပ်ရှင်မှာ မင်းသားရဲ့ အဖေက ဖိနပ်တွေ အနံ့ မထွက်အောင်၊​ အနံ့မထွက်အောင် ဖန်တီးနိုင်တဲ့အရာ တစ်ခုဖြစ်အောင် တီထွင်စမ်းသပ်ပါတယ်။ အဲဒီလို စမ်းသပ် တီထွင်နေရရင် ဘယ်လောက်ပဲ ငတ်ငတ်၊​  ဘယ်လောက်ပဲ စားစရာ ရှိရှိမရှိရှိ သူ စိတ်ဝင်စားတဲ့ တီထွင်ဖန်တီးမှု အပေါ်မှာ အချိန်ကုန်ခံ အပင်ပန်းခံပြီး ဖန်တီးပါတယ်။ နောက်ဆုံးမှာတော့ သူ့တီထွင် ဖန်တီးမှု အောင်မြင်သွားပါတယ်။ အဲဒီလို တီထွင်လိုစိတ်၊ တီထွင်တတ်တဲ့ အတွေးတွေ အားနည်းနေတာဟာ ကျွန်တော်တို့ နည်းပညာ လောကအတွက် ကျွန်တော်တို့ တောင်းစရာ ရှိတာတွေ မတောင်းနိုင်ရခြင်းရဲ့ ပထမအချက်ပဲလို့ မြင်ပါတယ်။

အဲဒီလို တီထွင်တဲ့သူတွေ မရှိဘူးလား။ ရှိပါတယ်။ ကျွန်တော်တို့ Myanmar Tutorials က Sidebar မှာကြည့်လိုက်ပါ။ တစ်ယောက်ခြင်းစီအလို တစ်ဦးခြင်းစီအလိုက် တီထွင်ထားကြတာတွေ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို တီထွင်စိတ်၊​ တီထွင်တွေးကို တွေးနိုင်ကြတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့အတွက် ရှေ့ဆက်ဖို့ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ သူတို့ အိပ်ကပ်ထဲက မုန့်ဖိုးတွေနဲ့ စိုက်ပြီး အများသုံးနိုင်ဖို့ တီထွန်ဖန်တီးလိုက်ကြပေမယ့် တကယ်တန်း နည်းပညာ ထုတ်ကုန်ဆိုတာ အသစ်အသစ်တွေ ပံ့ပိုးနိုင်မှသာ ကောင်းသထက်ကောင်းအောင် ဆက်လက် တီထွင်နိုင်မှသာ အဆင်ပြေနိုင်မယ့် သဘောရှိပါတယ်။ တစ်ခုတစ်လေ ထုတ်လိုက် ပြီးရင် အိပ်ကပ်ထဲက ပိုက်ဆံတွေ ပါးသွားတဲ့အခါ ရှေ့ဆက်ဖို့ မလွယ်တော့ပါဘူး။

အဲဒီလို တီထွင်ဖန်တီးနိုင်မှု စိတ်ဓာတ်၊​ တီထွင်ဖန်တီးလိုမှု အမြင်တွေ ယှဉ်သန်လာဖို့ဆိုတာ အခြေခံပညာရေးက အများကြီး ပံ့ပိုးဖို့လိုပါတယ်။ အခြေခံပညာရေး စနစ်မှာ မှတ်ဉာဏ်အားကိုး ပုံစံကိုပဲ ရှေ့ဆက်သွားနေမယ်ဆိုရင် တွေးခြင်းကို အခြေပြုရတဲ့ တီထွင်တွေး၊​ တီထွင်စိတ်တွေအတွက် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေဦးမှာပါ။ ဒါပေမယ့် အဲဒီလောက် အားနည်းနေတာတောင် တစ်ခုစ နှစ်ခုစ ထွက်လာသေးတာ တကယ်သာ အားကောင်း ဖွံ့ဖြိုးလာမယ်ဆိုရင် ဒီထက်ပိုပြီး တီထွင်ဖန်တီးနိုင်စွမ်း အပေါ်အခြေခံတဲ့ နည်းပညာ ထုတ်ကုန်တွေ ထွက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခု စောဒက တက်နိုင်တာက မင်းတို့ဟာက တစ်ခု နှစ်ခုနဲ့ အိုင်တီလောက နိုင်ငံအတွက် လောက်လောက်လားလား ဘာတွေ ဖြစ်လာမှာမို့လဲလို့ မေးနိုင်ပါတယ်။

