TEDxYouth@Yangon
Message: TEDဆိုတာ
TED ဆိုတာက နှစ်တိုင်းပုံမှန် တွေ့ဆုံဟောပြောပွဲတွေ လုပ်လေ့ရှိတဲ့ အကျိုးအမြတ်အတွက် မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ အဓိကကတော့ လူတွေကြားမှာ ပျံ့နှံ့သင့်တဲ့ စိတ်ကူး စိတ်သန်းတွေကို အဓိကထားပြီး ပြောကြတာ ဖြစ်ပါတယ်။ မတူညီတဲ့ နောက်ခံနယ်ပယ်တွေက လူတွေက သူတို့ရဲ့ စိတ်ကူးတွေ၊ လုပ်ဆောင်ထားတဲ့ စီမံကိန်းတွေ၊ အသစ်ဖန်တီးထားတဲ့ နည်းပညာတွေ အကြောင်းကို အချိန်တိုအတွင်းမှာ မျှဝေပြောကြား ပေးကြတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နှစ်တိုင်းလုပ်လေ့ရှိပြီး စကားပြော ပေးသူတွေထဲမှာ ဘီ(လ်)ဂိတ်၊ စတိ(ဗ်)ဂျော့(ဘ်)နဲ့ ဂျေ၊ ကေ၊ ရိုးလင်းတို့လို အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေပါ ပါဝင်ပါတယ်။ ပြောချိန်က တစ်ယောက်ကို အနည်းဆုံး ရမိနစ်လောက်ကနေ အများဆုံး နာရီဝက်အထိပဲ ကြာတတ်ပါတယ်။ အချိန်တိုအတွင်းမှာ နားထောင်တဲ့ ပရိသတ်တွေကို ထိရောက်တဲ့ အတွေးအခေါ်၊ အကြံအစည်သစ်၊ အမြင်တစ်ခုခုကို ထည့်ပေးတတ်တာက TEDရဲ့ သဘာဝပဲဖြစ်ပါတယ်။ ဒီပွဲတွေမှာ ပြောသွားတဲ့ စကားပြောတွေကို ဗီဒီယိုရိုက်ပြီး www.ted.comမှာ တင်ပါတယ်။ ဝင်ကြည့်သူ သန်းနဲ့ချီရှိပါတယ်။ တစ်ခုရှိတာက အဲဒီပွဲတွေကို တက်ဖို့ လက်မှတ်က အတော်လေး ဈေးများတာကြောင့် ပုံမှန်ဆိုရင် လူတိုင်း မတက်ရောက်နိုင်ပါဘူး။ အဲဒါကြောင့် TEDက ကိုယ့်ပြည်တွင်းမှာလုပ်ဖို့ TEDxဆိုပြီး ခွင့်ပြုလာတာ ဖြစ်ပါတယ်။
TEDx
TEDxဆိုတာက TEDရဲ့ အနှစ်သာရအတိုင်း ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ပိုင်စီစဉ်ပြီး လုပ်တတ်ကြတဲ့ ပွဲလေးတွေဖြစ်ပါတယ်။ xက independently organised TED event (အမှီအခိုကင်းစွာ စီစဉ်ပြုလုပ်သောTEDပွဲ) ကို ကိုယ်စားပြုပါတယ်။ TEDxပွဲတွေမှာ TED.comက ဗီဒီယိုတွေကိုလည်း ဖွင့်ပြလို့ရသလို ကိုယ့်ပြည်တွင်းက မတူညီတဲ့ နယ်ပယ်တွေမှာ အောင်မြင်နေတဲ့ သူတွေကိုလည်း ဖိတ်ကြားပြီး စကားပြောပေးဖို့ တောင်းဆိုလို့ ရပါတယ်။ အဲဒီလို TEDxပွဲကို ပြုလုပ်ဖို့အတွက် စီစဉ်သူတွေက TEDရဲ့ခွင့်ပြုချက်ကို ရယူဖို့လိုပြီး သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း လိုက်နာ ဆောင်ရွက်ရပါတယ်။ ကိုယ့်ပွဲ ကျင်းပပြီးသွားတဲ့ အချိန်မှာ ပြည်တွင်း စကားပြောသူတွေရဲ့ ဗီဒီယိုတွေကို သူတို့ဆီ ပြန်ပို့ပေးရပြီး လူသန်းနဲ့ ချီကြည့်တဲ့ TED.comမှာ တင်ပေး တတ်ပါတယ်။ TEDx မှာ အမျိုးအစား သုံးခုရှိပါတယ်။ ပုံမှန်၊ လူငယ်နဲ့ အသင်းအဖွဲ့ ဖြစ်ပါတယ်။ ပုံမှန်ပွဲတွေမှာ ဘယ်သူမဆို တက်လို့ရပြီး လူငယ်ပွဲတွေမှာက လူငယ်တွေကို ဦးတည်တဲ့ ပြောကြားချက်တွေကို ထည့်သွင်း ပေးရပါတယ်။ အသင်းအဖွဲ့ တွေမှာတော့ သူတို့ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လုပ်ငန်းတွေရဲ့ အသင်းဝင်တွေ၊ ဝန်ထမ်းတွေပဲ တက်ရောက်ကြတဲ့ ပွဲတွေ ဖြစ်ပါတယ်။ TEDxပွဲတွေကို နာမည်ပေးတဲ့ နေရာမှာ မြို့နာမည်ကို အဓိကထား ပေးရပါတယ်။ ဒါမှမဟုတ် နေရာနာမည်တွေ ပေးရပါတယ်။ ပုံမှန်ပွဲတွေကို TEDxSingapore, TEDxThames, TEDxTokyo စသဖြင့် ပေးကြပါတယ်။ လူငယ်ပွဲတွေဆိုရင် TEDxYouth@Singapore, TEDxYouth@KL ဆိုပြီး ပေးကြပါတယ်။
