My-Collections Software
အားလုံးဘဲမင်္ဂလာပါ…။
ဟိုတစ်ခေါက် ရွှေရိုးတုန်းက ကျွန်တော်ပြောခဲ့တဲ့ Project လေးကတော့အခုရေးလို့ပြီးသွားပါပြီ။
အဲ့ဒါကဘာလဲဆိုတော့ ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေကိုတတ်နိုင်သလောက်ဖြေရှင်းနိုင်တဲ့ Software လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
နာမည်ကတော့ My-Collections လို့ပေးထားပါတယ်။
.Net Framework 4.0 နဲ့ရေးထားတဲ့အတွက်ကြောင့် .Net Framework 4.0 တော့လိုပါတယ်။
မရှိဘူးဆိုရင် အောက်ကလင့်တွေမှာဒေါင်းနိုင်ပါတယ်။
http://www.softpedia.com/get/Others/Signatures-Updates/NET-Framework.shtml
http://msdn.microsoft.com/en-us/netframework/aa569263
My-Collections Version 1.1 ဆိုတာက ဒုတိယထုတ်တာမဟုတ်ပါဘူး။
ကျွန်တော်က Product ထုတ်ရင် 1.1 ကနေစလို့ပါ။
သူကဘာအတွက်လဲဆိုတော့ အဓိကက Developers တွေအတွက်လို့ဆိုလို့ရပါတယ်။
တစ်ခါတစ်လေ ကျွန်တော်တို့တွေအတွက် Codes Segments တွေကများပြားလွန်းတဲ့အတွက် လူသားတွေဖြစ်တဲ့ကျွန်တော်တို့တွေက အားလုံးကိုအချိန်ပြည့်မှတ်မိနေဖို့ဆိုတာကမလွယ်ပါဘူး။
တစ်ချို့အသုံးများတဲ့ အကြောင်းအရာတွေမှသာ မှတ်မိနေတတ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့မေ့သွားတဲ့ Codes တွေကို တစ်ချိန်မှာပြန်လိုချင်လို့ပြန်ရှာချင်တယ်ဆိုရင် ဘယ်နေရာကသွားရှာရမှန်းမသိတော့ပါဘူး။
ကိုယ့်ဆရာတို့တော့မသိဘူး..ကျွန်တော်ကတော့ မှတ်ရတာတွေများလွန်းလာရင် မေ့မေ့သွားတဲ့အခါကျရင် ကိုယ်မှတ်ထားတဲ့ Codes တွေကကိုယ့်စက်ထဲမှာဘယ်နေရာမှာရှိလဲဆိုတာကို လိုက်လိုက်ရှာရတာ အမောဘဲ။
တွေ့သွားတာအကြောင်းမဟုတ်ပါဘူး..မတွေ့တော့ဘူးဆိုရင်တော့ သွားပြီ..အင်တာနက်ပေါ်ကိုတက်ရှာရပြီ။
အဲ့ဒီတော့ ကျွန်တော်စဉ်းစားမိတာလေးတစ်ခုရှိတယ်…ဘာလဲဆိုတော့ အဲ့ဒီအသုံးများတဲ့ Codes လေးတွေကို စုစုစည်းစည်း လုပ်ပေးနိုင်မဲ့ Program လေးဘာလေးများမရှိဘူးလားဆိုပြီးတော့…။
လိုက်ရှာကြည့်တော့ တွေ့တာတော့တွေ့တယ်..ဒါပေမဲ့ မကြိုက်တာတွေကများနေတယ်…။
ဆရာသီဟ ကလည်း သူ့ Mac မှာသုံးနေတဲ့ Codes မှတ်တဲ့ဟာလေးကိုပြပြီးတော့ မင်းအဲ့ဒီလိုရေးပါလားဆိုပြီး အကြံပေးတာနဲ့..ကျွန်တော်တွေးနေတာနဲ့အကိုက်ဖြစ်သွားတာနဲ့..ရေးလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ဒီ Software လေးက Codes လေးကိုမှတ်ထားပေးနိုင်တဲ့ Software လေးဖြစ်ပါတယ်။
ရေးတုန်းက ဘယ်လိုရေးရမလဲဆိုတာကို သိပေမဲ့… ပြဿနာက Syntax Highlighting ဘဲ။
သူ့ကိုဘယ်လိုလုပ်ရမလဲဆိုတာမသိဘူး။
သာမန် Codes လေးတွေရေးပြီးတော့ မှတ်ထားတဲ့ ကိစ္စက ကျွန်တော့်အတွက် ဘာမှမခက်ပေမဲ့.. Color ခြယ်ဖို့ကျတော့ မသိတော့ဘူး။
အဲ့ဒါနဲ့ အရောင်လေးတွေကိုနောက်မှချယ်မယ်ဆိုပြီးတော့ အရင်ဆုံး Logic တွေနဲ့ အရာတွေကိုဘဲရေးလိုက်တယ်…အဲ့ဒါရေးတာ နှစ်ပတ်ကြာတယ်..။
အားလုံးပြီးဖို့ကတော့ တစ်လကြာတယ်။
ရေးပြီးတော့ Color ထည့်မယ်ဆိုတော့ လိုက်ရှာတဲ့အခါမှာ နှစ်မျိုးသွားတွေ့တယ်…။