အဲဒီလိုမေးလားမယ်ဆိုရင် လူကြီးမင်းခင်ဗျာ။ လူကြီးမင်းသုံးနေတဲ့ Facebook ကို အများကြီး ထုတ်စရာ လိုပါသလားခင်ဗျာ။ Facebook ဆိုတာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုပြယုဂ် မဟုတ်ဘူးလားခင်ဗျာ။ အဲဒီလို တစ်ခုတစ်လေလောက် ဖြစ်လာတာဟာ Facebook လို နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ တိုးတက်မှု ပြယုဂ် တစ်ခုဖြစ်မလာဘူးလို့ လူကြီးမင်း ပြောနိုင်ပါသလားခင်ဗျာ လို့ ပြန်မေးရမှာ ဖြစ်ပါတယ်။

အဲဒီလို တီထွင်ဖန်တီးနိုင်စွမ်းတွေ အားနည်းနေတာက ကျွန်တော်တို့အတွက် တီထွင်ဖန်တီးမှုဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ တောင်းဆိုစရာတွေကို မတောင်းဆိုနိုင်ပဲ ဖြစ်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။

အိုင်တီနှင့် ပတ်သက်သော ပုံပြင်များမရှိခြင်း

ကျွန်တော် ဒီနေရာမှာ မရှိဘူးလို့ကို ပြောရမယ်ထင်ပါတယ်။ ဥပမာ ’ ရွာတစ်ရွာမှာ အများသုံး ကွန်ပျုတာ အဖြစ် NGO တစ်ခုက လာလှူသွားပါတယ်။ နောက်ထပ် NGO တစ်ခုက အင်တာနက် လာလှူသွားပါတယ်။ နောက်ထပ် NGO တစ်ခုက မီးစက်လာလှူသွားပါတယ်။ ရပ်မိရပ်ဖတွေက အချိန်အကန့်အသတ်လေး တစ်ခုနဲ့ မီးစက်ဆီထည့်ပြီး ရွာက ကလေးတွေကို သုံးစေပါတယ်။ အဲဒီလို သုံးခိုင်းတဲ့အတွက် လူငယ်လေးတစ်ယောက်၊​ ဘွဲ့ရပြီးသား ရွာပြန်ပြီး မိအိုဖအိုများကို ပြုစု စောင့်ရှောက်နေရသူ၊​ သူများတွေလို နိုင်ငံခြားသွားလိုသော်လဲ မိအိုဖအို၊​ မောင်နှမ ငယ်များအတွက် မသွားနိုင် မြို့မှာလဲ မနေနဲ့တဲ့ လူငယ်တစ်ယောက်။ သူက စာဖတ်တော့ ဝါသနာပါတယ်။ ရွာက စာကြည့်တိုက်မှာ တွေ့သမျှစာအုပ်တွေ ဖတ်တယ်။ သူကိုယ်တိုင်က တစ်ခုခုကို တီထွင်လိုစိတ်တွေ အပြည့်ရှိနေတဲ့သူ၊​ အဲဒီလို တီထွင်စိတ်ဆိုတာလဲ ကျောင်းအုပ်ဆရာကြီး ကျေးဇူး၊​ ဆရာကြီးက ပန်ကာ သေးသေးလေးတွေ သူ့ဘာသာလုပ်တယ်၊​ ကျောင်းတက်ခေါင်းလောင်း ကြီးကိုတော့ သူကိုယ်တိုင် တီထွင်ထားတာ ဖြစ်တယ်၊​ ဒီတော့ လူများမတူ ဟိုဟာလုပ်ချင် ဒီဟာ ကလိချင်နေတဲ့ လူငယ်လေးအတွက် ရေငတ်တုန်း ရေတွင်းထဲ ဆိုသလိုပဲ အချိန်ပြည့် ဆရာကြီးနားက မခွာတော့ဘူး။ ဆရာကြီးလုပ်သမျှ လိုက်လုပ် အိမ်မှာ ရေတင်တာတောင် သူများတွေနဲ့ မတူ၊​ သစ်တွေ ဝါးတွေ ခုတ်ပြီး သူ့အလိုလို ရေအားနဲ့ တင်နိုင်အောင် လုပ်ထားတယ်။