TEDxYouth@Yangon
TEDxYouth@Yangon ဆိုတာက မြန်မာပြည်မှာ ပထမဦးဆုံး TEDx ပွဲပဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကျင်ပပြီး လူငယ်တွေအတွက် ရည်ရွယ်တဲ့ ပွဲဖြစ်လို့ TEDxYouth@Yangonလို့ နာမည်ယူထားတာပါ။ မတူညီတဲ့ နယ်ပယ်တွေက စကားပြောသူ ငါးယောက် တက်ရောက်မှာဖြစ်ပြီး TED.comက စိတ်ဝင်စားစရာ ဗီဒီယိုလေးခု ကိုလည်း ဖွင့်ပြမှာပါ။ ရပ်ဝေးမြေခြား မြန်မာလူငယ်များ(Young Myanmar Abroad Association, YMAA)က စီစဉ်ကျင်းပတဲ့ ဒီပွဲလေးကို စိတ်ပါဝင်စားသူ လူငယ်တစ်ရာ တက်ရောက်နိုင်ပါတယ်။ တစ်ရာလို့ သတ်မှတ်ထားချက်ကလည်း TEDရဲ့ စည်းကမ်းအရပါ။ Myanmar Airways International (MAI)က တစ်ဦးတည်း ထောက်ပံ့ ပေးထားပြီးတော့ လာမယ့် ဒီဇင်ဘာလ၊ ၂၆ရက်နေ့၊ နေ့လည် တစ်နာရီကနေ ညနေငါးနာရီအထိ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းက UMFCCIမှာ ကျင်းပမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူတွေက http://goo.gl/IMvF7 ဒီနေရာမှာ မှတ်ပုံတင် ပေးလို့ရပါတယ်။ ဝင်ကြေးက အကုန်လုံးအတွက် အခမဲ့ဖြစ်ပြီးတော့ လူဦးရေ ကန့်သတ်ထားရလို့သာ မှတ်ပုံတင်ခိုင်းတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်လျှောက်တဲ့သူကို အရင်ရွေးတာမျိုး မဟုတ်ဘဲ ဒီပွဲကို တက်ရောက်ချင်တဲ့ စိတ်အား ထက်သန်မှုကိုသာ ကြည့်ပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူတွေ ကိုလည်း ဒီသတင်းလေး မျှဝေ ပေးလို့ရပါတယ်။ အသေးစိတ်သိချင်ရင် ymaainfo@gmail.com ကို ဆက်သွယ်လို့ ရပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။
Facebook comments:



Thank you!..I just share it on my site!..
ဒီလို သတင်းမျိုး Online မတက်ဘဲ သိနိုင်အောင်လုပ်ပေးရင် ကောင်းမယ်..
ကြုံတောင့်ကြုံခဲပွဲမျိုးရဲ့ သတင်းကို ဒီနေ့မှတွေ့တော့ လွတ်သွားပြီ
Video ကော ဘယ်ကရမလဲမသိဘူးခင်ဗျ?
ကျွန်တော်တော့ ရောက်ဖြစ်တယ်ဗျ၊ တော်တော်လေးကို ကောင်းတယ်ဗျာ၊ စီစဉ်သူတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ အဲဒီ event အကြောင်းကို ကျွန်တော် ရေးဦးမယ်ဗျ
ဟုတ်ပါ့ဗျာ.. ဒီနေ့ မှပဲ တွေ့ တော့တယ် . ymaainfo@gmail.com ကို invite ပြီး နောက် ပွဲတွေရှိလို့ Alert လုပ်ပေးရင် ကောင်းမယ်နော်.. ကိုသီဟရေ.. အဲ့ဒီ Event အကြောင်းလေး.. စောင့်မျှော်နေပါ့မယ်.. .။
ကျွန်တော်လည်း ဒီ Event နဲ့ ပတ်သက်ပြီး နားလည်မှုလေးတွေ လွဲသွားတဲ့အတွက် Event တင်တာ နောက်ကျသွားတယ်ဗျာ