ကိုသန့်သက်ခင်ဇော် (KeyMagic) ပြောတဲ့ ScintillaNet နဲ့…နောက်ကျွန်တော်ရှာကြည့်တဲ့ ICSharp TextEditor ဆိုပြီးတော့ နှစ်မျိုးသွားတွေ့တယ်…။
ပထမက ScintillaNet သုံးကြည့်တယ်…မကြိုက်ဘူး။
အဲ့ဒါနဲ့ ICSharp TextEditor သုံးကြည့်တော့ ပိုဆိုးသွားတယ်…အဓိက ပြဿနာက မြန်မာဖောင့်ဘဲ။
မြန်မာဖောင့်က ဘယ်လိုမှထည့်လို့မရဘူး။
ScintillaNet ကိုပြောင်းသုံးမယ်လုပ်လိုက်တော့ လည်း မြန်မာဖောင့်ဘဲ..ပြဿနာတက်တာ။
နောက်ဆုံးတော့လည်း ScintillaNet ကိုဘဲသုံးလိုက်တော့တယ်။
အဲ့ဒါနဲ့ သူနဲ့ပက်သက်တဲ့ Documentation တွေလိုက်ရှာဖတ်လိုက်တော့မှအဆင်ပြေသွားတယ်။
အဲ့ဒီ ScintillaNet ကိုအကြံပေးတဲ့ ကိုသန့်သက်ခင်ဇော်ကို အထူးကျေးဇူးတင်ပါတယ်။
မရဘူးဆိုတာ မရှိဘူးဆိုတာနဲ့… နောက်ဆုံးတော့ မြန်မာဖောင့်တွေပါရသွားတယ်။
အမှန်အတိုင်ပြောရရင် Color ထည့်တာမခက်ပေမဲ့ မြန်မာဖောင့် အတွက်ကနည်းနည်းတော့ ခေါင်းစားပါတယ်။
ဒါကြောင့် ကျွန်တော့် Software လေးမှာ ကိုယ်မှတ်ထားတဲ့ Codes လေးတွေရဲ့အမျိုးအစားအလိုက် Syntax Highlighting လုပ်ပေးပါလိမ့်မယ်။
ရှိသမျှ Language တွေအားလုံးတော့မဟုတ်ပါဘူး။
ကျွန်တော်တို့ အသုံးများတဲ့ 13 ခုလောက်တော့ လုပ်ပေးပါလိမ့်မယ်။
အခု Software လေးက Codes လေးတွေတင်မဟုတ်ပါဘူး။
တစ်ခါတစ်လေ ကျွန်တော်တို့ အင်တာနက်သုံးရင်းနဲ့ ကိုယ့်အတွက် အရေးကြီးတဲ့လင့်ခ် လေးတွေတွေ့ရင် လည်း ကူးပြီးတော့ Notepad နဲ့ဖြစ်ဖြစ် မှတ်ထားကြပါတယ်။
အချိန်ကြာလာလို့ပြန်ရှာချင်တဲ့အခါရောက်ရင် အဲ့ဒီဖိုင်က ဘယ်လိုမှပြန်ရှာလို့မရတဲ့အခြေအနေမျိုးတွေ ကြုံရတာကိုလည်း ကျွန်တော့် Software လေးကကူညီဆောင်ရွက်ပေးပါလိမ့်မယ်။
အဲ့ဒီလိုဘဲ Websites,Notes,Personal Detail,Diary တွေကိုလည်း မှတ်သားထားနိုင်ပါတယ်။
သူကတော့ အရောင်လေးတွေတော့မပါဘူးပေါ့ဗျာ။
သူ့ကိုမှတ်မယ်ဆိုရင် မြန်မာ လိုပါမှတ်လို့ရအောင်လုပ်ပေးထားပါတယ်။
မြန်မာလိုမှတ်မယ်ဆိုရင်တော့ မြန်မာ ယူနီကုတ် နဲ့မှတ်ရမှာဖြစ်ပါတယ်။
ဖောင့်ကိုတော့ ကျွန်တော် Myanmar3 ကိုသုံးထားပါတယ်။
မြန်မာ ယူနီကုတ် အတွက်ကတော့ KeyMagic နဲ့ရိုက်ရင်လည်းအဆင်ပြေပါတယ်။
တခြား Keyboard တွေနဲ့ရိုက်ရင်လည်း အဆင်ပြေပါတယ်။
နောက်ပြီးတော့ မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းကိုလည်း ထည့်ထားပါတယ်။
စာလုံးတွေကိုတော့ http://myanmarwords.pikay.org ကနေယူထားပါတယ်။
စာလုံးပေါင်း ၁၅၃၄၀ ရှိပါတယ်။
သူက ဇော်ဂျီနဲ့ရေးထားတာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာ ယူနီကုတ်ကို ပြန်ပြောင်းထားပါတယ်။
နောက်ပြီးတော့ ကိုယ်မှတ်ထားတဲ့ အကြောင်းအရာလေးတွေကို စက်ပျက်သွားလို့ဘဲဖြစ်ဖြစ် Windows ပြန်တင်ရလို့ဘဲဖြစ်ဖြစ် ပျက်သွားခဲ့ရင်တောင် Backup ပြန်လုပ်ပေးနိုင်အောင် စီစဉ်ပေးထားပါတယ်။
အသုံးပြုပုံ အသုံးပြုနည်း များကိုလည်း ကူညီရန် ထဲတွင် ထည့်သွင်းပေးထားပါတယ်။