နောက်တော့ NGO တွေ ကျေးဇူးနဲ့ ရွာထိပ်က ညောင်ပင်အောက်မှာ ခပ်ကုတ်ကုတ် စာကြည့်တိုက်လေးမှာ ကွန်ပျူတာရောက်လာတယ်။ အင်တာနက်ရောက်လာတယ်။ အဲဒီနေ့ကစလို့ မီးစက်သံ မကြားလိုက်နဲ့ လူငယ်လေး စာကြည့်တိုက်ကို ပြေးပြီ။ ခပ်စုတ်စုတ် အင်တာနက်မှာ တစ်ခုခုပေါ်လာရင် ဟေးဆို ထအောင် လိုက်မှတ်နဲ့ နောက်ဆုံး ရွာမှာ သူစာသင်ပေးနေတဲ့ ကလေးတွေအတွက် သင်ထောက်ကူ Software တစ်ခု တည်ဆောက်မယ်လို့ စိတ်ကူး ရလာပါတယ်။ ခက်တာက ရွာမှာက အဖေနဲ့ အမေနဲ့ လူငယ်ဘာဝ စိတ်လှုပ်ရှားမိ၊ ခံစားမိပြီး ချစ်မိကြိုက်မိ သံယောဇဉ် ငြိမိသူ လုံမေချောကလဲ တစ်ဖက်၊ ဒီတော့ တီထွင်ရေးထက် ဝမ်းရေးက သွက်ပြီး စိတ်ကူးထဲမှာပဲ ပုံဖော်၊​ သူ့ကို တွေ့လိုက်ရင် ဟိုနားခြစ်၊​ ဒီနားခြစ် ကွန်ပျူတာအကြောင်း သိတဲ့ သူငယ်ချင်း ရွာခဏပြန်လာရင် သွားမေး၊​ သူယူလာပေးတဲ့ စာအုပ်လေးတွေ ဖတ် (Myanmar Tutorials က စာတွေလဲ ပါမယ်ထင်ပါတယ်၊​ ဒါက ကြော်ငြာဝင်တာ)​ စိတ်ကူးထဲမှာပဲ Software ရေးနေပါတယ်။ ကလေးတွေကိုလဲ စာသင်ပေးရင်း ဒီလိုသင်ပေးရင်၊​ ဒီနေရာမှာ ကွန်ပျူတာသာ သုံးလိုက်ရင် စသည်ဖြင့် အတွေးတွေ၊​ အရေးတွေနဲ့ စိတ်ကူးထဲမှာတင် Software ဆယ်ခုလောက် ရေးနေပါတယ်။

နောက်ဆုံးတော့ အမေဆုံး၊ အဖေဆုံး၊ မောင်နှမ ဘုစုခရုတွေကိုလဲ ဆွေးမျိုးတွေက ခေါ်၊​ ချစ်သူကလဲ သူလို့ အူကြောင်ကြောင်ကောင်ကို တွဲရကောင်းလားဆိုပြီး မိဘတွေက ယောင်္ကျားပေးစား။ အဆွေးတွေကို ထမ်းပိုးပြီး စာရွက်စာအုပ် တစ်ထမ်းတစ်ပိုးနဲ့ မြို့ကို လစ်မယ်ဆိုတော့ ဆရာကြီးက လာခဲ့ပါဦးတဲ့။ ဟိုရောက်တော့ မျက်ရည်တွေ အပြည့်နဲ့ မျက်ဝန်းတွေနဲ့ ဆရာကြီးကိုတွေ့ ငိုချင်ရက်လက်တို့ ဆရာကြီးကို ဖက်၊​ အားရပါးရငို၊​ ဆရာကြီး ဖြေသိမ့်ပြီး ပြောတဲ့စကားတွေက

“ငိုသာငို ငါ့သား၊​ ဝအောင် ကုန်အောင်သာ ငိုလိုက် အဲဒီလို အငိုတွေ အဆွေးတွေကို ဆရာကြီးဆီမှာ ထားခဲ့ ဆရာကြီးက အဲဒီအဆွေးတွေနဲ့ ဒီရွာလေးမှာ လာပြီး ဇာတ်မြုတ်နေတာပဲ။ ဆရာကြီးလို မဖြစ်စေနဲ့။ ဆရာကြီး မင်းကို မှာချင်တဲ့ စကားတစ်ခွန်းကတော့ မင်းသေသေ ကြေကြေ မင်းအခု တီထွင်လိုတဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ မစွန့်လွှတ်နဲ့။ တစ်နေ့နေ့မှာ မင်းလိုချင်တဲ့ အရာကို ရကို ရလိမ့်မယ်လို့ ငါ အာမခံတယ်ဆိုပြီး” မှာပါတယ်။

မြို့ပေါ်ရောက် ဘုန်းကြီးကျောင်းမှာနေ ပညာဒါနမှာ ကွန်ပျူတာ သင်တန်းတွေတက် ဘားကမ့်တွေ Developer Conference တွေတက်၊ နောက်ဆုံးမှာ ဝါသနာတူ အပေါင်းအသင်းတွေနဲ့စုမိပြီး ဘုန်းကြီးကျောင်းက ကွန်ပျူတာမှာ သူဖြစ်ချင်တဲ့ မြန်မာ့ရနံ့သင်းတဲ့ သင်ထောက်ကူ Software တစ်ခုကို တီထွင်ပါတော့တယ်။ ဘုန်းဘုန်းကလဲ သဘောကောင်း မနောကောင်း ကျောင်းမှာတောင် ကွန်ပျူတာတပ် အင်တာနက် တပ်ထားတာဆိုတော့ ဘုန်းကြီးကျောင်းသားလေး မောင်လူငယ် ကွန်ပျူတာကို အပီအပြင် တွယ်နေတာ တွေ့တော့ ပြုံးပြုံးကြီးနဲ့ ကန့်လန့်ကာနောက်ကကြည့်။ ကံဆိုတာ ကောင်းသည် ဆိုးသည်မရှိ အမြဲပြောင်းလဲ တတ်လေ၏ ဆိုတဲ့ အရိုးရဲ့ သီချင်းလေးက နောက်ခံတီးလုံးပေါ့ဗျာ။ (ဒီနေရာမှာ ဇာတ်ညွှန်း တစ်ခုလို အစအဆုံး ရေးပြနေရတာ ကျွန်တော် ဇာတ်လမ်းလေးများ ဗီဒီယိုရိုက်မလားလို့ :P ) ကဲ ခုတော့ ကောင်လေးလဲ အလွမ်းတွေကို ကွန်ပျူတာထဲမှာ Social Network ထဲမှာ မြှပ်နှံနိုင်နေပြီပေါ့။

နောက်ဆုံးတော့ သူလိုချင်တဲ့ သင်ထောက်ကူ Software တစ်ခု ဖြစ်သွားတယ်ဆိုပါတော့။ ရှေ့ဆက်ပြီး ဘယ်လို ဇာတ်လမ်းတွေ ဖြစ်မယ်။ ဘာတွေ ဖြစ်လာမယ်ဆိုတာကို ကျွန်တော် နောက်တစ်ခု ဆက်ရေးမယ့် နည်းပညာ နောက်ခံဝတ္ထုမှာ ဆက်ဖတ်ပါလို့ … :P