ဘာကြောင့် မြန်မာလို လုပ်ထားရသလဲဆိုရင် Localization လုပ်ချင်တဲ့အတွက်ကြောင့် မြန်မာလူမျိုးတွေရဲ့စက်ထဲမှာ မြန်မာစာ လေးတွေနဲ့ Software လေးတွေ ရှိနေရင် အကောင်းဆုံး လို့ယူဆတဲ့အတွက်ကြောင့် အားလုံးနီးပါးကို မြန်မာ စာတွေနဲ့ပြုလုပ်ပေးထားပါတယ်။
မြန်မာစာဆိုတော့နားလည် မယ်လို့မျှော်လင့်ပါတယ်။
ဒီ Software လေးဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့သူအားလုံးကို အထူးဘဲကျေးဇူးတင်ပါတယ်။
ထုံးစံအတိုင်း ဒီ Software လေးကလည်း Free ဘဲပေါ့ဗျာ။
ဘာပိုက်ဆံမှ ပေးစရာမလိုပါဘူး။
ကိုယ်တတ်ထားတဲ့ ပညာလေးတွေနဲ့ လူသားတွေကို လှုဒါန်းတာ ကုသိုလ်ယူတာပေါ့။
ကျွန်တော့် Software လေးကိုအသုံးပြုလိုက်လို့ အသုံးပြုသူတွေ အဆင်ပြေသွားတယ်ဆိုရင် ဘဲ ကျွန်တော် ကျေနပ်ပါတယ်။
ဒီ Software လေးရေးလိုက်လို့ ကျွန်တော် ပိုက်ဆံ တပြားမှ မရတဲ့အပြင် ကျွန်တော် ကိုယ်တိုင်ဘဲ ပိုက်ဆံကုန် ခေါင်းစားခံခဲ့ပါတယ်။
နိုင်ငံခြား မှာဆိုရင်တော့ Donations လေးဘာလေး မျှော်လင့်လို့ရသေးတယ်။
မြန်မာနိုင်ငံမှာတော့ မမျှော်လင့်ရဲပါဘူး။
ဂျာနယ်ထဲမှာ ဖော်ပြတဲ့အခါမှာတောင် ကျွန်တော့် နာမည် လေးတစ်လုံးကို တောင် မထည့်ပေးတာမျိုးတွေလည်း ကြုံခဲ့ရပါတယ်။
ဘယ်လောက် ထိတော့ အလကား လုပ်ပေးနိုင်မလဲ မသိဘူး။
ထားလိုက်ပါတော့ ဒါတွေကို….။
ဒီတော့ စမ်းသုံးကြည့်လိုက်ပေါ့ဗျာ…။
အောက်မှာ ဒေါင်းဖို့အတွက် လင့်ခ်လေးတွေ ပေးထားပါတယ်။
Size ကလည်းမကြီးပါဘူး။တစ်ခုမရ တစ်ခုပေါ့။
ဒါတောင် မနည်းကြီးကိုတင်ပေးထားတာ..လိုင်းကလုံး၀ကို ရှယ်ဘဲ
တစ်ပတ်လောက် အချိန်ပေးလိုက်ရတယ်…ဒါလေးတင်ဖို့ကို..။
ဒီလိုမျိုးသာ လိုင်းကဆက်ဆိုးနေရင်တော့ ရှေ့လျှောက် ကျွန်တော်တို့ ကွန်ပြူတာ သမားတွေတိုးတက် အုံးမယ်..မြင်ယောင်တယ်။
ဒါကြောင့် ဒေါင်းလို့ရတဲ့ အစ်ကိုတွေအမတွေက တစ်ခြားနေရာလေးတွေမှာ ပြန်တင်ပေးပါလို့တောင်းဆိုပါတယ်။
ကဲဒီတော့စမ်းကြည့်ုလိုက်ပါဦး။
အဆင်မပြေတာတွေရှိရင် လည်းပြန်ပြော ပေါ့ဗျာ။
အကြံပြုချင်တာတွေရှိရင်လည်း dk92ster@gmail.com ကိုဆက်သွယ်ပြီးတော့ အကောင်းအဆိုး ကိုဝေဖန်ထောက်ပြနိုင်ပါတယ်။
ကြားထဲမှာ Testing အတွက် အချိန်တစ်ပတ်လောက်ပေးပြီးတော့ စမ်းထားပါတယ်။
နောက် ထပ်လာမဲ့ Version တွေမှာတော့ ပိုကောင်းအောင်ကြိုးစားမယ်။
အားလုံးအတွက် အဆင်ပြေအောင် တော့ အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်ပေးထားပါတယ်။
အောက်ကပုံလေးတွေကတော့ Software ရဲ့ပုံလေးတွေပါ။
အဆင်ပြေနိုင်ကြပါစေဗျာ။
Download Links
http://www.mediafire.com/?o785ltkji3pmpci#1
http://hotfile.com/dl/126515611/56e336a/MyCollections_Version_1.1.zip.html
http://www.ziddu.com/download/16027750/MyCollectionsVersion1.1.zip.html
Zaw Min Soe (Initial)
Facebook comments:







How about 64bit Windows?
Hi friend, I want to know the name of database software that you use in software. Can you tell me?
Access 2003
Is’t the same database software you use in dictionary software?
Yes!the same.
Nice softwar
ဒီ post စတင် ကတည်းက ပြောသင့် မသင့် စဉ်းစားနေတာ။ အခု အချိန်ထိ ဘယ်သူမှ ဘာမှ ဝေမဖန်ထားတော့ ပြောတော့မယ်။ windows မရှိတော့ UI design ကို ကြည့်ပြီးပဲ ပြောတော့မယ်။
UI Design က အရမ်းကို ရှုပ်ထွေးတယ်။ အမှန်တိုင်း နေ့စွဲ ဆိုတဲ့ field က ဘယ် developer မှ မလိုအပ်ဘူး။ ဘယ်သူမှ ဘယ်နေ့သုံးကို မှတ်ထားတဲ့ snippet ဆိုပြီး သီးသန့် သိမ်းထားတာ မရှိဘူး။ တကယ်လို့ လိုအပ်ရင်လည်း snippet မှာ ကိုယ့်ဘာသာကိုယ် comment ထည့်ပြီး သိမ်းလိမ့်မယ်။ ဒါကြောင့် Date က မလိုအပ်ပဲ ရှုပ်နေတယ်။
နောက်တချက်က category တွေကို combo box နဲ့ ထားတာ ရေရှည်အတွက် အဆင်မပြေဘူး။ ဘာလို့ လည်းဆိုတော့ category တွေ များလာတဲ့ အခါမှာ combo box က အရမ်းရှည်သွားပြီး ရှာရတာ ခက်ကုန်မယ်။ အဲ့ဒီ အချက်ကို စဉ်းစားသင့်တယ်။ တနည်းပြောရင် snippet နဲ့ category ကို စုစည်းထားလိုက်တာ ပို အဆင်ပြေတယ်။ user အနေနဲ့လည်း ရှာရလွယ်မယ်။ တနည်းပြောရင် Tree View လိုပေါ့။
UI Design မှာ Search box ကို အရမ်း အသားပေးလွန်းသလို ဖြစ်နေတယ်။ ဖြစ်နိုင်ရင် searchbox ကို ဖျောက်ထားပြီး Ctrl+F နှိပ်ပြီးမှ ခေါ်တာ မျိုး ဖြစ်ဖြစ် လုပ်ထားသင့်တယ်။ ဒါမှသာ snippet screen ကို ကျယ်ကျယ်နဲ့ မြင်ရမယ်။ ကိုယ်သိမ်းထားတဲ့ snippet တွေကို category အလိုက် ကြည့်ရတာ ပိုကောင်းလိမ့်မယ်။
Codes ထည့်တဲ့ UI က အလွယ်ပေမယ့် ရှုပ်ထွေးနေတယ်။ ဖျက်တာနဲ့ သိမ်းတာ tab တွေနဲ့ ထားလိုက်တော့ အသုံးပြုသူ အနေနဲ့ မျက်စိလည်သွားနိုင်တယ်။ ထည့်တဲ့ အဆင့်မှာ လက်ရှိ သိမ်းထားတဲ့ code တွေကို ပြဖို့ မလိုလောက်ဘူး။ ဖျက်မှ သာ ပြဖို့လိုလိမ့်မယ်။ အဲ.. code တွေကို ပြတဲ့ အခါမှာ data grid ကြီးနဲ့ ပြတာ ပြန်ကြည့်ရတာ နည်းနည်း မျက်စိနောက်ဖွယ်လို ဖြစ်နေတယ်။ မြင်ကွင်း သေးနေတာကြောင့်လည်း ပါတာပေါ့။ အထူးသဖြင့် snippet ထည့်ဖို့ နေရာကို ဦးစား ပေးမှု နည်းနေသလို ဖြစ်နေတယ်။
အချိန်ရရင်
jcodecollector , snippely တို့ရဲ့ UI ကို လေ့လာကြည့်ပါ။ နောက်ပြီး mac application ဖြစ်တဲ့ snippetsapp.com ရဲ့ UI ကိုလည်း လေ့လာဖို့ အကြံပြုပါတယ်။
application ကိုတော့ windows မရှိတဲ့အတွက်ကြောင့် မသိပါ။ လက်ရှိ mac မှာတော့ snippetsapp ကို အသုံးပြုနေပါတယ်။ ဒါကြောင့် UI Design နဲ့ပတ်သက်ပြီးပဲ ဝေဖန် အကြံပြုသွားပါတယ်။
Thank you for your suggestions.
@စေတန်ဂေါ့
UI Design ကစေတန်ဂေါ့ ပြောသလောက်မရှုပ်ပါဘူး။သူ့ဘာသာသူအဆင်ပြေပါတယ်။
Searchbox ကိုအသားပေးတယ်ထားပါဦး။
သူရဲ့ Program ကရှာတဲ့ Program ဘဲဆိုတော့ အသားပေးထားတယ်ဆိုတာမဆန်းပါဘူး။
Ctrl+F ကိုနှိပ်တယ်ဆိုတာက သုံးတဲ့သူတွေကို မျက်စိလည်စေနိုင်တယ်။
ကျန်တာတော့မပြောတော့ပါဘူး။
နောက်တစ်ခုက သူရဲ့ Program ကို Mac တွေမှာခင်ဗျားတို့သုံးနေတဲ့ Software တွေနဲ့မနှိုင်းယှဉ်သင့်ပါဘူး။
Mac Software တွေက စျေးနဲ့ပေးဝယ်ရသလိုရေးတဲ့သူတွေကလည်း ဆရာတွေပေါင်းပြီးရေးတာပါ။
အခု ရေးထားတဲ့သူက အဲ့ဒီ Mac Software တွေကိုရေးတဲ့သူတွေလို ဆရာ့ဆရာ့ တွေမဟုတ်တဲ့အပြင် စျေးနဲ့လဲမရောင်းဘဲ အလကားပေးပြီးတော့ တစ်ယောက်တည်း စေတနာနဲ့အပင်ပန်းခံပြီးတော့လုပ်ပေးထားတာကို ကျွန်တော်တို့က အားပေးသင့်ပါတယ်။