အဲဒီလို ပုံပြင်မျိုး ဘယ်နှစ်ခုလောက် ဖတ်ဖူးပါသလဲ။ အဲဒီလို နည်းပါးနေခြင်းဟာလဲ ကျွန်တော်တို့ လွှတ်တော်မှာ လူကြီးမင်းများအတွက် ပြောစရာတွေ မရှိတဲ့ အနေအထားကို ရောက်သွားစေပါတယ်။ တစ်ခြား ဝန်ထမ်းရေးရာများ၊​ ကုန်ဈေးနှုန်း စသည်ဖြင့် ကိစ္စတိုင်းဟာ ပုံပြင်တွေ ပြည့်နှက်နေပါတယ်။ ဒီတော့ လောက်လောက်လားလား ပုံပြင်တွေ ဖန်တီးမှသာ ကျွန်တော်တို့ ရင်တွေနဲ့ နီးလာမှာ ဖြစ်ပြီး ကျွန်တော်တို့ လိုချင်တာတွေကို သိလာမှာ ဖြစ်ပါတယ်။ အဲဒီလို ပုံပြင်တွေ စာစောင်တွေ​ မဂ္ဂဇင်းတွေမှာ ရုပ်ရှင်၊​ ဗီဒီယိုတွေမှာ ပြည့်နှက်လာမယ်ဆိုရင် ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ပိုများလာပါလိမ့်မယ်။ အဲဒီအပြင် အဖြေရှာရခက်နေတဲ့ လူကြီးမင်းများအတွက်လဲ သိစရာ မြင်စရာတွေ တိုးလာလိမ့်မယ်လို့ ကျွန်တောင် ထင်ပါတယ်ခင်ဗျ။

နောက် ပုံပြင်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နည်းပညာ နယ်ပယ်မှာ Tragic Story ဆိုတာ မရှိတဲ့ အနေအထားကလဲ နည်းပညာ နယ်ပယ်ရဲ့ ပုံပြင်တွေအတွက် အားနည်းချက်တွေ ဖြစ်နေပါတယ်။ ဥပမာ – သူက နည်းပညာ ထုတ်ကုန်တစ်ခုကို ဖန်တီးလိုက်တယ်။ အဲဒီလို လောက်လောက်လားလား ဖြစ်လာတယ်ဆိုတာနဲ့ ကော်ပိုရေးရှင်းကြီး တစ်ခုက ဒီကောင်လေး အလားအလာ ရှိတယ်ဆိုပြီး သိမ်းသွားမယ်။ သူ့ နည်းပညာထုတ်ကုန်လဲ တစ်ခါတည်း သေသွားမယ်ဆိုရင် နည်းပညာထုတ်ကုန်အတွက် Tragic Story (ဝမ်းနည်းစရာ ပုံပြင်) လို့ မှတ်ရမှာ ဖြစ်ပြီး ကောင်လေးအတွက်ကတော့ Success Stroy (အောင်မြင်မှု ပုံပြင်) လား ဝမ်းနည်းစရာ ပုံပြင်လား ဘာမှန်းကို မသိတော့ပါဘူး။ ဒါကြောင့် ကျွန်တော် အပေါ်မှာ ကျွန်တော် ပြောခဲ့တာပါ။ ကော်ပိုရေးရှင်းကြီးများရဲ့ လိုအပ်ချက်နဲ့ တစ်ဦးခြင်း တစ်ယောက်ခြင်းစီ အိုင်တီ အပေါ်မှာ လိုအပ်ချက် မတူဘူးလို့။

အိုင်တီနှင့် ပတ်သက်ပြီး ပြည်တွင်းမှာရော နိုင်ငံတကာ အနေနဲ့ပါ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် မနီးစပ်မှု

ကျွန်တော်တို့ အိုင်တီအတွက် သီးသန့်တောင်းမယ်ဆိုတော့ သူများတွေ၊ ဥပမာ အိမ်နီးချင်းနိုင်ငံတွေ ဘယ်လိုလုပ်နေတယ် ဆိုတာတွေကို လေ့လာဖို့ အင်မတန်ခက်တဲ့ အနေအထား ဖြစ်ပါတယ်။ ဥပဒေတွေကို လေ့လာလို့ရတယ်ထား နောက်ကွယ်က ပုံပြင်တွေကို သိဖို့ကတော့ ပိုပြီး ခက်ခဲနေပါတယ်။ သူတို့ဆီမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေ တရားစွဲသွားတယ်၊​ ဘယ်လို တရား စီရင်သွားတယ် ဆိုတာတွေကို သိနိုင်စွမ်း ကျွန်တော်တို့မှာ မရှိပါဘူး။ နိုင်ငံတွင်းဆိုင်ရာ ကိစ္စတွေ ဖြစ်တာနဲ့အညီ သူတို့ နိုင်ငံ ဘာသာစကားနဲ့ ရေးထားမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ လက်လှမ်း မမှီသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါပေမယ့် အဲဒီကိစ္စတွေက နီးစပ်ရာအလိုက် အကူအညီပေးကြမယ်ဆိုရင် ကျွန်တော်တို့ အတွက် အဆင်ပြေလာမယ် ထင်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ တစ်ခါတည်း ဖိတ်ခေါ်လိုပါတယ်။ ကျွန်တော်တို့ကို အဲဒီလို စာတွေ၊​ အဲဒီလို Resources  တွေ ပေးကြပါလို့။ ကျွန်တော်တို့ ကိုယ့်နိုင်ငံမှာ ဖြစ်လာစေဖို့ ပုံဖော်တဲ့ နေရာမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ အိုင်တီဖက်မှာ ဥပဒေတွေဟာ ကျွန်တော်တို့အတွက် သီးသန့် ပြဌာန်းပေးထားတာ မဟုတ်ပါဘူး။ တစ်ခါက အကိုလိုခင်ရတဲ့ ကိုဇော်ထွဋ်နဲ့ ပြောဖြစ်တော့ သူက Software ကို ဒီအတိုင်းရောင်းလို့ မရလို့ စာအုပ်လေးနဲ့ တွဲရောင်းပါတယ်လို့ ဆိုပါတယ်။ စာအုပ်ကို မှတ်ပုံတင်ပြီး မူပိုင်ခွင့်လုပ်နိုင်ပေမယ့် Software ကိုတော့ လုပ်လို့ မရဘူးလို့ဆိုပါတယ်။ တကယ်တော့ Software ဆိုတာ စာအုပ်လိုပဲ မူပိုင်ခွင့်ရှိတဲ့ ပစ္စည်းသာလျှင် ဖြစ်ပါတယ်။ ကျွန်တော်တို့ မှတ်ပုံတင်လို့ ရရပါမယ်။ ပိုင်ခွင့်ကို သတ်မှတ်နိုင်ရပါမယ်။ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ စာတစ်ကြောင်းကို ထုတ်နှုတ်ပြရမယ်ဆိုရင်

နိုင်ငံသား၊​ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုတဲ့ အခန်းက အပိုဒ်ခွဲ ၃၄၉ မှာ

နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်းများ ရရှိစေရမည် -

  1. ပြည့်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊
  2. အလုပ်လုပ်ကိုင်မှု၊
  3. ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု၊
  4. စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊
  5. အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊
  6. ဝိဇ္ဇာပညာ၊​ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု။