ကျွန်တော့်အမြင်တော့ ခင်ဗျားပြောတာက ဝေဖန်တာထက်ပိုနေပါတယ်။
ဟုတ်ကဲ့ .. ကို တင့်ထွန်းလွင်
ကျွန်တော့် အနေနဲ့ windows UI နဲ့ဝေးကွာ နေတာ ၁ နှစ်ကျော်နေပါပြီ။ ကျွန်တော်ကတော့ စေတနာ နဲ့ ပြောတာပါ။ program တစ်ခု ကို ရေးတဲ့ အခါမှာ UI Design Concept ကို ထည့်သွင်းစဉ်းစားသင့်တယ်။ တနည်းပြောရရင် ကျွန်တော် ပြောတဲ့ အတိုင်း လုပ်တာ ထက် UI design ကို စနစ်ကျကျ လေး ဖြစ်အောင် ဖန်တီးသင့်ပါတယ်။
မရောင်းပဲနဲ့ အလကားပေးထားတဲ့ jcodecollector , snippely စတာကို လေ့လာကြည့်ပါ။ သူတို့က အကောင်းဆုံး တော့ မဟုတ်ဘူး။ ဒါပေမယ့် သေသပ် ကျစ်လစ်ပါတယ်။ နောက်ပြီး free and opensource application တွေ အများကြီးပါ။ လေ့လာကြည့်ပါ။ ကောင်းမွန်တဲ့ UI Design concept ရှိတဲ့ app တွေ ရှိပါတယ်။ ကျွန်တာ့် အနေနဲ့ ကို ဇော်မင်းကို programmer တစ်ယောက်ထက် ပိုတဲ့ အမြင်တွေ ရစေချင်တယ်။ programmer က code တွေ ရေးနေရသလို user အနေနဲ့ ဘယ်လို အသုံးပြုမှာလည်းဆိုတာကိုလည်း တစ်ခါတည်း စဉ်းစားထားရတယ်။
ကျွန်တော့် ကို ဝေဖန်တယ်ပဲ ပြောပြော မကောင်းဘူးပဲ ပြောပြော program ရေးမယ်။ code ရေးမယ် ဆိုပြီး တဝဲဝဲ လည်လည် မဖြစ်နေသင့်ဘူး။ program တစ်ခုကို ဖန်တီးတဲ့ အခါမှာ user တစ်ယောက်အနေနဲ့ ပထမဆုံး ဘာတွေ လုပ်မလဲ ဆိုတဲ့ အဆင့်တွေ သူ့အလိုလို စဉ်းစားတတ်အောင် အဆင့်ဆင့် လေ့ကျင့် ရတာပါပဲ။
ကျွန်တော့် အလှည့်တုန်းက အဲလိုမျိုး အသိတွေ မရှိခဲ့လို့ နောက်ပိုင်း တော်တော်လေး ဒုက္ခရောက်ခဲ့တယ်။ အခု အချိန်မှာ program ကို free ရေးပေမယ့် နောင်တချိန် စျေးကွက် ထဲကို သွားမယ့် program တွေကိ ရေးမယ့် အခါမှာလည်း အဲဒီလိုမျိုး UI Design စဉ်းစားမှုတွေက ရှိနေသင့်တယ်။ UI Design အရေးကြီးပုံတွေကို နောက်ပိုင်း များများ လုပ်လာလေလေ သဘောပေါက်လာလေလေ ဖြစ်ပါလိမ့်မယ်။
တနည်းပြောရင် အခုအချိန်တည်းက လေ့ကျင့်ထားတာ အကောင်းဆုံးပဲ။ ကျွန်တော် ပြောတာကို ကို တင့်ထွန်းလွင် နားလည်ဖို့ ခက်ခဲ ကောင်းခက်ခဲလိမ့်မယ်။ သို့ပေမယ့် ကို ဇော်မင်း အနေနဲ့ ကောင်းကောင်း နားလည်မယ်လို့တော့ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော် ရေးသွားတဲ့ အထဲမှာ ပုတ်ခတ် အပုတ် ချသွားတာ တစ်ခု မှ မပါပါဘူး။ ကျွန်တော် မြင်တဲ့ အမြင်ကို အမှန်တိုင်း ချရေးသွားတာပါ။ အားလုံးက ဝိုင်း ကောင်းပါတယ် ပြောနေတာထက် ဘယ်နေရာက ဘာပိုကောင်းတယ်။ ဘယ်လိုလည်း ထည့်သင့်တယ်ဆိုတဲ့ အကြံပေးချက် တစ်ခုမှ မတွေ့ရပါဘူး။ အောင်စည်သူကျော် ရဲ့ web ပေါ်အတွက် suggestion က လွဲလို့ ပေါ့။
ကျွန်တော် comment မပေးခင်ကတည်းက ရေးထားပါတယ်။ ကျွန်တော် ရေးဖို့ တော်တော် စဉ်းစားပြီးမှ ရေးလိုက်တာ။ ကျွန်တော် ရေးလိုက်တဲ့ comment အတွက် ကိုဇော်မင်း အနေနဲ့ နားလည်မယ်လို့ ယုံကြည်ပြီး ရေးလိုက်တာပါ။
Thanks to Ko Saturn and ကိုတင့်ထွန်းလွင် For Suggestions.
ကိုစေတန်ပြောတာမှန်ပေမယ့်
သုံးမကြည့်ဘဲဝေဖန်တာဆိုတော့….
Beginner တွေကိုနှိပ်ပြောတဲ့သဘောပါနေတယ်။
ဘယ်ဆော့ဖ်ဝဲမှ စစချင်း perfect ဖြစ်မလာပါဘူး။
အားပေးရင်းနဲ့ဝေဖန်သင့်ပါတယ်။
နောက်ပြီးကိုယ့်မြန်မာတွေကိုအထင်သေးနေသလိုပဲ။
ကိုစေတန်ကအခုဘယ်နိုင်ငံမှာလဲ?