ဆိုတဲ့ စာသားများအရ နောက်ဆုံး အမှတ်စဉ် (၆)​ မှာပါတဲ့ နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု ဆိုတဲ့ အပိုင်းဟာ ကျွန်တော်တို့ နည်းပညာ တီထွင်ဖန်တီးမှုအပိုင်းလဲ ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။ တူညီသော အခွင့်အလမ်းများ ရရှိစေရပါမယ်။ နောက်ပြီး အပိုဒ်ခွဲ ၃၆၆ မှာ

နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့် အညီ -

  1. ပညာသင်ကြားပိုင်ခွင့် ရှိသည်၊
  2. ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ  အခြေခံပညာများကို သင်ကြားရမည်၊
  3. သိပ္ပံပညာ စူးစမ်းရှာဖွေမှု၊ စာပေနှင့် အနုပညာခေတ်မှီတိုးတက်စေရန် တီထွင် ကြံဆဖော်ထုတ် ရေးသားမှုနှင့် ယဉ်ကျေးမှု ကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြု  ဖော်ထုတ် ဆောင်ရွက်နိုင်ခွင့် ရှိသည်။

လို့ဆိုထားပါတယ်။ အဲဒီလို နေရာမှာလဲ ကျွန်တော်တို့ နည်းပညာကဏ္ဍ အနေနဲ့ တစ်စိတ်တစ်ပိုင်း ပါဝင် ပတ်သက်နေတယ်ဆိုတာ အားလုံးအသိပါ။

နောက်ဆုံး တစ်ပိုဒ်ကတော့ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။

ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း၊​ တည်ဆဲ ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေး ကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊​ သုံးစွဲခွင့်နှင့် ကိုင်ပိုင်တီထွင်ခွင့်၊​ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။

လို့ဆိုထားပါတယ်။ အဲဒီနေရာမှာ တစ်ခြား ကုန်ပစ္စည်းများဆိုင်ရာ ပိုင်ဆိုင်ခွင့်၊​ သုံးစွဲခွင့်နဲ့ ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တွေအတွက် ဥပဒေတွေ ရှိပြီး ဖြစ်ပေမယ့် ကျွန်တော်တို့ အိုင်တီအတွက် သီးသီးသန့်သန့် မရှိသေးတာကို တောင်းဆိုဖို့ လိုအပ်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အခြေမှာ ခံထားတာပါ။ အဲဒီလို အခြေခံတွေကနေ တစ်ဆင့် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးအကြံပြုမှသာ တကယ်လုပ်ကိုင် ဆောင်ရွက်လို့ရတဲ့ ဥပဒေဆိုတာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အိုင်တီ အခန်းကဏ္ဍအတွက် အိုင်တီသမား တစ်ယောက်ခြင်းစီ အနေနဲ့ရော ကော်ပိုရေးရှင်းများ အနေနဲ့ပါ တောင်းဆိုသင့် တောင်းဆိုအပ်တာတွေကို တောင်းဆိုမှသာ ဥပဒေတွေဆိုတာ ဖြစ်လာမယ်လို့ ကျွန်တော် ယူဆပါတယ်။

ဆက်ပါဦးမယ် ….

Facebook comments:

One Response

  1. Clicker says:

    အော်.. ကျွန်တော့်မှာလည်း အင်တာနက်သုံးလာတာ နှစ်ချို့နေပြီ၊ နွားခြေရာခွက်ထဲက ဖားသူငယ်လို အမြင်မကျယ်ပုံများ အင်တာနက်သုံးရင် ကြုဖို့၊ ချက်ဖို့၊ ဆော့ဖ်ဝဲလ်တွေကလိဖို့ ဒေါင်းလုတ်ဆွဲတာလောက်ကိုပဲ တော်တော်လေး ပေါက်ပေါက်မြောက်မြောက်ရှိပြီမှတ်နေတာ….. ဒီလိုဗဟုသုတ၊ အတွေးအမြင်သစ်တွေကိုတော့ အခုမှ မျက်စိလည်ရင်းရောက်လာလို့ဖတ်ရတယ်…. အစ်ကိုရေ့
    ကျေးဇူးပါ…

Leave a comment


*