ဟိုက်စွပ်ပါပဲလား။ မြန်မာနိုင်ငံကလူတွေကို အထင်သေးလို့ပြောတဲ့စကားမပါဘူးထင်ပါတယ်ဗျာ။
တကယ်တော့ မြန်မာနိုင်ငံကလူတွေကို နိုင်ငံတကာ အဆင့်အတန်းအညီဖြစ်အောင်
ဆွဲခေါ်နေတာပါ။ ကျွန်တော်ကတော့ ဝေဖန်တာကို နိုမ်တယ်လို့မထင်ဘူး။ ကျွန်တော်ကတော့
များများပိုဝေဖန်စေချင်ပါတယ်။ ကျွန်တော်တို့ တိုးတတ်မှုနောက်ကျနေတာ အဲဒါကြောင့်လို့ထင်ပါတယ်ဗျာ။ ကျွန်တော်တို့က ဝေဖန်တာကို ကိုယ့်ကို တိုက်ခိုက်တယ် ဆိုပြီး ထင်နေကြလို့ပါ။ ဥပမာပြောရရင် လူတွေက တော့ အမျိုးမျိုး ဝေဖန်ကျမှာပဲဗျာ။ အဲဒါကို နိုမ်တယ်ဆိုပြန်ပြောရင် ဝေဖန်တဲ့လူ အကြံပေးတဲ့လူတွေက နောက်တစ်ခါဆို ထပ်ပြီး အကြံပေးတော့မှာမဟုတ်တော့ပါဘူးဗျာ။ ပြီးတော့ ကိုစေတန် ဝေဖန်တယ်ဆိုတာကလည်းဗျာ UI design ကိုပဲ အဓိက ဝေဖန်သွားတာပါ။ UI design က screenshot မှာ တစ်ခါတည်းမြင်နိုင်ပါတယ်ဗျာ။ software တစ်ခုကို market တင်တော့မယ်ဆိုရင် ဒီလို screenshot တွေက ကိုယ့် product တစ်ခုလုံးကို ချုံငုံပြလိုက်ပြီ ဖြစ်ပါတယ်ဗျာ။ ဒါကြောင့် ဒီ screenshot တွေကို ကြည့်ပြီး တကယ် အပြင်မှာ စီးပွားဖြစ်software တွေကို ရေးဖူးတဲ့လူက အလွယ်တကူသိနိုင်ပါတယ်လို့ထင်ပါတယ်။ ဒါကြောင့် ဒီလိုပြန် အကြံပေးနိုင်တယ်လို့ထင်ပါတယ်။ ပြီးတော့ကုန်ကုန်ပြောမယ်ဗျာ အခု ဒီ software က beta version တစ်ခုအနေနဲ့ထုတ်တာမဟုတ်ပါဘူးဗျာ။ ဒါကြောင့် တကယ့် စီးပွားဖြစ်ထုတ်တာဖြစ်ဖြစ် free ပေးတာပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ အဲလို ထုတ်လိုက်ပြီဆိုရင် ဝေဖန်အကြံပေးခံရမှာတော့ ကျိန်းသေပါတယ်ဗျာ။ ဒါကို အကြံပေးတဲ့လူက နိုမ်တယ်လို့ မထင်စေချင်ပါဘူးဗျာ……….
ရှင်းရှင်းပြောရရင် ကျွန်တော်လည်း ဒီကောင်လေးကို မသုံးဘူးဘူဗျ။ ဒါပေမယ့် ဝေဖန်အကြံပေးချင်ပါတယ်။ သို့သော် ဒီလိုပြန်ပြောခံရမယ်ဆိုရင်တော့ မပြောရဲဘူးဗျ။
Bro ,you can suggest on my software.
You are welcome.
မဟုတ်ပါဘူး အစ်ကိုရာ ကျွန်တော် ကနိုင်ငံခြားမှာနေနေတိုင်း ဖင်ခေါင်းကျယ်နေကြတယ်များထင်နေကြတယ်ထင်လို့။ ၀င်ပြောမိတာပါ။ တကယ်တော့ နိုင်ငံခြားမှာနေနေကြတဲ့လူများက အဲလို ကြီးကျယ်ဖို့နေနေသာသာ အနိုမ်ခံဘ၀နဲ့နေနေရတာကို မြန်မာနိုင်ငံလူတွေ သိစေချင်တယ်ဗျာ။ ကိုယ်တွေ့မို့လို့ ၀င်ပြောလိုက်တာပါ။
ဒါနဲ့ ကျွန်တော် အစ်ကို့ software နံမည်ကြီးကတစ်မျိုးကြီးဖြစ်နေလားလို့ အစ်ကို့ software နံမည်ကို ကြည့်လိုက်တာ နဲ့ ဘာမှန်းမသိဘူးဖြစ်နေတယ်။ ဒါက ကျွန်တော့်အမြင်ကိုပြောတာနော်။ ကျွန်တော်က ဆရာလည်းမဟုတ် ဘာလည်းမဟုတ် အခုမှ လေ့လာနေဆဲပါ။ ကျွန်တော်စစမြင်မြင်ချင်းတုန်းကဆို software collections လို့ထင်သွားတာ။ ပြီးတော့ အစ်ကို့ software ရဲ့ main idea ကဘာလဲဆိုတာ ကျွန်တော် မသိဘူးဖြစ်နေတယ်။ အစ်ကို ရေးတာတော့ developer တွေအတွက်လို့ ရေးထားတာတွေ့တယ်။ ဒါဆို အစ်ကို code အတွက် သီးသန့်ရေးလိုက်ရင် ပိုမကောင်းဘူးလား။ code တွေ အတွက်ပဲ specific ဖြစ်လိုက်ရင် ဒါဆို ပိုပြီး လူတွေရဲ့စိတ်၀င်စားခြင်းကို ခံရမယ်ထင်ပါတယ်။ အခုဟာက အစ်ကိုက အားလုံးကို ချုံထားတော့ developer အတွက်ကလည်းနည်းနည်းလောက်ပဲစိတ်၀င်စားချင်ခံရတော့မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် daily ရေးတာတို့ notes ရေးတာတို့ကို သူက မလိုချင်ဘူးလေ သူက ကုဒ်တွေကိုပဲမှတ်ထားချင်တာလေ။ ကုဒ်အတွက်က အရမ်းကို မပြည့်စုံသေးတော့ သူလည်း ဒါကို သုံးမယ်မထင်ဘူး။ ဒါကြောင့် ကိုယ့် product ဟာ ဘယ် user အတွက် ရည်ညွန်းတာကို တစ်ခုတည်းထားရမယ်လို့ထင်ပါတယ်။ ပြီးတော့ ကိုယ်သာသူ့နေရာမှာဆိုရင် ဘယ် feature တွေသုံးမလဲလိုမလဲပေါ့။ ပြီးရင် လက်တွေ့ research လိုက်လုပ်ကြည့်ပြီးထွက်လာတဲ့ အဖြေနဲ့ ကိုယ့် product ကို တည်ဆောက်လိုက်ရင် ပိုကောင်းပြီး productive ဖြစ်တဲ့ ထုတ်ကုန်တစ်ခုရလာမယ်လို့ထင်ပါတယ်။ Beta version အနေနဲ့ထုတ်ပြီး user တွေရဲ့ feedback ကနေပိုကောင်းတဲ့ version တွေထွက်လာမယ်လို့ထင်ပါတယ်။ ဒါကတော့ ကျွန်တော့် ယူဆချက်ပါ။ ကျွန်တော်က အိုင်တီနဲ့ပတ်သက်တာ အခုမှစလုံးရေစပါ။ ဒါပေမယ့် ဈေးရောင်းဖူးတော့ ၀ယ်သူတွေ ဘယ်လို ၀ယ်ချင်လာအောင်လုပ်ရမလဲဆိုတာ သင်ယူရင်း သိလာတဲ့အရာတွေကို ပြန်ဝေမျှပေးတာပါ။
Yes.Bro.
Thanks.
Saturn is saying things which he reads or other UI conceptualist talk about.
Here we are having one “Application Program” which is suppose to do certain tasks to suit user needs.
The problem with interface design is it would be not wise to think or implement application UI design with traditional programs from the idea of Web design,broadly speaking that is. These two areas are still to this day,in different camps at least. As one commenter point out, the purpose of the program is quite transparent to the end user,and overall the design is good,from a point of view of ‘I want this program to do certain things I like to get it done’.
When we take a look at software reviews in tech magazines and online media,usually the reviewers would say a line like “…although the UI could be improved.” ,and that’s about it. Not like ‘Oh this program does not conform to rule number 1 of John Doe’s theory about user interfaces and things like that. For application programs the functionality is the most important thing as far as user are concerned.
This is not blind or random statement but one can see countless examples.
Some of the best freeware tools are just ok UI,too many to list. Also some commercial programs,especially technical kind of software,are very sparse and barebone.(But they cost thousands of dollars if it is to buy and properly licensed.)
In some environment they don’t even have UI at all,command line tools but serve the purpose to full extent.
UI plays important roles and must be taken into consideration in certain area of software development but not all or everywhere. Let’s see now one big sample, Libre Office UI is obviously far away as beautiful as MS Office,but we hear people seldom complain about it because it proves itself with functionality.
စေတန်ဂေါ့ ပြောတော့မှဘဲ ဇော်မင်း ရဲ့ Program UI ကသုံးစားလို့မရတော့လောက်အောင်ဖြစ်သွားပြီ။
အဲ့ဒီလောက်မဟုတ်ပါဘူး။
ဒီ Program ကိုသုံးရတာ အရမ်းကြီးမလှဘူးဆိုတာ မှန်ပေမဲ့ စိတ်ရှုပ်စရာကောင်းလောက်အောင်လည်း မဖြစ်ပါဘူး။
သူ့ဘာသာသူ အားလုံးအဆင်ပြေပါတယ်။
ဒီ Program ကိုသုံးချင်တယ်ဆိုတဲ့သူက အမှန်အတိုင်းပြောရရင် Manual ကိုတောင်ဖတ်စရာမလိုပါဘူး။
လူပိန်းကအစ သုံးလို့ရအောင် အရမ်းကို လွယ်ကူရိုးရှင်းပါတယ်။
အဲ့ဒီလို လွယ်ကူအောင်လည်း တမင်လုပ်ပေးထားပုံရပါတယ်။
ကျွန်တော်တို့လို ဘာမှမဆိုင်တဲ့ဘေးလူတွေတောင် ဒီလိုဝင်ပြောနေမှတော့ ဖန်တီးရှင် ဇော်မင်း ခမျာ ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းသာစာ ကြည့်လိုက်တော့ဗျာ။
ဟုတ်ကဲ့ဗျာ။ အဲဒီ လို ကျွန်တော် မရည်ရွယ်ပါဘူး။ အဲဒီလို သဘော ဖြစ်သွားရင်တော့ ကို ဇော်မင်း ကိုကော အခြားလူတွေ ကို ပါ တောင်းပန်ပါတယ်။ ကျွန်တော် ကိုယ်တိုင်က Mac သုံးတာများသွားပြီး UI ပိုင်းကို အဓိက ဦးစားပေးတာ များသွားတာကြောင့် အမြင်တွေ လွှဲကုန်တာ ဖြစ်ပါလိမ့်မယ်။
အာ…ကိုစေတန်ကလည်း တောင်းပန်စရာမလိုပါဘူးဗျာ…
ရပါတယ်ဗျာ..IT လောကသားအချင်းချင်းတွေဘဲဟာကို…
ကိုစေတန်လည်း ကိုစေတန် အမြင်ရှိသလို ဝေဖန်တာ ကျွန်တော်လက်ခံပါတယ်…
လက်ခံလို့တောင် ကျွန်တော် အပေါ်မှာ ကျေးဇူးတင်ကြောင်းရေးထားတာဘဲ…
ကျွန်တော့်အတွက် အဆင်ပြေပါတယ်ဗျာ…
တောင်းပန်စရာမလိုပါဘူး…ဒီလူနဲ့ ဒီလူကို…။
ကိုစေတန် ဝေဖန်တာလဲ အများပြောသလို. မဆိုးပါဘူး…. သူ.မှာ ဒီ program ကို ဒီထက် သေသပ်သပ်ရပ်ပြီး standard ရှိစေချင်လို. ပြောတယ်ဆိုတာ သူ စာတွေကို ဖတ်ကြည်.ရင် သိသာနေပါတယ်… အလကားပေးတာဘဲဖြစ်ဖြစ် အသေးအမွှားကအစ ပရော်ဖက်ရှင်နယ် ဆန်ဆန်လုပ်ရင် ပိုကောင်းပါတယ်… ကိုဇော်မင်း ပရိုဂရမ်ကို ပရော်ဖက်ရှင်နယ် မဆန်ဘူး ပြောတာမဟုတ်ဘူးနော်. ဒိလိုလုပ်ပေးတဲ.အတွက်လဲ ကျေးဇူးတင်ဂုဏ်ယူမိပါတယ်… နောက်မှ လုပ်မယ်ဆိုရင် မသေချာတော.ဘူး .. နောက်မှဘဲ ဖြစ်တော.မယ်…အချင်းချင်း ဝေဖန်မူ .. လမ်းပြမူတွေ လိုအပ်ပါတယ် … အားပေးနေပါတယ် ကိုဇော်မင်း… နားလည်လက်ခံတတ်တဲ. ကိုဇော်မင်းကိုလဲ လေးစားပါတယ်….
‘ဒီလိုမျိုးသာ လိုင်းကဆက်ဆိုးနေရင်တော့ ရှေ့လျှောက် ကျွန်တော်တို့ ကွန်ပြူတာ သမားတွေတိုးတက် အုံးမယ်..မြင်ယောင်တယ်။’
မှန်ပါ့.. လိုင်းတွေကကောင်းကောင်းနဲ့ ကျနော်တို့တွေအတွက်အရမ်းကသိကအောက်ဖြစ်တာအမှန်ဘဲ။
အစ်ကို့ software လေးကိုကျနော် download မရသေးပါဘူး။ အကောင်းဆုံး (ကျနော်ဖြစ်ချင်နေတာ)
ဒီနိုင်ငံမှာ developer တွေထုတ်တဲ့ software ကိုကောင်းမကောင်းစမ်းသပ်ပေးဖို့ Testing group
လိုမျိုးရှိသင့်တယ်လို့ထင်တယ်။
အပေါ်မှာကျနော်ဖတ်ခဲ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကစေတနာနဲ့ပြောနေကြတာပါပဲ။
ဘယ်သူ့ကိုမှစိတ်မဆိုးသင့်ပါဘူးဗျာ။ တစ်ဖက်က ကောင်းစေချင်လို့လိုအပ်ချက်ကိုပြောပြတာပဲ။
တစ်ဖက်ကလည်း ကောင်းတဲ့အပိုင်း၊ မကောင်းသေးတဲ့အပိုင်းတွေကိုပြောပြရမှာပေါ့။
အဲဒီမှ ဒီ Project လေးက ပြည့်စုံလာမှာပါ။
ဒီလူနဲ့.. ဒီလူတွေပါပဲ။
ကျနော်တို့အချင်းချင်းတည့်မှဖြစ်မှာပါ။ မတည့်ရင် ကယ်မယ့်သူမရှိဘူးလေ. .(ဟုတ်တယ်မလား)
လူနည်းစုလေးရှိတာ။ ကျနော်တို့ချင်းစည်းရုံးမှ အောင်မြင်မှာပါ။
ကျွန်တော် ယူနီကုတ် ပြင်လိုက်ပါပြီ။
အစ်ကိုပြောတာ မှန်တာပေါ့ဗျာ…
လူနည်းစုလေးက လက်တစ်ဆုပ်စာဘဲရှိတာ…
ဒါတောင် တစ်ဝက်လောက်က စင်ကာပူမှာ…
လိုင်းကတော့ 8kb တောင်မတက်ချင်ဘူးဗျာ…
စလုံးမှာ 3MB အသာလေးတဲ့…
စိတ်ပျက်ဖို့ကောင်းလိုက်တာ…
လေးစားပါတယ်ဗျာ…ဂုဏ်လည်းယူပါတယ်…အားလည်းကျပါတယ်…
ဒါမျိုးလေးတွေကိုအခမဲ့သုံးစွဲခွင့်ပေးတဲ့စိတ်ဓါတ်ကိုလည်းချီးကျူးပါတယ်…
လိုအပ်ချက်လေးတွေကိုဝေဖန်ပေးတဲ့အစ်ကိုတွေကိုလည်းစိတ်မဆိုးသင့်ဘူးလို့ထင်ပါတယ်..
အားလုံးစုစုစည်းစည်းနဲ့ရှေ့ကိုချီတက်ကြရင်ကောင်းတာပေါ့ဗျာ…
မြန်မာ application လေးတွေများများရေးနိုင်ကြပါစေဗျာ….
အစ်ကို
ညီဒေါင်းသွားပြီး….
ဒီထက်မက ပိုမိုတိုးတက်ပါစေလို့…